Healthy Life Ad
Health Tips

စောင်းလျားသီး၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အရှေ့တောင်အာရှနိုင်ငံအနှံ့ ပေါက်ရောက်တဲ့ စောင်းလျာသီးကို အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့သစ်သီးလို့ တင်စားခေါ်ဆိုကြပါတယ်။ ဘာကြောင့် စောင်းလျားသီးစားသင့်သလဲဆိုတာရဲ့ အဖြေကို သိလိုသူတွေအတွက် စောင်းလျားသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖော်ပြပေးလိုက်ပါတယ်။

(၁) ချိုလည်းချို၊ ချဉ်လည်းချဉ် အရသာရှိတဲ့ စောင်းလျားသီးတစ်လုံးမှာ ကယ်လိုရီ ၃၃နဲ့ အဆီ ဝဒသမ၄ဂရမ်ထက်မပိုပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက် အဆင်ပြေတဲ့အစာပါ။

(၂) စောင်းလျားရွက်နဲ့ အမြစ်တွေကို ပြုတ်ပြီးရလာတဲ့ အနှစ်ရည်(Juice)ဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ ရေကျောက်ရောဂါနဲ့ ဝက်သက်တို့ရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

(၃) စောင်းလျားရွက်တွေဟာ အရေပြား ယားယံတာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကို သက်သာစေပြီး သွေးထွက်တဲ့ ပြဿနာကို ရပ်တန့်စေနိုင်ပါတယ်။

(၄) စောင်းလျားသီးမှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အစာခြေစနစ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပြီး ဝမ်းချုပ်တဲ့ပြဿနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၅) စောင်းလျားသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် ကြွက်တက်တာ မဖြစ်အောင် ကာကွယ်ပေးကာ ကြွက်သားတစ်သျှူးတွေထဲမှာ သွေးလှည့်ပတ်မှုကောင်းစေပါတယ်။

(၆) စောင်းလျားသီးမှာတန်နင်(Tannin) မြင့်မားစွာပါဝင်တာကြောင့် ဝမ်းလျှောတာကို ကုသပေးနိုင်သလို အူလုပ်ငန်းဆိုင်ရာ ပြဿနာတွေကိုလည်း ထိန်းညှိပေးပါတယ်။

(၇) စောင်းလျားသီးမှာ ကိုလက်စထရောနဲ့ အဆီမပါဝင်ပါဘူး။ ကျန်းမာရေးအတွက်သင့်တော်တဲ့သံဓာတ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ အများအပြား ပါဝင်နေပါတယ်။

(၈) ရင်အေးစေတဲ့အစာအဖြစ် တရုတ်လူမျိုးတွေက ယုံကြည်ထားကြပြီး လည်ချောင်းနာတာနဲ့ အရက်နာကျတာတွေကို သက်သာစေတယ်လို့ ယူဆထားပါတယ်။

(၉) နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေမှာ စောင်းလျားသီးကိုစားပေးရင် နို့ထွက်နှုန်း များစေတယ်လို့ ယူဆထားကြပါတယ်။

(၁၀) စောင်းလျားသီးမှာ အစွမ်းထက်အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ပိုလီဖီနော ပါဝင်မှု များတာကြောင့် နှလုံးသွေးကြောဆိုင်ရာရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

သတိပြုရန်
စောင်းလျားသီးမှာပါတဲ့ အောက်ဇဲလ်လစ် အက်စစ်ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်တဲ့သူ၊ ကျောက်ကပ်ဆေးနေရတဲ့ သူတွေမစားသင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top