Healthy Life Ad
Health Tips

ရွှေဖရုံသီးနှင့် ရွှေဖရုံစေ့၏ အနာကျက်စေသော အစွမ်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ရွှေဖရုံသီးနဲ့ ရွှေဖရုံစေ့မှာ ဗီတာမင်နဲ့ အာဟာရဓာတ် အများအပြားပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်သလို အသားအရေ ချောမွေ့စေကာ လိင်မှုဘဝကို သိသိသာသာ ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွှေဖရုံသီးနဲ့ ရွှေဖရုံစေ့ကို မှီဝဲပေးသင့်ပါတယ်။

ငယ်ရွယ်နုပျိုစေခြင်း

Mayo Clinic ရဲ့လေ့လာမှုအရ ရွှေဖရုံသီးမှာ အိုမင်းမှုကို ဟန့်တားပေးနိုင်တဲ့ အာဟာရဓာတ် ဗီတာမင်အေ အများအပြား ပါဝင်ပြီး အရေပြားဆဲလ်တွေရဲ့ ပြန်လည်သစ်လွင်တဲ့ ဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အသားအရေကို ချောမွေ့နုပျိုကြည့်ကောင်းစေတဲ့ ကော်လာဂျင်ဓာတ်ကို အထွက်တိုးစေပါတယ်။

ကိုယ်အလေးချိန် လျော့ကျခြင်း

လိမ္မော်ရောင် ရွှေဖရုံသီး ဟင်းလျာတစ်ခွက်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျှင်ဓာတ် သုံးဂရမ်နဲ့ ၅၀ ကယ်လိုရီ ပါဝင်ပြီး အဆီဓာတ်ပါဝင်မှု မရှိပါဘူး။ အမျှင်ဓာတ်များစွာပါတဲ့ အစာတွေက အစာချေဖျက်ချိန်ကို ကြန့်ကြာစေတဲ့အတွက် အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်နေစေပါတယ်။

လိင်မှုဘဝ မြှင့်တင်ပေးနိုင်ခြင်း

ရွှေဖရုံစေ့မှာ ဇင့်(သွပ်) ဓာတ် ပါဝင်မှုများပါတယ်။ ရွှေဖရုံစေ့ခွက်ရဲ့ လေးပုံတစ်ပုံပမာဏမှာ တစ်နေ့တာလိုအပ်တဲ့ ဇင့်(သွပ်)ဓာတ် ၁၇ ရာခိုင်နှုန်းနီးပါး ပါဝင်မှုရှိပါတယ်။ အဲဒီဇင့်(သွပ်)ဓာတ်ဟာ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး မျိုးအောင်နိုင်စွမ်းနဲ့ လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေပါတယ်။

ဆီးကျိတ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း

၂၀ ရာစု အစောပိုင်းကာလကတည်းက လူတွေက ဆီးကျိတ်ရောဂါ လက္ခဏာတွေကို ကုသဖို့ ရွှေဖရုံစေ့ကို အသုံးပြုခဲ့ကြပါတယ်။ ရွှေဖရုံစေ့မှာ ဖိုင်တိုစတီရောဒြပ်ပေါင်း ပါဝင်တာကြောင့် ကြီးနေတဲ့ဆီးကျိတ်ကို ကျုံ့သွားစေပါတယ်။ အမျိုးသားတွေအနေနဲ့ တစ်ပတ်မှာသုံးကြိမ် ရွှေဖရုံစေ့ တစ်အောင်စခန့် စားသုံးသင့်ပါတယ်။

သန်ကောင်များကို ကုသနိုင်ခြင်း

ရွှေဖရုံစေ့ဟာ သင့်ကို နာမကျန်းဖြစ်စေနိုင်တဲ့ အူကပ်ပါးပိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အမေရိကန်လူမျိုးတွေက ရွှေဖရုံစေ့ကို အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေ ကုသဖို့အတွက် ရှေးကတည်းက သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ရွှေဖရုံစေ့ကို အာဖရိကတချို့နေရာတွေမှာ သန်ကောင် တုပ်ပြားကောင် ကုသဖို့ သုံးလာကြပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top