Healthy Life Ad
International

လေဖြတ်သွားပြီးနောက် အတိတ်မေ့သွားသည့်အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၅၅နှစ်အရွယ် ပေါ်လင်းဘီရယ်ဟာ လွန်ခဲ့တဲ့ ဇွန်လက လေဖြတ်သွားခဲ့ပါတယ်။ ဆယ်ရက်ကြာပြီးနောက် သတိရလာခဲ့ပေမယ့် အတိတ်မေ့သွားခဲ့ပါတယ်။

အိမ်ထောင်သက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်း အန်ဒရူးအပါအဝင် ကလေးလေးယောက်၊ မြေး ၁၀ ယောက်တို့ကို တစ်ယောက်မှ မှတ်မိခြင်းမရှိတော့ပါဘူး။ အားလပ်ရက်ခရီးထွက်တုန်းကပုံတွေ၊ ကလေးတွေ၊ မြေးတွေရဲ့ဓာတ်ပုံတွေ အများအပြားပြသခဲ့ပေမယ့် တစ်ခုမှမသိတော့ပါဘူး။ ဘာမှမမှတ်မိတာကြောင့် ညတိုင်းငိုနေကြောင်း သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေ ပြန်ရမလားဆိုတာ ဆရာဝန်တွေတောင် အတိအကျမပြောနိုင်ဘဲ ဖြစ်နေပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးဟာ ရှားပါးတာကြောင့် လုံးဝပြန်မမှတ်မိတာမျိုး ဒါမှမဟုတ် နှစ်တွေကြာပြီးမှ ပြန်သတိရတတ်တာမျိုးဖြစ်တတ်ကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

စူပါမားကတ်ဝန်ထမ်းအဖြစ် လုပ်ခဲ့တဲ့ ပေါ်လင်းဟာ အရင်က ဖျားနာတာမျိုးမရှိဘဲ ရုတ်တရက်လေဖြတ်သွားခဲ့တာဖြစ်ပါတယ်။ စကားပြောကုထုံးခံယူခဲ့ရပြီး ၉၅ ရာခိုင်နှုန်းအထိ စကားပြောနိုင်လာခဲ့ကြောင်း သိရပါတယ်။ ဟင်းချက်တာလို ကိစ္စတောင်မမှတ်မိတော့တဲ့ ပေါ်လင်းအတွက် မိသားစု၊ ဆွေမျိုးတွေက ပုံမှန်အသိဉာဏ်ရအောင် အစွမ်းကုန်ပြုစုပေးနေကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top