Healthy Life Ad
Life Style

ကြွက်တက်ခြင်း (Muscle Cramp)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဘာကြောင့် ကြွက်တက်ရပါသလဲ ဆရာ။

ဖြေ. ကြွက်တက်ရတဲ့အကြောင်းရင်းက ကြွက်သားတွေကိုခိုင်းတဲ့ အာရုံကြောတွေက တုံ့ပြန်မှုအရမ်း များသွားလို့ဖြစ်တတ်တာပါ။ အခြေအနေအမျိုးမျိုးတော့ဖြစ်နိုင်ပါတယ်။

(၁) အများဆုံးဖြစ်တာက နားနေတဲ့အချိန်မှာ ကြွက်တက်တာ (Rest Cramp) ရှိပါတယ်။ ဒါမျိုးက အသက်ကြီးလာရင် အဖြစ်များတတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တော့ဖြစ်တတ်ပါတယ်။ ညအချိန်တွေမှာ ဖြစ်တတ်ပါတယ်။ အိပ်ရာနိုးခါနီးမှာ ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ် မရှိပါဘူး။ ဒါပေမဲ့ နာကျင်ပါတယ်။ အိပ်ရေးပျက်တတ်ပါတယ်။ တစ်ပတ်မှာ သုံး- လေးရက်လောက် ဖြစ်တတ်ပါတယ်။ ညအချိန်မှာဖြစ်ရတဲ့ အကြောင်းရင်းက သေသေချာချာမရှိဘူး။ အိပ်နေရင်းနဲ့ ခြေချောင်းလေးတွေကို ကုပ်လိုက်ရင် မတော်တဆခြေသလုံး ကြွက်သားတွေတောင့်ပြီး ကြွက်တက်သွားတတ်ပါတယ်။

(၂) ထိမိခိုက်မိတာ (Muscle Spasm) ကြောင့်ကြွက်တက်ရတတ်ပါတယ်။ ထိမိခိုက်မိတဲ့နေရာက လှုပ်ရင်နာတဲ့အတွက် ခန္ဓာကိုယ်က သူ့ဘာသာတင်းကျပ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အရိုးတွေ ကျိုးသွားတဲ့အခါမျိုးတွေမှာ အနားကကြွက်သားတွေက တင်းတောင့်ထားတတ်ပါတယ်။ တစ်ခါတလေ ကြွက်သားတွေနာသွားရင်လည်း တောင့်တင်းသွားတတ်ပါတယ်။

(၃) နောက်တစ်ခုကတော့ Vigorous Activity လို့ခေါ်ပါတယ်။ အားကစားကို ပြင်းပြင်းထန်ထန် လုပ်နေရင်းနဲ့ ဖြစ်တတ်တာပါ။ တစ်ခါတလေ အားကစားလုပ်လို့မဟုတ်ဘဲ လမ်းအများကြီးလျှောက်မိတာ၊ လုပ်လေ့လုပ်ထမရှိဘဲနဲ့ အားကစားတွေ ထလုပ်တာကြောင့်လည်း ဖြစ်ပါတယ်။ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်နေတုန်း ထဖြစ်တတ်သလို အနားယူနေတဲ့ အချိန်ကျမှလည်း ဖြစ်တတ်ပါတယ်။ ထိုင်တာတွေ၊ လှဲတာတွေ ပုံစံမမှန်ဖြစ်နေတာကြာရင်လည်း ဖြစ်တတ်ပါတယ်။ အလုပ်ကို ပုံစံတစ်မျိုးတည်း အချိန်ကြာကြာလုပ်မိရင်လည်း ဖြစ်တတ်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

(၄) နောက်တစ်ခုက Dehydration လို့ခေါ်တဲ့ ရေဓာတ်ခမ်းခြောက်လို့ ကြွက်တက်တာဖြစ်ပါတယ်။ ချွေးအရမ်းထွက်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ အဲဒီလို ရေဓာတ်ဆုံးရှုံးတာက ကြွက်တက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ ရာသီဥတု ပူပြင်းရင်ပိုဖြစ်ပါတယ်။ ဆီးဆေးတွေ သောက်နေရတဲ့သူတွေ၊ ရေသောက်နည်းတဲ့သူတွေမှာ ဒါမျိုးပိုဖြစ်စေနိုင်ပါတယ်။ ဆိုဒီယမ်ဓာတ်နည်းရင်လည်း ပိုပြီး ကြွက်တက်တတ်ပါတယ်။

(၅) နောက်တစ်မျိုးက Body Fluid Shift ဆိုတဲ့ ခန္ဓာကိုယ်ထဲက ရေတွေနေရာ ပြောင်းသွားရင်ဖြစ်တတ်ပါတယ်။ ဥပမာ- အသည်းခြောက်ရောဂါဖြစ်ပြီး ရေဖျင်းစွဲတဲ့အခါ ရေဓာတ်တွေက ဗိုက်ထဲရောက်သွားတယ်။ အဲ့ဒီအခါ တခြားနေရာက ရေဓာတ်နည်းသွားပြီး ကြွက်တက်တတ်ပါတယ်။ ကျောက်ကပ်ဆေးတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။

(၆) ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ နည်းရင်လည်းဖြစ်တတ်ပါတယ်။ အဲဒီဓာတ်တွေနည်းသွား ရင်ကြွက်သားတွေရဲ့တုံ့ပြန်မှုကို ပိုပြီးလှုံ့ဆော်ပေးတဲ့အတွက် ပိုပြီးကြွက်တက်စေပါတယ်။ ကိုယ်ဝန်ရှိသူတွေမှာ ခန္ဓာကိုယ်ထဲက အဲဒီဓာတ်တွေက ကလေးကို ဦးစားပေးရောက်ရှိစေတဲ့အတွက် မိခင်မှာ ဓာတ်တွေနည်းနေတာကြောင့် ကြွက်တက်ရတတ်ပါတယ်။ ဆေးတွေ (ဥပမာ ဆီးဆေးတွေ)သောက်ရလို့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေနည်းနေရင် ကြွက်တက်တတ်ပါတယ်။ အသက်ကို ရှူသွင်း၊ ရှူထုတ်လုပ်နှုန်းများတာ၊ အန်တာများတာ၊ စားသုံးတဲ့ အာဟာရနည်းပါးတာတွေကြောင့်လည်း ကြွက်တက်တတ်ပါတယ်။ ပါရာသိုင်းရွိုက်ဂလင်းတွေ အလုပ်ပုံမှန်မလုပ်ရင်လည်း ကြွက်တက်တတ်ပါတယ်။

(၇) သွေးထဲမှာ ပိုတက်စီယမ်နည်းသွားရင် ကြွက်သားတွေက အားမရှိတော့ဘဲ ကြွက်တက်တတ်ပါတယ်။ ကြွက်သားတင်းနေရင် ဖြစ်တတ်သလို ကြွက်သားအားမရှိဘဲ အားပျော့နေရင်လည်း ဖြစ်တတ်ပါတယ်။

(၈) Tetany လို့ခေါ်တဲ့ ကြွက်တက်တာ တစ်မျိုးလည်းရှိပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အာရုံခံနာ့ဗ်ဆဲလ်တွေအားလုံးက လှုံ့ဆော်မှုများနေတတ်ပြီး ကြွက်သားတွေကို ပြန်လှုံ့ဆော်တဲ့အတွက် ကြွက်တက်တာဖြစ်ပါတယ်။

(၉) နောက်ထပ် ကြွက်တက်တာကိုတော့ Dystonic Cramp လို့ ခေါ်ပါတယ်။ ဒါက မျက်လုံးတွေ၊ လည်ပင်းတွေ၊ လေပြွန်တွေမှာ ဖြစ်တတ်ပါတယ်။ လက်တွေ၊ လက်မောင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ စာရေးတာကြာလာရင် အကြောဆွဲပြီး ကြွက်တက်တတ်ပါတယ်။ ဥပမာ တယောလို တူရိယာတစ်မျိုးတည်းကို အနေအထားကြာကြာ အတီးများတာကြောင့် ဖြစ်တတ်ပါတယ်။ ၈တန်း၊ ၉တန်းအရွယ် တချို့ကျောင်းသူလေးတွေမှာတော့ စာရေးများတာကြောင့် ကြွက်တက်တတ်ပါတယ်။

မေး. ဆေးတွေကြောင့် ကြွက်တက်တာမျိုးရော ဖြစ်တတ်ပါသလား ဆရာ။

ဖြေ. ဖြစ်တတ်ပါတယ်။ အခြေခံရောဂါတွေကြောင့် ပေးတဲ့ဆေးတွေ အတော်များများက ကြွက်တက်စေပါတယ်။ ဥပမာ ဆီးဆေးတွေဆိုရင် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကိုထွက်ရှိစေပြီး တခြား ကယ်လ်စီယမ်တို့ မဂ္ဂနီစီယမ်တို့ကိုလည်း နည်းစေတာကြောင့် ကြွက်တက်စေပါတယ်။ အယ်လ်ဇိုင်းမားရောဂါကုဆေးတွေ၊ မျက်ခွံတွဲကျရာမှာသုံးတဲ့ ဆေးတွေ၊ အရိုးပါး ရောဂါကုတဲ့ဆေးတွေ (ဥပမာ- Rodoxifine)ကြောင့် ကြွက်တက်တတ်သလို ပါကင်ဆန်ရောဂါကြောင့် လက်တုန်တဲ့ အခြေအနေမှာသုံးတဲ့ ဆေးမှီဝဲသူ ၁၀ ရာခိုင်နှုန်းက ကြွက်တက်စေပါတယ်။ သွေးတိုးကျဆေးတချို့နဲ့ အဆီကျဆေး တချို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။

နောက်တစ်ခု ထူးခြားတာက အရက်စွဲနေတဲ့သူတွေ အရက်ကို ချက်ချင်းဖြတ်လိုက်တာ၊ တချို့နှစ်ရှည်လများသောက်နေတဲ့ ဆေးတွေဖြတ်လိုက်တဲ့ အခါတွေနဲ့ မူးယစ်ဆေးဝါးစွဲနေပြီး ချက်ချင်းဖြတ်ရင်လည်း ကြွက်တက်တတ်ပါတယ်။ ဗီတာမင်တွေ ချို့တဲ့ရင်လည်း ကြွက်တက်စေပါတယ်။ ဗီတာမင် B1, B5, B6 အစရှိတဲ့ ဗီတာမင်တွေနည်းရင် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ကြွက်တက်စေနိုင်ပါတယ်။ သွေးလှည့်ပတ်မှုမကောင်းရင်လည်း ကြွက်သားတွေက အောက်ဆီဂျင်ဓာတ် အပြည့်မဝမရတော့ဘဲ နာကျင်လာတတ်ပါတယ်။ တော်တော်ကို နာတတ်ပါတယ်။ ခြေသလုံးကြွက်သားတွေ ဖြစ်တယ်ဆိုရင် လမ်းလျှောက်တိုင်းနာပါတယ်။

နံနက်ရောညပါ သတိထားပြီး လုပ်ပေးလိုက်ရင် ညအိပ်တဲ့အခါ ကြွက်တက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကြွက်တက်တဲ့အခါ နှိပ်နယ်ပေးရင်လည်း သက်သာစေနိုင်ပါတယ်။ ကြွက်တက်တဲ့နေရာကို ရေနွေးအိတ်တင်ပေးတာကလည်း သက်သာစေပါတယ်။ မကြာခဏ ကြွက်တက်တတ်တဲ့သူတွေအနေနဲ့ ခြေထောက်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။

မေး. ကြွက်တက်တာကို ဘယ်လိုကုသမှု ပေးလေ့ရှိပါသလဲဆရာ။

ဖြေ. ကုသမှုအနေနဲ့ ကြွက်တက်တဲ့ ကြွက်သားကို ဆန့်လိုက်ရင် သက်သာသွားပါတယ်။ အများအားဖြင့် ခြေသလုံးကြွက်တက်ရင်၊ မတ်တက်ထရပ်ပြီး လမ်းလျှောက်လိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါမှမဟုတ် နံရံကိုမှီပြီး တံကောက်ကွေးပြီး ခြေထောက်ကို ဖြောင့်နေအောင် ခြေသလုံးကြွက်သားကို ဆန့်လိုက်ရင်လည်း သက်သာပါတယ်။ နံနက်ရောညပါ သတိထားပြီး လုပ်ပေးလိုက်ရင် ညအိပ်တဲ့အခါ ကြွက်တက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကြွက်တက်တဲ့အခါ နှိပ်နယ်ပေးရင်လည်း သက်သာစေနိုင်ပါတယ်။ ကြွက်တက်တဲ့နေရာကို ရေနွေးအိတ်တင်ပေးတာကလည်း သက်သာစေပါတယ်။ မကြာခဏ ကြွက်တက်တတ်တဲ့သူတွေအနေနဲ့ ခြေထောက်လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ ခြေဖဝါးမှာ လုံခြည်ချိတ်ထားပြီး ဒူးဆန့်ထားရင်း အဲဒီလုံခြည်ကို ဆွဲပေးရင်လည်း ရပါတယ်။

စာရေးတာများလို့ လက်ကြွက်တက်ရင်လည်း ခြေထောက်လိုပဲ လက်ကိုဆန့်ပေးပါ။ နောက်နည်းတစ်ခုက ခြေသလုံးကြွက်တက်ရင် နှုတ်ခမ်းကိုဆိတ်ပေးရတယ်လို့ ဆိုပါတယ်။ ညာဘက်ခြေသလုံးကြွက်တက်ရင် ညာဘက်အပေါ်နှုတ်ခမ်းကို ဆိတ်ပေးရင် သက်သာတယ်လို့ဆိုပါတယ်။ အဲဒါကို AcutePunch လို့ခေါ်ပါတယ်။ တချို့ကလည်း လက်ညှိုးနဲ့ လက်မကြား ကြွက်သားကို အသာလေးနှိပ်ပေးရင် သက်သာစေတယ်လို့ ဆိုပါတယ်။ ရေဓာတ်ခမ်းခြောက်လို့ ဖြစ်တာဆိုရင် ရေများများသောက်ပေးရပါမယ်။ ဆိုဒီယမ်တွေပါတာ၊ ပိုတက်စီယမ်တွေ များများပါတာသောက်ပါ။

မေး. မကြာခဏ ကြွက်တက်နေရင် ဘယ်လိုအပြုအမူတွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. အမြဲဆိုသလို ကြွက်တတ်နေတတ်ရင်တော့ ညညဆို လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ စားပေးရပါမယ်။ အားကစား လေ့ကျင့်ခန်းတွေလုပ်ရင်လည်း သွေးပူလေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။ အားကစားလုပ်ပြီးရင်လည်း ထပ်လုပ်ပေးရပါမယ်။ ရေဓာတ်လည်း အလုံလောက်လောက်ရှိနေရပါမယ်။

မေး. ကြွက်မတက်စေဖို့ တခြားသိသင့်တဲ့ အချက်တွေရှိရင်လည်း သိပါရစေ ဆရာ။

ဖြေ. နောက်ထပ်သတိထားသင့်တာကတော့ အလုပ်တစ်ခုခုကိုလုပ်ရင် အနေအထိုင်ပုံစံတွေ မှန်ကန်စွာ နေထိုင်လုပ်ကိုင်ဖို့ အရေးကြီးပါတယ်။ ခုံမြင့်ဖိနပ်တွေရှောင်ပါ။ ကွန်ပျူတာသုံးတဲ့အခါ ထိုင်ခုံ အနိမ့်အမြင့်တွေကစ အဆင်ပြေအောင်ထားပါ။ အလုပ်ကို အကြာကြီးဆက်တိုက်မလုပ်ပါနဲ့။ သက်သက်သာသာအနေအထားနဲ့လုပ်ပြီး မကြာခဏ နားနားပေးပါ။ လမ်းထလျှောက်ပေးပါ။ အလုပ်တစ်ခုခုလုပ်ရင် စိတ်ဖိစီးမှုတွေကိုလျှော့ပြီးလုပ်ပါ။ တယောထိုးတာလိုမျိုး တူရိယာတီးခတ်တယ်ဆိုရင် ပုံစံပြင်မရဘဲ အကြာကြီးနေနေရတဲ့အတွက် ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။ ကြွက်သားဆန့်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီး အချိန်တွေမှာ ပုံမှန်လုပ်ပါ။

ညဘက်မှာ ကြွက်တက်တတ်တဲ့ သူတွေဆိုရင် တစ်ရေးနိုးချိန်တွေမှာပါ အဆင်ပြေရင် ခြေသလုံးဆွဲဆန့်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးသင့်ပါတယ်။ ဆေးတွေကိုသောက်သလို ညအိပ်ခါနီး နွားနို့သောက်ပေးသင့်ပါတယ်။ မဂ္ဂနီဆီယမ်က ကျောက်ကပ်အားနည်းရင်တော့ သတိထားရပါမယ်။ ဆီးဆေးတွေကလည်း မဂ္ဂနီဆီယမ်ကိုဆုံရှုံးစေပါတယ်။ အစိမ်းရောင် အသီးအရွက်တွေ၊ အခွံမာသီးတွေနဲ့ အသားတချို့မှာ မဂ္ဂနီဆီယမ်ဓာတ်ပါပါတယ်။ ဗီတာမင်အီးကလည်း ကြွက်တက်တာကို သက်သာစေပါတယ်။ အသက်ကြီးတဲ့သူတွေမှာ မဂ္ဂနီဆီယမ် မှီဝဲမယ်ဆိုရင် သွေးစစ်ဆေးသင့်ပါတယ်။ ကျောက်ကပ် သိပ်မကောင်းရင် မဂ္ဂနီဆီယမ်တွေ အရမ်းမြင့်တက်လာတတ်ပါတယ်။

နောက်တစ်ခုအရေးကြီးတာက ဗီတာမင်ဒီကိုလည်း နေ့စဉ်မှီဝဲပေးဖို့ လိုပါတယ်။ အသက်ကြီးလာရင် နေရောင်ခြည်ရရှိမှုက နည်းလာတတ်တဲ့အတွက် ဖြစ်ပါတယ်။ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ သောက်သုံးမယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top