Healthy Life Ad
Life Style

နှလုံးခုန်နှုန်း မူမမှန်ဖြစ်ခြင်း

ဒေါက်တာကျော်စွာဦး (တာဝန်ခံဆရာဝန်၊ ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း)

မေး. နှလုံးခုန်နှုန်းက ဘယ်လောက်ဆိုရင် ပုံမှန်လို့သတ်မှတ်ထားပါသလဲ ဆရာ။

ဖြေ. နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၆၀ နဲ့ ၁၀ဝ ကြားမှာဆိုရင် ပုံမှန်လို့အကြမ်းအားဖြင့် သတ်မှတ်ထားပါတယ်။

မေး. နှလုံးခုန်နှုန်း မူမမှန်ဖြစ်ရခြင်းအကြောင်းကို သိပါရစေဆရာ။

ဖြေ. နှလုံးခုန်နှုန်းမူမမှန်ဖြစ်တာမှာ နှလုံးခုန်နှုန်းမြန်တာရှိသလို နှလုံးခုန်နှုန်းနှေးတာလည်း ရှိပါတယ်။ နှလုံးခုန်နှုန်းက မညီညာတာလည်း ရှိတတ်ပါတယ်။ တချို့တွေမှာ နှလုံးရောဂါအခံရှိတာကြောင့် နှလုံးခုန်နှုန်း မူမမှန်တာဖြစ်တတ်ပါတယ်။ တစ်ခါတလေ လက္ခဏာအနေနဲ့ ရင်ဘတ်အောင့်လာမယ်၊ အသက်ရှူကျပ်လာမယ်၊ ရင်တွေ အရမ်းတုန်လာမယ်၊ မခံနိုင်အောင်တုန်လာမယ်။

မေး. နှလုံးခုန်နှုန်းမူမမှန်ဖြစ်ရင် ဘာဖြစ်တတ်ပါသလဲဆရာ။

ဖြေ. နှလုံးခုန်နှုန်း မူမမှန်ဖြစ်တာကြောင့် မူးလဲတတ်ပါတယ်။ တစ်ခါတလေ နှလုံးခုန်နှုန်းက ၁၀ဝ အထက်ဖြစ်တာကြောင့် ဖြစ်နိုင်သလို တစ်ခါတလေ နှလုံးခုန်နှုန်းက ၆၀ အောက်ဖြစ်တာကြောင့် ဖြစ်တတ်ပါတယ်။ ၁၀ဝ အထက်ဆိုရင် နှလုံးခုန်နှုန်းက အရမ်းမြန်ပြီး ၆၀ အောက်ဆိုရင် နှလုံးခုန်နှုန်းက နှေးကျသွားတာရှိပါတယ်။ အဲဒီထက် ပိုဆိုးသွားရင် နှလုံးရပ်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။ နှလုံးခုန်နှုန်းမြန်လို့ နှလုံးသွေးဝင်ခန်းက အရမ်းခါထုတ်လိုက်တဲ့အခါ နှလုံးထဲမှာရှိတဲ့ သွေးခဲလေးတွေပြုတ်ပြီး လေဖြတ်နိုင်တယ်၊ နှလုံးသွေးကြော ပိတ်သွားနိုင်တယ်၊ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

မေး. နှလုံးခုန်နှုန်း မူမမှန်တာမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. အထူးသဖြင့် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေနဲ့ဆက်စပ်ပြီး နှလုံးခုန်နှုန်း မူမမှန်တာဖြစ်တတ်တဲ့အတွက် အဲဒီရောဂါတွေမဖြစ်အောင် ဆင်ခြင်ရပါမယ်။

(၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးရပါမယ်။

(၂) ပြည့်ဝဆီတွေကိုတတ်နိုင်သမျှ ရှောင်ရပါမယ်။

(၃) အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားပေးရပါမယ်။

(၄) အဆီနည်းတဲ့ အသားနဲ့ငါးတွေကို စားပေးရပါမယ်။

(၅) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်လုပ်ဆောင်ပေးရပါမယ်။

(၆) စိတ်ဖိစီးမှုတွေ လျှော့ရပါမယ်။

(၇) အိပ်ရေးဝ၀ အိပ်စက်အနားယူရပါမယ်။

(၈) နှလုံးခုန်နှုန်းမမှန်တဲ့ ဝေဒနာခံစားရပြီဆိုရင် ကော်ဖီ၊ လက်ဖက်ရည် ရှောင်သင့်ပါတယ်။

(၉) ဆေးလိပ်နဲ့ အရက်ကို ရှောင်သင့်ပါတယ်။

ကျန်းမာရေးဗဟုသုတတွေကို လေ့လာလိုက်စားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံအတိုင်း နေထိုင်ရပါမယ်။

မေး. နှလုံးခုန်နှုန်း မူမမှန်ဖြစ်နေသလားဆိုတာကို ဘယ်လိုစစ်ဆေးသိရှိနိုင်ပါသလဲ ဆရာ။

ဖြေ. လူနာကိုရောဂါရာဇဝင်မေးရပါတယ်။ ဥပမာ ရင်တုန်လား၊ ရင်ဘတ်အောင့်လားစသဖြင့် မေးပြီးစမ်းရပါတယ်။ လက်ကောက်ဝတ်မှာ နှလုံးခုန်နှုန်း (Pulse Rate) စမ်းလိုက်လို့ရှိရင် အကြမ်းအားဖြင့် သိနိုင်ပါတယ်။ အီးစီဂျီဆွဲရင်လည်း ယေဘုယျအားဖြင့်သိနိုင်ပါတယ်။

မေး. နှလုံးခုန်နှုန်းမူမမှန်ဖြစ်တာက ကော်ဖီအသောက်များတာနဲ့ကော ဆက်စပ်နေပါသလား ဆရာ။

ဖြေ. နှလုံးခုန်နှုန်းမူမမှန်ဖြစ်တာက ကော်ဖီ၊ လက်ဖက်ရည်နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်၊ အရက်တို့နဲ့လည်း ဆက်စပ်မှုရှိသလို အဝလွန်တာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

မေး. နှလုံးခုန်နှုန်းမြန်တာ ဒါမှမဟုတ် နှေးတာတစ်ခုခုဖြစ်ပြီး နှလုံးခုန်နှုန်းမူမမှန်ဖြစ်နေပြီဆိုရင် ဘယ်လိုကုသမှု ခံယူသင့်ပါသလဲ ဆရာ။

ဖြေ. နှလုံးခုန်နှုန်း မူမမှန်ဖြစ်နေပြီဆိုရင် ကိုယ်ပြနေကျ မိသားစုဆရာဝန်နဲ့ ပြန်ပြတာပဲ ဖြစ်ဖြစ်၊ နီးစပ်ရာကျန်းမာရေးဌာနက ဆရာဝန်၊ ဆရာမတွေနဲ့ ပြသတာပဲဖြစ်ဖြစ် ဆေးစစ်ကုသမှုကို စနစ်တကျ ခံယူသင့်ပါတယ်။

မေး. နှလုံးခုန်နှုန်းမူမမှန်ဖြစ်တာက စိတ်ဖိစီးမှု၊ အစိုးရိမ်လွန်မှုတွေနဲ့ ဆက်စပ်မှုရှိပါသလား ဆရာ။

ဖြေ. နှလုံးခုန်နှုန်းမူမမှန်ဖြစ်တာက စိတ်ဖိစီးမှု၊ အစိုးရိမ်လွန်မှုသောက စတာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ အခုနောက်ပိုင်း အသက် ၂၀ ကျော် မိန်းကလေးတချို့မှာတောင် စိတ်ဖိစီးမှုများတာကြောင့် နှလုံးခုန်နှုန်း မူမမှန်ဖြစ်တာတွေကို တွေ့လာရပါတယ်။

မေး. နှလုံးခုန်နှုန်းမူမမှန်ဖြစ်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် ပြောပြပေးပါ ဆရာ။

ဖြေ. နေ့စဉ်ဆိုသလို စိတ်ဖိစီးမှုဆိုတာကတော့ ကြုံတွေ့ရမှာပါပဲ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် ကြိုးစားပြီး ကျော်လွှားနိုင်အောင် လုပ်သင့်ပါတယ်။ အိပ်ရေးဝ၀ အိပ်ရပါမယ်။ မိသားစုနဲ့ တတ်နိုင်သမျှ ပျော်ပျော်ရွှင်ရွှင်နေထိုင်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားသောက်ပေးရပါမယ်။ နှလုံးခုန်နှုန်း မူမမှန်ဖြစ်တာက စိုးရိမ်စရာမရှိပေမယ့် သူ့ကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေဝင်လာရင် အသက်အန္တရာယ်ရှိတာကြောင့် ကုသမှုကို စနစ်တကျခံယူဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top