Healthy Life Ad
Life Style

မှတ်ဉာဏ်ပျက်ပြားတိုင်း အယ်လ်ဇိုင်းမားရောဂါလား

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

သြစတြေးလျနိုင်ငံ၊ ဘရစ်ဘိန်းမြို့ရှိ မြန်မာဇေတဝန်ဘုန်းကြီးကျောင်းမှာ မြန်မာဗုဒ္ဓဘာသာအသင်း က နိဗ္ဗာန်ဈေးရောင်းပွဲကို နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ကြုံသလို ကျင်းပပါတယ်။ အဲဒီဈေးရောင်းပွဲတစ်ခုမှာ စာရေးသူရဲ့ မိတ်ဆွေကိုတာနဲ့ မုန့်ဟင်းခါးစားရင်း စကားလက်ဆုံကျဖြစ်တယ်။

“ကိုအုနး်ကျော်ရေးတဲ့ မှတ်ဉာဏ်ပျက်ပြားခြင်း ဆောင်းပါးတွေကို ကျွန်တော် ဖတ်ရပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတာက အယ်လ်ဇိုင်းမားဉာဏ်ရည်ကျဆင်းရောဂါ (Alzheimer’s Disease) ရဲ့ လက္ခဏာ ဖြစ်တယ်လို့ သိရတယ်”

“ဟုတ်တယ်လေ။ ကိုတာက ဘာမေးချင်လို့လဲ”

ကိုတာက ယူကလစ်ပင်ရိပ်အောက်မှာ အမျိုးသမီးအုပ်စုနဲ့စကားပြောနေတဲ့ သူ့ဇနီးကို လှမ်းကြည့်ပြီးပြောတယ်။
“ကျွန်တော့်အမျိုးသမီး အခုတလော သိပ်ပြီး မေ့တတ်တာတွေ့ရတယ်။ နောက်ပြီး မကြာခဏ ဒေါသထွက်ရန်လုပ်လာတတ်တယ်ဗျ”

စာရေးသူက အရေးမကြီးတဲ့ အမူအရာနဲ့ မှတ်ချက်ချပါတယ်။
“အိမ်မှုကိစ္စတွေလုပ်ကိုင်စရာများလို့ မေ့တတ်တာဖြစ်မှာပေါ့။ နောက်ပြီး ခင်ဗျားက အကူအညီမပေးလို့ စိတ်တိုနေတာဖြစ်နိုင်တယ်”

စာရေးသူရဲ့ မှတ်ချက်ကိုကိုတာ ဘဝင်ကျပုံမရပါဘူး။
“ကျွန်တော်စိုးရိမ်တာကိုပြောတာပါ”လို့ ခပ်တိုးတိုးညည်းတွားပါတယ်။

ဒီတော့ အယ်လ်ဇိုင်းမားဉာဏ်ရည်ကျဆင်းရောဂါမှာတွေ့ရှိရတဲ့ ရောဂါနုစရှေးဦးလက္ခဏာတွေ အကြောင်းကို စာရေးသူက ရှင်းပြပါတယ်။
“ခင်ဗျားအမျိုးသမီးက အသက် ၆၀ ကျော်လာပြီဆိုတော့ ခင်ဗျားစိုးရိမ်နေတာကို အဆိုးမဆိုသာပါဘူး။ ဒါပေမဲ့ အသက်အရွယ်အလိုက် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းခြင်းနဲ့ အယ်လ်ဇိုင်းမားဉာဏ်ရည်ကျဆင်းရောဂါမှာ တွေ့ရှိရတဲ့ မှတ်ဉာဏ်ပျက်ပြားခြင်းကို ခွဲခြားသိဖို့လိုပါတယ်”

ကိုတာက လက်ထဲမှာ ကိုင်ထားတဲ့ မုန့်ဟင်းခါးခွက်ကိုထိုင်ခုံဘေးက စားပွဲဝိုင်းကလေးပေါ် ချတင်လိုက်ပြီး မေးမြန်းပါတယ်။
“ဘယ်လို ခွဲခြားသိနိုင်သလဲ ဆရာကြီး”
ကိုတာရဲ့မေးခွန်းကို ပြည့်ပြည့်စုံစုံဖြေကြားဖို့ လိုအပ်ပါတယ်။

“အယ်လ်ဇိုင်းမား ဉာဏ်ရည်ကျဆင်းရောဂါနုစမှာ ရှေးဦးလက္ခဏာ ၁၀မျိုး တွေ့ရှိနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းလာတာအပြင် တခြားလက္ခဏာတွေ တစ်ခုမဟုတ်တစ်ခု ပြိုင်တူပေါ်ပေါက်လာတာ တွေ့ရှိရမယ်”

“ရှင်းပြပါ ကိုအုန်းကျော်”

“အယ်လ်ဇိုင်းမားရောဂါနုစ ရှေးဦးလက္ခဏာ ၁၀မျိုးကို ပထမပြောပြပါမယ်။ အဲဒါတွေကတော့- (၁) မှတ်ဉာဏ်ပျက်ပြားခြင်း၊ (၂) ကိစ္စတစ်ခုခုကို ကြိုတင်ပြင်ဆင်နိုင်ခြင်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရည် အားနည်းခြင်း၊ (၃)လုပ်ကိုင်နေကျလုပ်ငန်းကို ပြီးစီးအောင် ဆောင်ရွက်ဖို့ အခက်အခဲရှိခြင်း၊ (၄) အမြင်အာရုံစွမ်းရည်ချို့ယွင်းလာခြင်း၊ (၅) အချိန်၊ နေ့စွဲ၊ ရာသီအလိုက်ပြောင်းလဲမှုကို ခြေရာခံသိရှိနိုင်မှုချို့ယွင်းခြင်း၊ (၆) စကားပြောမှားခြင်း၊ (၇) နေ့စဉ်သုံးပစ္စည်းများကို အထားမှားခြင်း၊ (၈) နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ဆုံးဖြတ်ချက်မှားယွင်းလာခြင်း၊ (၉) ဝါသနာလုပ်ငန်းနဲ့ လူမှုဆက်ဆံရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားမှု လျော့နည်းလာခြင်း၊ (၁၀) စိတ်ခံစားတုန့်ပြန်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးအပြုအမူပြောင်းလဲလာခြင်းတို့ဖြစ်ပါတယ်”
စာရေးသူ စကားဆုံးတော့ ခေါင်းရှုပ်တဲ့ အမူအရာနဲ့ကိုတာက ဆင်ခြေတက်ပါတယ်။

“ခင်ဗျားပြောတဲ့ လက္ခဏာတွေက လူတိုင်းလိုလိုတစ်ခါတစ်ရံကြုံတွေ့ရတဲ့ အဖြစ်အပျက် မဟုတ်ဘူးလား”

အသေးစိတ်ရှင်းပြဖို့လိုအပ်လာပြီလို့ စာရေးသူတွက်မိပါတယ်။

“မှတ်ပါတယ် ကိုတာ။ တစ်ခုချင်းကို အကျယ်ချဲ့ပြောပြပါမယ်။

အယ်လ်ဇိုင်းမားရောဂါကြောင့် မှတ်ဉာဏ်ပျက်ပြားရင် နေ့စဉ်ဖြစ်ပြီးစကိစ္စလေးတွေကို အလွယ်တကူမေ့တတ်ပါတယ်။ နံနက်ပိုင်းမှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်ကို ညနေပိုင်းမှာမေးကြည့်ရင် ပြန်လည်စဉ်းစားသိရှိဖို့ ခက်ခဲမယ်၊ တစ်ခုခုကို ထပ်ပြန်သလဲလဲ မေးမြန်းတတ်တယ်။ ဒါကြောင့် မှတ်စုစာအုပ်ကို အသုံးပြုလာရတယ်။ ဒါမှမဟုတ် အိမ်သားတစ်ဦးဦးကို အားကိုးလာရမယ်။ ဒါက ပထမအချက်ပါ

”ကိုတာက ကြားဖြတ်ပြောတယ်။
“ကျွန်တော့်အမျိုးသမီးက အဲဒီလောက်အထိ မေ့တတ်တာတော့မဟုတ်ပါဘူး”

စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“နံပါတ် (၂) အချက်က ဒီလိုဗျ။ ဥပမာ-ဈေးဝယ်သွားတဲ့အခါ ဘယ်က စရမယ်၊ ဘာဝယ်ရမယ်ဆိုတာကို ကြိုတင်ပြင်ဆင်စဉ်းစားနိုင်မှု အားနည်းလာတယ်။ ဈေးဝယ်တဲ့အခါ ပစ္စည်းတန်ဖိုး တွက်ကြည့်တာတို့၊ အကြွေအနုပ်အမ်းတာတို့မှာ အခက်အခဲ ရှိလာတတ်တယ်”
“ကျွန်တော့်အမျိုးသမီးကတော့ ငွေရေးကြေးရေးမှာတိကျလွန်းပါ့ဗျာ”

ကိုတာရဲ့မှတ်ချက်ကို အမှုမထားဘဲ စာရေးသူက ဆက်လက်ပြောပြပါတယ်။

“တတိယအချက်ကတော့ ပြုလုပ်နေကျ ကိစ္စလေးတွေကို မဆောင်ရွက်နိုင်သလို ဖြစ်လာတာပါ။ ဥပမာ-သွားနေကျလမ်းကို မသွားတတ်ဘဲ လမ်းပျောက်နေတတ်တာ။ ကျားကွက်ကစားနေကျသူက ကျားကွက်ကစားနည်းကို နားမလည်ဖြစ်လာတာ။ မီးဖိုချောင်ထဲမှာ အနေများတဲ့ အိမ်ရှင်မက သူ ချက်ပြုတ်နေကျဟင်းကို ချက်ပြုတ်တဲ့အခါ ယောင်ချာချာ ဖြစ်နေတာမျိုးတွေ ဖြစ်ပါတယ်။ ခင်ဗျားအမျိုးသမီးမှာ အဲဒီလို ချို့ယွင်းချက်တွေရှိနေလို့လား”

စာရေးသူရဲ့ မေးခွန်းကို ကိုတာက ရဲရဲဝံ့ဝံ့ ဖြေဆိုပါတယ်။
“ဒီနေ့ နိဗ္ဗာန်ဈေးမှာ ရောင်းတဲ့ မုန့်ဟင်းခါးက ကျွန်တော့်အမျိုးသမီးလက်ရာပါ”

စာရေးသူက ချီးကျူးစကားပြောပြီး ဆက်လက်ရှင်းပြပါတယ်။

“နံပါတ် (၄) အချက် အမြင်အာရုံချို့ယွင်းလာ တယ်ဆိုတာက အသက်ကြီးလို့ မျက်စိမှုန်လာတာကို ပြောတာ မဟုတ်ပါဘူး။ အယ်လ်ဇိုင်းမားရောဂါ ဖြစ်လာရင် အရောင်အနုအရင့်ကို ခွဲခြားသိရှိနိုင်မှု ချို့ယွင်းလာတယ်။ အရောင်အမျိုးမျိုးကို ခွဲခြားပြောဖို့ ဇဝေဇဝါဖြစ်လာတယ်။ ပစ္စည်းတစ်ခုနဲ့ တစ်ခု အကွာအဝေးကို ခန့်မှန်းနိုင်တဲ့ စွမ်းရည်ကျဆင်းလာတယ်။ စာကြောင်းတစ်ကြောင်းကို ဖတ်ပြီးရင် အဓိပ္ပာယ်ကို ချက်ချင်း နားမလည်နိုင်တာရှိမယ်။ အဲဒီလို လက္ခဏာတွေကြောင့် ကားမောင်းတဲ့အခါ အခက်အခဲရှိနိုင်ပါတယ်”

ကိုတာက ညည်းတွားသလိုလို လေသံနဲ့ မှတ်ချက်ချပါတယ်။

“ကျွန်တော်တို့ ကားအသစ်ဝယ်ပြီးကတည်းက အပြင်ထွက်တိုင်း ကျွန်တော့်အမျိုးသမီးကချည်း ကားမောင်းနေတာပဲ။ အခုအထိတော့ မတော်တဆဖြစ်တာမရှိသေးပါဘူး”
ဘုန်းကြီးကျောင်းဝန်း “ကားပါကင်”တစ်နေရာမှာ ရပ်ထားတဲ့ ကိုတာရဲ့ အက်စ်ယူဗီကားအမြင့်ကြီး ကိုလှမ်းကြည့်ပြီး စာရေးသူက ဆက်လက်ရှင်းပြပါတယ်။

“နံပါတ် ၅အချက် အချိန်နေ့စွဲပြောင်းလဲမှုကို ဇဝေဇဝါဖြစ်တယ်ဆိုတာက ကယောင်ကတမ်းရောဂါ (Delirium) ဖြစ်နေတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အယ်လ်ဇိုင်းမားရောဂါ ခံစားလာရရင် အချိန်နဲ့ နေ့စွဲကိုမှန်မှန်ကန်ကန်ခန့်မှန်းနိုင်ခြေ ချို့ယွင်းလာတယ်။ အိမ်လည်သွားရင် မိမိရောက်ရှိနေတဲ့ နေရာကို ဘယ်လိုဘယ်အချိန်က ရောက်ရှိနေသလဲဆိုတာကို စဉ်းစားလို့မရဖြစ်နေတတ်တယ်။ အတွေ့အကြုံအဖြစ်အပျက်တစ်ခုဟာ ဘယ်တုန်းက ဖြစ်ပွားခဲ့သလဲဆိုတာကို မဝေခွဲနိုင်တာရှိမယ်။”

“နံပါတ် (၆) လက္ခဏာက စကားပြောမှားတာ ဖြစ်ပါတယ်။ ဥပမာ-ပစ္စည်းတွေကို မှားယွင်းအမည် ခေါ်တာ၊ ပြောချင်တဲ့ ဝေါဟာရစကားလုံးကို စဉ်းစားလို့ မရရှိနိုင်တာ၊ စကားဝိုင်းထဲမှာ ပါဝင်ဆွေးနွေးဖို့ ခက်ခဲလာတာ၊ အကြောင်းအရာတစ်ခုကို ထပ်တလဲလဲပြောဆိုလာတာ စတာတွေ ဖြစ်ပါတယ်”
ယူကလစ်ပင်ရိပ်အောက်က အမျိုးသမီးအုပ်စုထဲမှာ ရယ်ရယ်မောမော စကားလက်ဆုံကျနေတဲ့ သူ့ဇနီးကိုကြည့်ပြီး ကိုတာက ပြုံးစိစိဖြစ်နေပါတယ်။ ဒါကြောင့် စာရေးသူက ပြောလက်စစကားကို ဆက်လက်ပြောပါတယ်။

“နံပါတ် (၇) က ပစ္စည်းတွေ အထားမှားတာဗျ။ ပစ္စည်းတစ်ခုခုကို ဘယ်နေရာမှာ ချထားခဲ့တယ် ဆိုတာ ပြန်လည်စဉ်းစားမရဖြစ်တတ်တယ်။ အိမ်ထဲမှာ ပိုက်ဆံအိတ်ပျောက်တာတို့၊ သော့တွဲပျောက်တာတို့ မကြာခဏဖြစ်ပွားတတ်တယ်။ အဲဒီပစ္စည်းပျောက်ရင် ဘေးကလူတွေကို စွပ်စွဲတတ်တယ်”
ကိုတာက ကြားကဝင်ပြီး ဝန်ခံပါတယ်။

“အိ်မ်မှာ မကြာခဏ ပစ္စည်းအထားမှားတာက ကျွန်တော်ပါ”
ကျောင်းထိုင်ဘုန်းကြီး နေ့လယ်ဆွမ်းဘုဉ်းပေးဖို့ အချိန်နီးလာလို့ စာရေးသူက စကားဆုံးအောင် ဆက်လက်ရှင်းပြပါတယ်။

“နံပါတ် (၈) လက္ခဏာက နေ့စဉ်ကိစ္စတွေမှာ ဆုံးဖြတ်နိုင်မှုစွမ်းရည်ချို့ယွင်းလာတာ ဖြစ်တယ်။ ခက်ခဲတဲ့ ပြဿနာကိုဆုံးဖြတ်နိုင်စွမ်းမရှိတာကို ပြောတာမဟုတ်ပါဘူး။ နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာလေးတွေကိုပြောတာပါ။ ဥပမာ-နေ့စဉ် ငွေရေး ကြေးရေးကိစ္စမှာ အသုံးထက်အဖြုန်းများတာမျိုး၊ နေ့စဉ်တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆုံးဖြတ်ဆောင်ရွက်နိုင်မှုချို့ယွင်းလာတာတို့ ဖြစ်ပါတယ်”

စာရေးသူကနောက်ဆုံးအချက်ကိုပြောပြပါတယ်။

“နံပါတ် (၁၀) လက္ခဏာက စိတ်နေသဘောထားပြောင်းလဲလာတာ ဖြစ်ပါတယ်။ သည်းညည်းခံလေ့ရှိသူက ဒေါသကြီးလာတတ်တယ်။ ရိုသေထိုက်သူက သိက္ခာကျစရာအပြုအမူတွေကို ပြုလုပ်လာတတ်တယ်။ စိတ်တည်ငြိမ်သူက စိတ်လှုပ်ရှားတုန့်ပြန်မှုပြင်းထန်လာတာမျိုးဖြစ်ပါတယ်။အခု ကျွန်တော်ပြောခဲ့တဲ့ လက္ခဏာတွေ အတူတကွ ပြိုင်တူဖြစ်ပွားလာရင် အမြဲလိုလို ဖြစ်ပွားတာ တွေ့ရရင် အယ်လ်ဇိုင်းမာရောဂါနုစ အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီအချက်တွေနဲ့ ချိန်ကိုက်ကြည့်ရင် ခင်ဗျားအမျိုးသမီး မှတ်ဉာဏ်မေ့တတ်တာကို အယ်လ်ဇိုင်းမားရောဂါကြောင့်လို ယူဆနိုင်မလား”

“မယူဆနိုင်ပါဘူး ကိုအုန်းကျော်။ ကျွန်တော့် အမျိုးသမီးကို သက်ကြီးရွယ်အိုဆေးရုံကိုပို့ဖို့ မကြိုးစားတော့ပါဘူး”
ကိုတာက သူ့ပြက်လုံးနဲ့သူ သဘောကျပြီး ရယ်မောနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top