Healthy Life Ad
Q & A

ဆီးသွားရင် အနံ့ပြင်းလို့ . . .

မေး. ဆရာကြီးရှင့် . . . ကျွန်မ ကျောက်ကပ်တစ်ဖက် ထုတ်ထားပါတယ်။ အခုဆီးသွားရင် အနံ့ပြင်းလို့ ဘယ်လိုလုပ်ရပါမလဲ။
အန်တီဦး (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆီးထဲမှာ ခန္ဓာကိုယ်ထဲ မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေပျော်ဝင်ပြီး ပါဝင်နေပါတယ်။ ဆီးသွားရင် အနံ့ပြင်းတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့သူ၊ သာမန်လူတစ်ယောက် ဆီးသွားတဲ့အခါ အနံ့ပြင်းရင် ရေသောက်နည်းလို့ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်က စွန့်ပစ်လိုက်တဲ့ ပျော်ဝင်ပစ္စည်းတွေက ရေနည်းနည်းမှာ ပျော်ဝင်ရတဲ့အတွက် အနံ့ပြင်းတတ်ပါတယ်။ ဒါကတော့ နံပါတ်တစ်အချက်ပါ။

နံပါတ်နှစ်ကတော့ ပါးစပ်ကနေ စားသောက်လိုက်တဲ့ အစားအသောက်တွေထဲမှာ အနံ့ပြင်းတဲ့ အစားအသောက်ပါခဲ့ရင် ဆီးသွားတဲ့အခါ အနံ့ပြင်းတတ်ပါတယ်။ ဥပမာ တချို့ဆေးဝါးတွေ၊ ဆေးသောက်ထားရင် ဆီးသွားတဲ့အခါ ဆေးနံ့ရတတ်ပါတယ်။ အစားအသောက်ထဲမှာ အသိသာဆုံးကတော့ တညင်းသီးပါပဲ။ တညင်းသီးစားထားရင် ဆီးသွားတဲ့အခါ အနံ့ပြင်းတတ်တယ်။ ဆီးနံ့မကောင်းတာက ဆီးပိုးဝင်တဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဆီးပိုးဝင်တဲ့သူတွေမှာ ဆီးနံ့နံရုံတင်မက ဆီးသွားတဲ့အခါ ပူတာ၊ ကျဉ်တာ၊ စပ်တာတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။

ဒီတော့ ဆီးနံ့ပြင်းတာသက်သာအောင် အကြံပြုရမယ်ဆိုရင် ကိုယ်စားတဲ့ အစားအသောက်ကို ပြန်လည်စစ်ဆေးပေးရပါမယ်။ ရေကို ခါတိုင်းထက် ပိုသောက်ပေးရပါမယ်။ ကျန်းမာလိုသူတစ်ယောက် သောက်သင့်တဲ့ တစ်နေ့တာ ရေပမာဏက နှစ်လီတာ(ရေရှစ်ဖန်ခွက်)လို့ သတ်မှတ်ထားပါတယ်။ ဆီးသွားရင် ပူတာ၊ စပ်တာ၊ ကျဉ်တာနဲ့ တွဲဖြစ်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top