Healthy Life Ad
Life Style

အဆုတ်ကင်ဆာ အဆင့်(၄) ကုသပြီး အဆုတ်တစ်ခြမ်းတည်းနဲ့ အသက်ရှင်ကျန်းမာတာ ၁၄ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းရှိန်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀ဝ၂ တွင် အသက် ၄၉ နှစ်အရွယ် ဦးဝင်းရှိန်သည် တစ်လလောက် ချောင်းခြောက်ဆိုးနေခဲ့ပြီး မပျောက်သဖြင့် ဆရာဝန်နှင့် ပြသခဲ့ရာမှ အဆုတ်ကင်ဆာရှိမှန်း သိခဲ့သူဖြစ်သည်။

“ဦးက ဂျပန်မှာ အလုပ်သွားလုပ်ခဲ့တာ။ သုံးနှစ်လောက်လုပ်ပြီး ပြန်လာကာစ အိမ်မှာနေနေတဲ့အချိန် စစချင်း ချောင်းဆိုးတယ်၊ ချောင်းခြောက်ဆိုးတော့ တစ်လလောက်ဆိုးတာ . .မပျောက်ဘူး။ မပျောက်တော့ သမားတော်ကြီးတစ်ယောက်နဲ့ပြတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်မှာ အနာတွေ့တယ်လို့ဆိုတယ်။ ဒါနဲ့ ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးတိုက်တယ်။ အဲဒီဆေးကို အကြာကြီးသောက်ပေမယ့် မပျောက်ဘူး။ အဲဒါနဲ့ အခုအမြဲတမ်းအတွင်းဝန်ဖြစ်နေတဲ့ ဒေါက်တာဦးသက်ခိုင်ဝင်းနဲ့က ညီအစ်ကိုလိုခင်တော့ သူ့ Ward မှာ လူနာသွားမေးရင်းနဲ့ သူ့ကိုသွားနှုတ်ဆက်လိုက်တယ်။ သူ့ရှေ့မှာချောင်းဆိုးမိတော့ သူကချောင်းဆိုးသံကို မကြိုက်ဘူးဆိုပြီးစမ်းတယ်။ ပြီးတော့ အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်တစ်ဦးနဲ့ပြခိုင်းတယ်။ အဲဒါနဲ့ အပြင်ဆေးခန်းမှာသွားပြတယ်။ သောကြာနေ့ပြပြီး စနေနေ့မှာ အသားစထုတ်စစ်ရတယ်”ဟု ဦးဝင်းရှိန်က ကင်ဆာခရီးလမ်း အစကို ပြန်ပြောင်းပြောပြခဲ့သည်။

အသားစအဖြေမရမီမှာပင် အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်ကြီးက ရန်ကုန်ဆေးရုံကြီးသို့ ကြိုတင်တက်ပြီး အားမွေးခဲ့ကြောင်း၊ အသားစအဖြရသည့်အခါ အဆုတ်ကင်ဆာ အဆင့် (၄)ဟု သိရကြောင်း ဦးဝင်းရှိန်က ပြောသည်။ “အဆုတ်တစ်ခြမ်းကို ထုတ်ရမယ်၊ အသက်အန္တရာယ်လည်း ရှိနိုင်တယ်ဆိုတာသိတော့ ဗေဒင်တွေမေး၊ ယတြာတွေချေ. .လုပ်တယ်။ စုံနေတာပဲ။ ခွဲစိတ်တော့ မနက် ၁၀ နာရီလောက်ကခွဲတာ ညနေ ၃-၄ နာရီလောက်မှပြီးတယ်။ ပြီးတော့ ဆေးရုံတစ်ပတ်လောက်တက်ပြီး ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်သီတာစန်းနဲ့ ဓာတ်ရောင်ခြည်ကုထုံးခံယူရတယ်” အဆုတ်ကင်ဆာအတွက် ၂၀ဝ၃ တွင် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ဓာတ်ရောင်ခြည်ကုထုံးကို အကြိမ် ၂၅ ကြိမ်နှင့် ကင်ဆာဆေးကို ၆ ကြိမ်သွင်းရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ကင်ဆာဆေးကိုတော့ Green Cross ဆေးရုံမှာ သွားသွင်းပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးကိုတော့ ရန်ကုန်ဆေးရုံကြီးမှာ ခံယူတယ်။ ဆေးသွင်းလိုက်၊ ဓာတ်ကင်လိုက်နဲ့ဆိုတော့ ဆေးသွင်းတာ ၄ ကြိမ်မြောက်မှာ လက်က အကြောတွေက မပေါ်တော့ဘူး။ ဒါနဲ့ ခြေထောက်အကြောကနေသွင်းတယ်။ အဆင်မပြေတော့ လူကမခံနိုင်တော့ဘူး။ ဒါနဲ့ မိတ်ဆွေဆရာဝန်တွေကို မေးကြည့်တယ်။ ကင်ဆာဆေးကို ခြောက်ကြိမ်သွင်းခိုင်းတယ်၊ ဘယ်နှကြိမ်သွင်းရင် ရပြီလဲဆိုတော့ သုံးကြိမ်ကျော်ရင် ရပြီလို့ဖြေတယ်။ ဒါနဲ့ လေးကြိမ်သွင်းပြီးတော့ မသွင်းတော့ဘူး”

ကင်ဆာဆေးသွင်းကုထုံး ခံယူချိန်တွင် ကင်ဆာလူနာအများစုမှာ အစားအသောက် ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းစသည့် ဝေဒနာများကို ခံစားရတတ်သော်လည်း ဦးဝင်းရှိန်မှာမူ ကံကောင်းစွာပင် အစားအသောက်လုံးဝမပျက်ခဲ့ပေ။ “ဆေးသွင်းတဲ့ရက်တွေမှာ စားလို့ကောင်းတယ်။ သူများထက် နှစ်ဆ-သုံးဆလောက် စားနိုင်တယ်။ အိမ်ပြန်ပြီး နောက်ရက်ကျတော့ ရေတောင်မဝင်တော့ဘူး။ ဘာစားစား အန်တယ်။ နောက်တော့ Ensure သောက်ရင်းနဲ့ ပြန်ကျန်းမာလာတယ်။ ဆရာဝန်ကလည်း ‘မစားချင်လို့မစားဘဲ ဒီအတိုင်းနေလိုက်ရင် ကိုယ်ပဲဒုက္ခရောက်မှာ၊ စားချင်ချင် မစားချင်ချင် ဝါးပြီးမျိုချရမယ်ဆိုတဲ့ တာဝန်ဝတ္တရားရှိတယ်လို့ ယူဆပြီး ဝါးပြီးမျိုချ၊ ဘာအရသာမှ ရှိရှိ/ မရှိရှိ စားလိုက်၊ အစာကို ဗိုက်ထဲဝင်သွားရင် အာဟာရဖြစ်တယ်’ဆိုပြီး ဆုံးမတယ်။ ဒါနဲ့ စားချင်ချင်၊ မစားချင်ချင် ဝါးပြီမျိုချလိုက်တယ် . .ဒီလိုနဲ့ နာလန်ပြန်ထူလာတာပဲ” ဟု ဦးဝင်းရှိန်ကဆိုသည်။

ကင်ဆာဆေးသွင်းချိန်တွင်သာ အနည်းငယ်ခံစားရသော်လည်း ဓာတ်ရောင်ခြည်ကုထုံး ခံယူရခြင်းအတွက် မည်သို့မျှ ထူးထူးခြားခြား မခံစားခဲ့ရကြောင်း ဦးဝင်းရှိန်ကဆိုသည်။ နောက်ပိုင်းတွင် အဆုတ်နှင့် ရင်ခေါင်းအထူးကုဆရာဝန်ကြီးနှင့် ခြောက်လတစ်ကြိမ် ပုံမှန်ငါးကြိမ်ခန့် ပြသခဲ့ရာ ဓာတ်မှန်ရိုက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“နောက်ပိုင်းကျတော့ မလိုတော့ဘူး၊ တစ်ခုခု ထူးထူးခြားခြားဖြစ်မှ ပြန်လာပြပါဆိုတာနဲ့ မပြရတော့ဘူး။ ၂၀ဝ၃ ခုနှစ်ကတည်းကခွဲတာ . .အခုဆို ၁၄ နှစ်ရှိပြီ။ ကျန်းမာနေတာပဲ” ကင်ဆာမျိုးရိုးမရှိဘဲ အဆုတ်ကင်ဆာ ဖြစ်ခဲ့ရခြင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့်ဟု ဦးဝင်းရှိန်ထင်သည်။

ဦးက ဆေးလိပ်ကို တစ်နေ့နှစ်ဘူးသောက်တာကိုး။ ဆေးလိပ်ကို အသက် ၁၆ နှစ်ကတည်းက သောက်ခဲ့တာ။ အရင်ကတော့ အများကြီးမသောက်ခဲ့ဘူး။ ၁၉၉၄ ခုနှစ်နောက်ပိုင်းကျမှ တစ်နေ့ကို ဆေးလိပ်နှစ်ဘူးလောက် သောက်ဖြစ်ခဲ့တာ။ ဒါကြောင့် ဖြစ်တယ်လို့ ထင်တာပဲ။

“ဦးကဆေးလိပ်ကို တစ်နေ့နှစ်ဘူးသောက်တာကိုး။ ဆေးလိပ်ကို အသက် ၁၆ နှစ်ကတည်းက သောက်ခဲ့တာ။ အရင်ကတော့ အများကြီး မသောက်ခဲ့ဘူး။ ၁၉၉၄ခုနှစ်နောက်ပိုင်းကျမှ တစ်နေ့ကို ဆေးလိပ်နှစ်ဘူးလောက် သောက်ဖြစ်ခဲ့တာ။ ဒါကြောင့်ဖြစ်တယ်လို့ ထင်တာပဲ။ ဦးက သူများတွေလို အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာမှ မရှိတာပဲ။ ဆေးလိပ်ကတော့ ဆေးပြင်းလိပ်ကအစသောက်တယ်။ အကုန်သောက်တာ။ ကင်ဆာဖြစ်လို့ ခွဲတော့မယ်ဆိုကတည်းက ဆေးလိပ်ဖြတ်လိုက်တာ”

အဆုတ်ကင်ဆာ အဆင့် (၄)ဖြစ်ပြီး အဆုတ်ညာဘက်တစ်ခြမ်းကို ဖြတ်ထုတ်ကာ ကုသမှုခံယူခဲ့ပြီးနောက် ၁၄ နှစ်ကျော်ကြာ ယခုအချိန်အထိ ကျန်းကျန်းမာမာရှိနေခြင်းမှာ အခြားရောဂါဝေဒနာများ မရှိခြင်းကြောင့်ဟု ဦးဝင်းရှိန်က ပြောသည်။ “တခြားရောဂါတွေ မရှိတဲ့အတွက် ဘာမှကုစရာမလိုဘူးလေ။ တခြားရောဂါတွေသာရှိရင် ဒီလောက် မခံလောက်ဘူး။ အခု စိတ်လောတာတို့၊ အမြင့်မြန်မြန်တက်တာတို့ဆိုရင်တော့ မရဘူး။ မောတယ်။ အဆုတ်တစ်ခြမ်းတည်းနဲ့ဆိုတော့ လေမဝတော့ဘူး။ ဒီတစ်ခုပဲ။ ဦးက အေးတာကြိုက်တော့ အရင်က သစ်သီးတွေဆို အအေးခန်းထဲထည့်ပြီးစားတတ်တယ်။ အခုကျတော့မရဘူး။ အဲဒီလို စားလိုက်ရင် ချောင်းဆိုးတယ်၊ ရေကို ဆင်ဆင်ခြင်ခြင်ချိုးရတယ်။ နွေးနွေးထွေးထွေးနေရတယ်။

ကင်ဆာဖြစ်ပြီဆိုတော့လည်း ဘာမှအထူးအထွေမခံစားရပါဘူး။ ဦးက ကြောက်မှမကြောက်တတ်ဘဲ။ လူဆိုတာ ကိုယ့်ကံရှိသလောက် နေရမှာပဲ။ ဒီလိုရောဂါတွေ ဘာတွေဖြစ်တယ်ဆိုတာ ဝဋ်ရှိလို့ခံရတာ . . ဒီလိုပဲသတ်မှတ်ထားလိုက်တယ်။ မကြောက်တတ်တာကြောင့်လည်း ကျော်လွှားနိုင်ခဲ့တာဖြစ်လိမ့်မယ်” ဦးဝင်းရှိန်၏ ကင်ဆာကုသမှုခရီးလမ်း ကုသအောင်မြင်ရခြင်းအကြောင်းရင်းထဲတွင် အားပေးစကားအချို့ကလည်း အထူးအရေးပါလှသည်။

“မိသားစုဆွေမျိုးတွေကတော့ ကင်ဆာကုနေစဉ်မှာ မစားချင်ရင် စားချင်အောင် အားပေးတာပေါ့။ ဆရာဝန်တစ်ယောက်က ရှင်းပြတယ်။ နိုင်ငံခြား ရုပ်ရှင်မင်းသား ဂျွန်ဝိန်းက အသက်ငယ်ငယ် ၄၀လောက်မှာ ကင်ဆာဖြစ်တယ်။ ဒါနဲ့ အဆုတ်တစ်ခြမ်းထုတ်လိုက်ရတယ်။ ထုတ်လိုက်ပေမယ့် လူကငယ်တဲ့အတွက် ကိုယ်ခံအားကောင်းတယ်။ ဒီတော့ နောင်အနှစ် ၂၀တောင် နေသွားရတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဆင်ဆင်ခြင်ခြင်နေရင် အသက်ရှည်မယ် . .ကိုယ်ခံအားကောင်းတုန်း၊ အသက်ငယ်တုန်းခွဲလိုက်ပါ၊ အားပေးပါတယ်’လို့ ပြောတယ်။ ဒီအားပေးစကားကြားတော့ တကယ်အားတက်သွားပါတယ်” ဟု ဦးဝင်းရှိန်က ဆိုသည်။

သားသမီးနှစ်ဦး၊ ဇနီးသည်နှင့်အတူ ကျန်းမာအေးချမ်းစွာ နေထိုင်လျက်ရှိသည့် အသက် ၆၄ နှစ်အရွယ် ဦးဝင်းရှိန်က အခြားကင်ဆာဖြစ်နေသူများ၊ ကင်ဆာကုသမှု ခံယူနေသူများကို သူ့အတွေ့အကြုံ မှတစ်ဆင့် အားပေးစကား ပြောကြားလိုက်ပါသည်။

“ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် ဖြစ်ပြီးမှတော့ ဘာမှကြောက်ဖို့ မလိုဘူးလေ၊ ကြောက်နေလည်း ဒါကြီးက ပျောက်သွားမှာမှ မဟုတ်ဘဲ။ ရဲရဲဝံ့ဝံ့နဲ့ ကုစရာရှိတာကု၊ ကင်ဆာဆေးသွင်းစရာရှိရင် ဆေးသွင်း၊ ဓာတ်ရောင်ခြည်ကုထုံး ခံယူဖို့လိုရင်ခံယူ . .သေချာအောင်ကုလိုက်ရင် ကောင်းသွားတာပါပဲ။ ဦးတုန်းက ကုပြီးတော့ လမ်း၂၀ကနေ သံဈေးက သူငယ်ချင်းဆီသွားတာ လေးခါနားရတယ်။ သားကဘေးက လိုက်ထိန်းပေးရတယ်။ ဦးက သူများတွေကို မကောင်းတာ ဘယ်တော့မှမလုပ်ဘူး၊ မတရားတာမလုပ်ဘူး။ ပုတီးစိပ်တယ်။ တစ်နေ့ကို ပုတီး ၉ ပတ် လေးမျိုးလောက်စိပ်တယ်။

ရောဂါဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ။ ရောဂါတစ်ခုဖြစ်လာရင် သူနဲ့ဆိုင်တဲ့ ကုထုံးတွေကို ပြီးပြတ်အောင်ခံယူရမယ်။ အရွက်တွေ အသီးတွေ စားတာလည်းစားပါ၊ ကုထုံးကို လုပ်သင့်တဲ့အတိုင်းကုပါ။ ဒါဆိုရင် ကုသအောင်မြင်မှာ ဖြစ်ပါတယ်”ဟု ဦးဝင်းရှိန်က အကြံပြုအားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top