Healthy Life Ad
Life Style

သုက်ပိုးကို သားဥပြွန်နှင့် ဝမ်းဗိုက်ခေါင်းထဲထည့်သည့်နည်း (IUTPI) ဖြင့် 2016ခုနှစ်တွင် သားလေး မွေးဖွားထားသူ၏ အတွေ့အကြုံ

ကလေးမရနိုင်သူ ဇနီးမောင်နှံတို့ပြုလုပ်နိုင်သော သန္ဓေတည်နိုင်ခြေရှိသည့်နည်း (IUTPI-Intrauterine Tuboperitoneal Infusion) ဆိုသည်မှာ သုက်ပိုးကို သားဥပြွန်နှင့် ဝမ်းဗိုက်ခေါင်းထဲ ထည့်ပြီး သန္ဓေအောင်ရန် ပြုလုပ်ခြင်းဖြစ်သည်။ ထိုနည်းမှာ သုက်ပိုးကို မိန်းမကိုယ်မှ သားအိမ်ခေါင်း၊ သားအိမ်ခေါင်းမှတစ်ဆင့် သားအိမ်၊ သားအိမ်မှ သားဥပြွန်၊ သားဥပြွန်မှဝမ်းခေါင်းထဲသို့ ထည့်ပေးခြင်းဖြစ်ပြီး ထည့်ပြီးအကြမ်းအားဖြင့် တစ်လခန့်အကြာတွင် အောင်မြင်မှု ရှိ၊ မရှိ သိနိုင်ကြောင်း၊ ကလေးမရနိုင်သည့် အမျိုးသမီးများတွင် စမ်းသပ်နိုင်ကြောင်း နှင့် အခြေခံလူတန်းစားတို့အတွက် ရည်ရွယ်စမ်းသပ် ခြင်းဖြစ်၍ ကုန်ကျစရိတ်သက်သာမှုရှိကြောင်း သိရသည်။ မြန်မာငွေ ငါးသောင်းနှင့် ခုနစ်သောင်းကြားသာ ကုန်ကျခဲ့သည့် အဆိုပါနည်းလမ်းကို ၂၀၁၅ ခု နစ်၊ ဧပြီလက ပြုလုပ်ခဲ့ပြီး ၂၀၁၆ ခုနစ်တွင် ကိုယ်အလေးချိန် ၇ ပေါင် ၁ အောင်စရှိ သားယောကျာ်းလေးကိုအောင်မြင်စွာမွေးဖွားခဲ့သူ အသက် ၃၁ နှစ် အရွယ်မသီရိဝင့်၏ အတွေ့အကြုံကို မေးမြန်းဖော် ပြလိုက်ပါသည်။

သုက်ပိုးကို သားဥပြွန်နဲ့ ဝမ်းဗိုက်ခေါင်းထဲထည့်ပြီး သန္ဓေအောင်ဖို့ ပြုလုပ်နည်း (IUTPI)နဲ့ ပြုလုပ်ဖို့ ဘယ်လို စိတ်ကူးရခဲ့တာပါလဲ။
ကျွန်မတို့နဲ့ သဘာဝနည်းနဲ့ ရထားတဲ့ သားဦးလေးတစ်ယောက်ရှိပါတယ်။ကလေးနောက်တစ်ယောက် ထပ်ယူမယ်ဆိုပြီး မိသားစုစီမံကိန်းချတဲ့အချိန်မှာ တစ်နှစ်လောက်အထိ ကလေးမရပါဘူး။ ကလေးမရလာတဲ့အတွက် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းမြင့်သူထံ သွားရောက်တိုင်ပင်ဖြစ်ခဲ့ပါတယ်။

ဆရာကြီးက ပထမဆုံး သားဥမကြွေလို့လား ဆိုပြီး သားဥကြွေဆေးတိုက်တယ်၊ ပြီးတော့ သားဥကြွေ၊ မကြွေစစ်တော့လည်း သားဥကြွေပါတယ်။ ဒါပေမဲ့ ကလေးက မရဘူး။ အဲဒါနဲ့ သားဥပြွန် နှစ်ဖက်စလုံး ပွင့်၊ မပွင့် စစ်ခိုင်းပါတယ်။ သားဥပြွန်ကလည်း ပွင့်ပါတယ်။

ဒါနဲ့ အမျိုးသား သုက်ပိုးအားနည်းလို့လားဆိုပြီး စစ်ခိုင်းပါတယ်။ အဲဒါလည်း အားမနည်းပါဘူး။ ပုံမှန်ရှိသင့်တဲ့ ပမာဏထက်တောင် ပိုများနေပါသေးတယ်။ ကျန်းမာရေးစစ်ဆေးမှုတွေ အကုန်လုံးကောင်းနေပေမယ့်လည်း ကျွန်မတို့ ဒုတိယကလေးကရမလာခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတာတော့ ကျွန်မတို့လည်း မသိဘူး။

အဲဒါနဲ့ ဆရာကြီးက ရာသီလာပြီး ဘယ်ရက်ကနေ ဘယ်ရက်အတွင်းဆိုရင် သားဥကြွေတယ်ဆိုတော့ အဲဒီရက်တွေမှာ အတူနေသင့်တယ်လို့ တွက်ပေးတယ်။ အဲဒီလိုနေပေမယ့်လည်း ကလေးက မရပါဘူး။ သဘာဝအတိုင်း ထပ်ရမလားဆိုပြီး စောင့်နေတာ တစ်နှစ်လောက် ထပ်ကြာသွားပါတယ်။

အဲဒီအချိန်မှာ ဆရာကြီးက IUTPI နည်းလမ်းကိုပြောပြတာနဲ့ ကျွန်မတို့လင်မယားနှစ်ယောက်တိုင်ပင်ပြီး အဲဒီနည်းအတိုင်း လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတာပါ။

ဒီနည်း မပြုလုပ်ခင် ဘာတွေ ဆောင်ရ၊ ရှောင်ရ ပါသေးသလဲ။
ရာသီလာပြီး ရက်ပိုင်းအတွင်း သားဥကြွေ၊ မကြွေ စမ်းရပါတယ်။ သားဥကြွေပြီး ၂၄ နာရီအတွင်း ထည့်မယ်လို့ ဆရာကြီးက ပြောပါတယ်။ အဲဒါနဲ့ ရာသီလာပြီး သားဥကြွေ၊ မကြွေ စမ်းတော့ သားဥကြွေ ပါတယ်။ ဖြစ်ချင်တော့ ၂၄ နာရီအတွင်းထည့်ဖို့အတွက် ၂၀၁၅၊ သင်္ကြန်တွင်းကြီးမှာပဲ ညဘက်မှာ ဒီနည်းကို Women Center မှာလုပ်ဖြစ်ခဲ့တာပါ။ အမျိုးသားကိုပါ ခေါ်သွားရပါတယ်။ ကျွန်မကတော့ ဘာတစ်ခုမှလုပ်စရာမလိုဘူး၊ အစားအသောက်လည်း မရှောင်ရဘူး။ ဘာထွေထွေထူးထူးမှလိုက်နာစရာမလိုဘူး။ ဆေးရုံရောက်တော့ အမျိုးသားကို လက်တွေဘာတွေ သေချာ ဆေးကြောခိုင်းတယ်၊ သူ့ဘာသာသုက်ပိုးကို ထုတ်ခိုင်းတယ်။ ပြီးတော့ သုက်ပိုးအားကောင်းအောင် Ringer Lactate နဲ့ ရောပြီးဆရာကြီးက ဆေးထိုးပြွန်နဲ့ ထည့်ပေးပါတယ်။

ထည့်တဲ့အချိန်မှာ နည်းနည်းနာပါတယ်။ ဆေးရုံမှာ ရေနွေးအိတ်ကပ်ပြီး အချိန် ၂ နာရီ-၃ နာရီ လောက်နေရပါတယ်။ နာတာသက်သာအောင် အကိုက်အခဲပျောက်ဆေးတွေ ပေးလိုက်ပါတယ်။ ဒါပေမဲ့ ရေနွေးအိတ်ကပ်လိုက်တာနဲ့ကို တော်တော်သက်သာပါတယ်။

အဲဒီနည်းလမ်းလုပ်ပြီး တခြားဘာတွေ လိုက်နာရပါသေးသလဲ။
ဒီနည်းလမ်း လုပ်ပြီး ဘာမှဆက်လုပ်စရာတော့ မလိုဘူး။ နောက်လကျရင် ရာသီလာ၊ မလာ စောင့်ကြည့်ဖို့၊ ရာသီလာရင်လည်း အကြောင်းကြားပါ၊ မလာရင်လည်း အကြောင်းကြားပါလို့ ဆရာကြီးက မှာလိုက်တယ်။ ရာသီမလာတော့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ဆီးစစ်ကြည့်တော့လည်း မပေါ်ဘူး။ အဲဒါနဲ့ ဆက်စောင့်ကြည့်မယ်ဆိုပြီး နှစ်ပတ်လောက်နေတော့ ဆီးစစ်ကြည့်လိုက်တဲ့အခါ ကိုယ်ဝန်ရှိတယ် လို့ပေါ်တယ်။

သေချာအောင်ဆိုပြီး အပြင်ကရိုက်တဲ့ အာထရာဆောင်းမဟုတ်ဘဲ အောက်ကနေပါ ရိုက်ရတယ်။ နှစ်ပတ် တစ်ခါလောက် အာထရာဆောင်းရိုက်ပြီး နှစ်လ- သုံးလလောက်ဆိုမှ ကိုယ်ဝန်ရှိတာ သေချာသွားပြီဆိုလို့ ဆရာကြီးက ပြောတယ်။

ကိုယ်ဝန်သုံးလ-လေးလလောက်ကျတော့လည်း ဒီအချိန်က ကလေးရဲ့ လက်တွေ၊ ခြေတွေ ဖွံ့ဖြိုးတဲ့အချိန်ဆိုပြီး လှုပ်လှုပ်ရှားရှား သိပ်မလုပ်ခိုင်းဘူး။ ကိုယ်ဝန်ဆောင်ကာလမှာလည်း ပုံမှန်အတိုင်း ပဲ စားသောက်ရတယ်။ ကိုယ်ဝန်ဆောင်အားဆေးကို ဆရာကြီး ညွှန်ကြားတဲ့ ဆေးကိုပဲ သောက်ခဲ့ပါတယ်။

သဘာဝနည်းနဲ့လည်း ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖူးတယ်ဆိုတော့ ဘယ်လိုကွာခြားမှု ရှိပါသလဲ။
သဘာဝနည်းနဲ့ ကိုယ်ဝန်ဆောင်ကလေးမွေးတာနဲ့ ဒီနည်းနဲ့ ကိုယ်ဝန်ဆောင်ကလေးမွေးတာကြားမှာ ဘာကွာခြားမှုမှတော့ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်က လိုချင်ရက်နဲ့ ဒီနည်းလမ်းကို လုပ်ထားတာဆိုတော့ တစ်ခုခု ဖြစ်သွားမှာစိုးရိမ်တဲ့စိတ်တော့ ရှိတာပေါ့။ အဲဒီလို စိုးရိမ်လို့လား မသိပါဘူး။ ကလေးက ကိုယ်ဝန်ခြောက်လမှာ ကန့်လန့်ဖြစ်သွားတယ်၊ ပြီးတော့ ကိုယ်ဝန် ခုနစ်လမှာ ဗိုက်နာတယ်၊ ဆေးရုံတက်ခဲ့ရ တယ်။ ဆရာကြီးက ဒီအချိန်မှာ မွေးရင် ကလေးရဲ့အဆုတ်က ကောင်းကောင်း အလုပ်မလုပ်သေးတဲ့အတွက် မွေးလို့ မဖြစ်ဘူးဆိုပြီး ပြောတယ်။ ၂၈ ပတ်နဲ့ ဗိုက်နာနေတော့ ဆရာကြီးက ကျွန်မကို သန္ဓေခိုင်ဆေးထိုးပေးပါတယ်။ သန္ဓေခိုင်ဆေးထိုးပြီးတာနဲ့ အိပ်ရာထဲမှာပဲ နားနေရတော့တယ်။ ခဏခဏ ဗိုက်နာနေတာနဲ့ မွေးခါနီးအထိ အိပ်ရာထဲမှာပဲ အနားယူရပါတယ်။

ကလေးကို ဗိုက်ခွဲမွေးခဲ့တာလား၊ ရိုးရိုးမွေးခဲ့တာလား။
ရိုးရိုးမွေးတာပါ။ ခုနစ်လမှာ သားအိမ်ခိုင်ဆေး ထိုးလိုက်တော့ နောက်ပိုင်း ဘာမှမဖြစ်တော့ဘဲနဲ့ ၁၀ လပြည့်ဖို့တစ်ပတ်အလိုအထိ ဘာမှမဖြစ်တော့ဘူး။ အဲဒါနဲ့ ဆေးရုံတက်ရတယ်။ ခွဲမွေးမလားလို့ ဆရာကြီးက မေးပေမယ့် ကျွန်မကတော့ ရိုးရိုးပဲ မွေးချင်တယ်လို့ပြောတာနဲ့ ရေမြွှာကလည်း မပေါက် တော့ရေမြွှာဖောက်ပေးခဲ့ရတယ်။ အဲဒါဗိုက်နာမလား ဆိုပြီးစောင့်တာ၊ ဆရာကြီးက ကျွန်မတက်တဲ့ ပန်းလှိုင်အခန်းရဲ့ ဘေးအခန်းမှာ အိပ်ပြီးကို စောင့်ပေးတာ။ ရေမြွှာလည်း ဖောက်ပြီး သွေးဆင်း၊ ရေဆင်းပေမယ့် လုံးဝဗိုက်မနာဘူး။ ထမင်းစားလိုက်၊ ရေသောက်လိုက်လုပ်နေတာ။ ဗိုက်မနာတာနဲ့ သားအိမ် ညှစ်အားကောင်းဆေးသွင်းပေးခဲ့တယ်။ အဲဒီလိုနဲ့ ညနေကျတော့ မွေးခဲ့တယ်။ မွေးခန်းထဲ ရောက်သွား တဲ့အချိန်မှာ သုံးခါပဲ ညှစ်လိုက်ရတယ်။ မောရင် နားလိုက်၊ စားချင်တာ စားလိုက်၊ ပြန်ညှစ်လိုက်နဲ့ သုံးခါညှစ်ပြီးတာနဲ့ သားလေးကထွက်လာရော။

ဒီနည်းက သားလေး၊ သမီးလေး ရွေးလို့ရပါသလား။
ဒီနည်းက ကလေး ကျား-မကိုတော့ ရွေးလို့ မရဘူးလို့ သိရပါတယ်။

IUTPI နည်းကိုစိတ်ဝင်စားနေကြတဲ့ ဇနီးမောင်နှံတွေအတွက် ပေးချင်တဲ့ အကြံပြုချက်လေးရှိရင် သိပါရစေ။
ကိုယ်က ကလေးရဖို့ အခွင့်အလမ်းကလည်း အပြည့်ရှိတယ်၊ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကလေးကလည်း ရမလာဘူးဆိုရင် ဆရာကြီးနဲ့ သေချာတိုင်ပင်ပြီး ဒီနည်းလမ်းကို လုပ်သင့်ပါတယ်။ တ ချို့ကျတော့ ကလေးရဖို့ စိတ်ရှည်ရှည်နဲ့ မလုပ်ကြဘူး။ ဆရာကြီးဆီ တစ်ခေါက်-နှစ်ခေါက် သွားတွေ့ပြီး မအားလို့ဆိုပြီး ထပ်မသွားတော့ဘူး။ အဲဒီလို လက်လျှော့သွားကြတယ်။ တချို့ကျတော့လည်း သူ့ဘာသာ အချိန်တန်ရင်ရသွားလိမ့်မယ်ဆိုပြီး ကလေးမရဘူး၊ မရဘူးပဲ ညည်းညူနေကြတယ်။ တကယ်တော့ သေချာအချိန်ပေးပြီး တိုင်ပင်ဆွေးနွေးလုပ်ဆောင်မယ်ဆိုရင် သားသမီးရတနာလေးရလာမှာပါ။

ပြီးတော့ ဈေးလည်း မကြီးဘူးလေ။ ကျွန်မလုပ်တဲ့ ၂၀၁၅ဧပြီလတုန်းကဆိုရင် စုစုပေါင်းခြောက်သောင်းကျော်-ခုနစ်သောင်းနီးပါးပဲ ရှင်းခဲ့ရပါတယ်။

တချို့က အမျိုးသားဆရာဝန်နဲ့ ပြရမှာကို ရှက်ကြတယ်။ အိမ်ထောင်ပြုပြီး ကလေးမွေးတယ်ဆိုတာ သဘာဝပဲလေ။ သားသမီးယူဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် တကယ်စိတ်ချရတဲ့နေရာကို သွားပြလိုက်တာက ကိုယ့်ခွန်အားလည်း မကုန်ဘူး၊ ကိုယ့်အချိန်လည်း မကုန်ဘူး၊ ငွေလည်း မကုန်ဘူးလေ။ ဆရာကြီးက အသေးစိတ်ဂရုစိုက်ပေးပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top