Healthy Life Ad
Life Style

သားအိမ်ပြွန်ပိတ်ခြင်း(Blocked Fallopian Tubes)

ဒေါက်တာတင့်ဆွေ

၁။ ဆရာရှင် ကျွန်မအသက် ၃၉ နှစ်ပါ။ သားသမီး မရလို့ ဆေးစစ်တာ သားဥပြွန်ပိတ်နေတယ်လို့ သိရပါတယ်။ သားဥပြွန်ပွင့်အောင် လုပ်လို့ရတဲ့နည်း ရှိပါသလားရှင်။ ရှိရင် ဘယ်မှာလုပ်လို့ရလဲသိချင်ပါတယ်ရှင်။ ကျေးဇူးပြုပြီးဖြေပေးပါရှင်။ ကျွန်မ သားသမီး လိုချင်ပါတယ်ရှင်။ ကျွန်မအသက်နဲ့ လုပ်လို့ရနိုင်ပါသေးလားရှင်။

၂။ ကျွန်မ အသက် ၃၈ နှစ် အိမ်ထောင်ရှိပါတယ်။ ကလေးမရှိသေးပါ။ လွန်ခဲ့တဲ့ ၂ နှစ်က သားအိမ်အတွင်းက myoma ကို ခွဲစိတ်ကုသဖူးခဲ့ပါတယ်။ ကလေးမရသေးလို့ OG နဲ့ ပြပြီး မျိုးဥကြွေဆေးနဲ့ folic acid သောက်ခိုင်းလို့ ၆ လကျော်ခဲ့ပါပြီ။ OG ဆရာဝန်က ကလေးမရတဲ့အတွက် သားအိမ်အတွင်း မှ သားဥပြွန်တွေ စစ်ဆေးကြည့်ချင်လို့ ကျွန်မကို မနက်ဖြန် HSG သွားရိုက်ခိုင်းပါတယ်။ နားမလည်လို့ပါဆရာ။ HSG ရိုက်ရင် အန္တရာယ်ရှိပါသလား။ နာကျင်ပါသလား။ HSG ရဲ့အဓိပ္ပာယ်ကို သိချင်ပါတယ်ဆရာ။

၃။ ဆရာရှင့် သမီးအိမ်ထောင်ကျတာ တနှစ်လေးလ ရှိပါပြီ။ ကလေးမရလို့ ဧပြီလ ၂၀၁၆ မှာ —က OG နဲ့ပြပါတယ်။ သူပြောတဲ့စစ်ဆေးမှုတွေ လုပ်ကြည့်ပါတယ်။ မျိုးဥကြီးထွားမှု စစ်ဆေးချက်နဲ့ သားအိမ်အတွင်း ultrasound စစ်ဆေးချက်တွေပါ။ အဲဒါနဲ့ ပတ်သက်လို့ မေးချင်လို့ပါ။ ညာဘက် သားဥပြွန် ပိတ်နေတယ်လို့ပြောပါတယ်။ ဖွင့်လို့တော့ရတယ်၊ ပွင့်၊ မပွင့် အာမမခံဘူးလို့ပြောပါတယ်။ မြန်မာပြည် မှာရောကုသပေးပါသလားရှင်။ ဆရာရဲ့ ဆေးပညာ အမြင်နဲ့ အကြံပြုချက်လိုချင်လိုပါ။ သမီးကလေးလို ချင်ပါတယ်။

၄။ မင်္ဂလာပါဆရာ။ ကျွန်မအသက် ၃၂ နှစ်ပါ။ အိမ်ထောင်ကျတာ ၂နှစ်ကျော်ပါပြီ။ ကလေးမရသေးပါ။ တားဆေးလုံးဝ မသောက်ဖူးပါ။ သုက်ပိုးထည့်တဲ့နည်းပြုလုပ်ကြည့်ဖို့ရှိပါတယ်ရှင့်။ သားဥပြွန်ပိတ်တယ် ဆိုတာသိချင်လို့ပါ။ တကယ်လို့ သားဥပြွန်ပိတ်တဲ့သူတွေဆို ကလေးမရနိုင်တော့ဘူးလား သိချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။ ဆရာကျန်းမာပါစေ။

သားအိမ်ပြွန်ပိတ်စေတဲ့ အကြောင်းရင်းတွေကို စာရင်းချရေးရရင် –

Endometriosis သားအိမ် (တစ်ရှူး) တွေ တခြားနေရာတွေကိုရောက်နေခြင်း၊

Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်း၊

Uterine Fibroids သားအိမ်အကျိတ်၊

Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း၊

Tubal Ligation Removal သားကြောဖြတ်ခြင်း၊

Complications from lower abdominal surgery and Cesarean section ဗိုက်ခွဲခြင်း၊ ဗိုက်ခွဲကလေးမွေးခြင်း၊

Genital Tuberculosis မျိုးပွားလမ်းတီဘီ ဖြစ်ခြင်း။

သားအိမ်ပြွန်ပိတ်နေတဲ့ အဓိကနေရာ (၃) ခုရှိတယ်။ အဖျား၊ အရင်းနဲ့ အလယ်နေရာတွေမှာ ဖြစ်တယ်။ အရင်းမှာပိတ်တာက ပိုးဝင်ရာကနေ ဖြစ်တာ။ ကိုယ်ဝန်ဖျက်တာ၊ ကိုယ်ဝန်ပျက်တာ၊ ဗိုက်ခွဲမွေးတာ နဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါရဖူးသူတွေမှာ ၄ ယောက်မယ် ၁ ယောက် သားအိမ်ပြွန်ပိတ်နိုင်တယ်။

အလယ်နေရာပိတ်တာက ကလေးမလိုချင်လို့ ဖြတ် (ချည်) ထားလို့ဖြစ်တယ်။ အဖျားမှာ လာပိတ် တာကတော့ Hydrosalpinx အရည်အောင်းနေတာနဲ့တွဲနေတယ်။ များသောအားဖြင့် လိင်ကတဆင့် ကူးစက်တဲ့ Chlamydia trachomatis infection ကြောင့်ဖြစ်ပြီး ဆေးမကုဘဲ နေရင်ဖြစ်မယ်။ ဒါမှမဟုတ် သားအိမ်ပြင်ပ သန္ဓေတည်ရာကနေ ထိခိုက်လို့ဖြစ်တယ်။ PID, Endometriosis, Uterine fibroids or Abdominal surgery တွေကြောင့်လည်း ဖြစ်နိုင်တယ်။

သားအိမ်ပြွန်ပိတ်နေတာကို ဘယ်လိုသိမလဲ
ဒီအတိုင်းနဲ့မသိနိုင်ပါ။ တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်ဖူးသူဆိုရင်တော့ ဆီးစပ်နဲ့ဗိုက်အောက်ပိုင်းမှာ နာတာ၊ အဖြူဆင်းတာ၊ အတူနေစဉ်မှာ မနာသင့်ဘဲ နဲ့နာတာမျိုးတွေ ခံစားရနိုင်တယ်။ အိမ်ထောင်ကျပြီး ကလေး (ကိုယ်ဝန်) မရတော့မှ ဆေးစစ်ရာကနေ ပိတ်နေတာကိုသိရတယ်။

ပိတ်နေတာသိအောင် နည်းတွေ –
Hysterosalpingogram (HSG) ခေါ်တဲ့ ဓာတ်မှန်ရိုက်တယ်။ မွေးလမ်းကြောင်းကနေ ပိုက်ငယ်ကလေးထည့်ပြီး ဆေးသွင်းပြီးမှ ရိုက်ရတယ်။

Chromotubation test နည်းကလည်း ဆေးထည့်တယ်။ Laparoscopy ဗိုက်ထဲကို ကိရိယာထည့်ပြီး စစ်ဆေးတယ်။ ဆေးကအပြာရောင်ဖြစ်ပြီး ဓာတ်မှန်နဲ့ ကြည့်မရဘူး။ စိတ်အချရဆုံးနည်းလို့ သတ်မှတ်တယ်။

Sonohysterography နည်းက(အာလ်ထွာဆောင်း)ကို သုံးတယ်။ သားအိမ်ပြွန်လေးက ကျဉ်းတော့ကြည့်ရတာခက်တယ်။ Hydrosalpinx ပြွန်မှာ အရည်အောင်းနေတာတို့ Fibroids သားအိမ်အကျိတ်တို့ကို ကောင်းကောင်းသိနိုင်တယ်။ Hydrosalpinx ရှိနေရင် IVF နည်းနဲ့ ကလေးရအောင် မလုပ်ခင်မှာ ခွဲစိတ်ကုသပေးရတယ်။ဒါမှမဟုတ် Salpingostomyပြွန်ကို ပြန်ဆက်ပေးနည်းလည်း လုပ်နိုင်တယ်။ ထာဝရကောင်းချင်မှ ကောင်းမယ်။

Fimbrioplasty ခွဲစိတ်နည်းဆိုတာ ပြွန်အဖျား လက်ဝါးလိုနေတဲ့နေရာမှာ ဒဏ်ရာရထားရင်လုပ်ပေးတယ်။ ခက်တယ်။

Selective tubal cannulation နည်းကို Proximal tubal occlusion ပြွန်နဲ့ သားအိမ်ဆုံ ရာနေရာမှာပိတ်နေတာအတွက် လုပ်ပေးတယ်။ Hy- steroscopy or Fluoroscopy ကိရိယာသုံးရတယ်။ မွေးလမ်းကြောင်း-သားအိမ်ဝကနေ ပြွန်လေးတခု သွင်းရတယ်။

Tubal reanastomosis တချိန်တုံးက ကလေးမလိုချင်တော့လို့ ပိတ်(ဖြတ်-ချည်)ထားသူကို ပြန်ဆက်ပေးနည်း ဖြစ်တယ်။ Tubal Reversal လို့လည်းခေါ်တယ်။ microscope အနုကြည့်မှန် ဘီလူးသုံးရတယ်။

ခွဲစိတ်ကုသနည်းတွေမှာ အောင်မြင်နှုန်းတမျိုးစီ ရှိသလို သတိထားရမှာတွေလည်း ကိုယ်စီရှိပါတယ်။ မအောင်မြင်တာ၊ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ ဗိုက်ခွဲရသူတိုင်း ကြုံနိုင်တဲ့သတိထားစရာတွေရှိတယ်။ တချို့ကို မေ့ဆေး၊ တချို့ကို ခါးထိုးဆေးနဲ့ တချို့ကို မေ့ဆေးနဲ့လုပ်ပါတယ်။ နာတယ်ဆိုတာ ခံနိုင်ရည်ရှိတာထက်မပိုပါ။သဘာဝနည်းတွေဆိုပြီးရှိတယ်။ ဆရာဝန်တွေ ကမညွှန်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top