Healthy Life Ad
Q & A

ခြေသန်းကျိုးသွားလျှင်

မေး ။ ခြေသန်းကျိုးသွားရင် ငွေကုန်ကြေးကျခံပြီး ကုဖို့ မလိုဘဲထားလို့ရသလို ကျိုးသွားတဲ့အရိုးက အလိုအလျောက်ဆက်သွားလိမ့်မယ်လို့သိရပါတယ်။ ဟုတ်ပါသလား။ ဟုတ်ရင် အချိန် ဘယ်လောက် စောင့်ရမလဲ။ ကျိုးသွားတဲ့ ခြေသန်းကို မကုဘဲထားရင် အရိုးပိုးဝင်တတ်ပါသလား။ ခြေသန်းကို ခွဲစိတ်ပြီး စတီး ချောင်းထည့်ကုဖို့ လိုသလား။ အရိုးပြန်ဆက်သွားရင် ဘယ်လိုအစားအစာနဲ့ ဆေးဝါးကို မှီဝဲစားသုံးဖို့ လိုပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ခြေသန်းမှာ အဆစ်လေးတွေ ဆက်ထားတာ ရှိပါတယ်။ ခြေသန်းကျိုးသွားတယ်ဆိုတာ မြန်မာလိုကသာ ကျိုးတယ်ပြောတာ။ အင်္ဂလိပ်လိုကျတော့ အက်တာလည်း Fracture လို့ခေါ်တယ်။ ကျိုးတယ်ဆိုလည်း Fracture လို့ပြောတယ်။ ဒါကြောင့် ခြေသန်းကျိုးတယ်ဆိုတာက ဘယ်လိုမျိုးလဲ ပြန်ကြည့်ဖို့လိုတယ်။ အက်ရုံပဲ အက်တာမျိုးလား၊ ဟိုဘက်ဒီဘက် လုံးဝကို ပြတ်ပြီး ကျိုးသွားတာမျိုးလား။ ဒါမှမဟုတ် အလိုင်းမန့် (Alignment)က တည့်နေသလား၊ စောင်းသွားသလား . . အဲဒီပေါ်မှာ မူတည်ပြီး ကုသပုံကွဲပါတယ်။ အရိုးအက်ရုံပဲ၊ အသက်ကလည်း ငယ်တယ်ဆိုရင် ပြန်ဆက်နိုင်တဲ့အခွင့်အလမ်းများပါတယ်။ အဲဒါဆိုရင် ပတ်တီးလေးပဲ စည်းရုံနဲ့ ရပါတယ်။ အသက်ကြီးတယ်၊ အလိုင်းမန့်အောက်တယ်ဆိုရင် သူ့အလိုအလျောက် ပြန်ဆက်ဖို့ ခက်ပါတယ်။ အဲဒီလို ပြန်ဆက်နိုင်တဲ့ အခွင့်အလမ်းနည်းရင်တော့ စတီးချောင်းထည့်ပြီး ကုရပါတယ်။ အဲဒီတော့ ယေဘုယျအားဖြင့် အရိုးတွေ ပြန်ဆက်တာက ခန္ဓာကိုယ်က သူ့အလိုလို ပြန်ဆက်တာပါ။ အပြင်ကနေ ငြိမ်နေအောင် ကျောက်ပတ်တီးကိုင်ပေးတာပါ။ အသက်ငယ်တယ်၊ အက်ရုံပဲ အက်တယ်ဆိုရင် သူ့အလိုလို ပြန်ဆက်နိုင်ခြေများပေမယ့်လည်း ငြိမ်ငြိမ်လေးဖြစ်အောင်ထားဖို့ လိုပါတယ်။

အရိုးပြန်ဆက်ဖို့ ကယ်လ်ဆီယမ်ပါတဲ့ အစားအသောက်တွေ (နို့နဲ့ နို့ထွက်ပစ္စည်း၊ အစိမ်းရောင် ဟင်းသီးဟင်းရွက် စသဖြင့်) စားပေးရပါမယ်။ အသက်ကြီးတဲ့သူတွေမှာ အရိုးပါး၊အရိုးပွရောဂါ ဖြစ်နှုန်းက အနည်းနဲ့ အများရှိတတ်တဲ့အတွက် အရိုးက အလိုအလျောက် ပြန်ဆက်ဖို့ ခက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top