Healthy Life Ad
Child

ကလေးများတွင် လက်ဖျံရိုးကျိုးခြင်း

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ ကလေးတွေမှာ အဖြစ်များတဲ့ လက်ဖျံရိုးကျိုး ခြင်းအကြောင်းကို သိပါရစေဆရာ။
ဖြေ။ ။ ကလေးတွေက အရိုးကျိုးတာက အဖြစ်များပါတယ်။ အထူးသဖြင့် အဖြစ်များတဲ့ အရိုးကျိုးတာကို သစ်စိမ်းချိုးကျိုးခြင်း(Green- stick Fracture)လို့ ခေါ်ပါတယ်။ အထူးသဖြင့် ဖြစ်လေ့ဖြစ်ထရှိတာက လက်ဖျံရိုးကျိုးတာ (Forearm Fracture) ဖြစ်ပါတယ်။

မေး။ ။ သစ်စိမ်းချိုး ကျိုးတယ်ဆိုတာက ဘာကိုဆိုလိုပါသလဲဆရာ။
ဖြေ။ ။ သစ်စိမ်းချိုးကျိုးတယ်ဆိုတာအရိုးက တစ်ဖက်က ကျိုးသွားပေမယ့် တစ်ဖက်က ကျန်နေတယ်၊ သစ် စိမ်းချိုးကျိုးသလိုပဲ တစ်ခုလုံးကျိုးသွားတာ မဟုတ်ပါဘူး။ အဲဒီသဘောတရားရှိတာကြောင့် Green- stick Fracture လို့ ခေါ်တာပါ။ ဒီလိုတစ်ခုလုံးမကျိုးပေမယ့် တစ်ခါတလေမှာ လက်က ကောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ လက်ဖျံရိုးမှာ အဓိကတွေ့ရတတ်ပါတယ်။ ကလေးတွေက ဆော့ကစားရာက ချော်လဲတာ၊ အမြင့်ကနေ ပြုတ်ကျတာတွေဖြစ်ပြီး လက်ကို ထောက်မိတာကြောင့် လက်ဖျံရိုးကျိုးတာက အဖြစ်များတတ်ပါတယ်။

မေး။ ။ ဒီလိုကျိုးတဲ့အခါ ကလေးတွေမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတွေ လက်ဖျံရိုးကျိုးတဲ့အခါမှာ အရင်ဆုံး ဖြစ်တတ်တာကတော့ နာတာပါပဲ။ နောက်တစ်ခုအ နေနဲ့ လက်က ကောက်နေတတ်ပါတယ်။ ဒီလို လက်က ကောက်နေတယ်ဆိုရင်ဒီအတိုင်းထားလို့ အဆင် မပြေပါဘူး။ ဒီအချိန်မှာ အရိုးကို တည့်သွားအောင်၊ ဖြောင့်သွားအောင် မေ့ဆေးပေးပြီး ကျောက်ပတ်တီး စည်းပေးရပါတယ်။ ကျောက်ပတ်တီးစည်းတဲ့အခါမှာ ခိုင်အောင် သေချာစည်းပေးရပါတယ်။ ကျောက် ပတ်တီးစည်းထားလည်း ကလေးရဲ့သဘောသဘာဝအရ ဆော့တတ်တော့ ပြန်ကောက်သွားတတ်တာကြောင့် ကျောက်ပတ်တီးကို ခိုင်အောင် စည်းပေးရတာဖြစ်ပါတယ်။

မေး။ ။ လက်ဖျံရိုးကျိုးတာကို ကျောက်ပတ်တီးစည်း ထားပြီးချိန်မှာ ကလေးရဲ့ လက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်ပါသလားဆရာ။
ဖြေ။ ။ ကျောက်ပတ်တီးစည်းထားပေမယ့် တစ်ပတ်- ၁၀ ရက်လောက်နေရင် ဓာတ်မှန်ပြန်ရိုက်ကြည့်ရပါ တယ်။ ကျောက်ပတ်တီးစည်းထားကာစမှာ အရိုးက ဖြောင့်နေပေမယ့် တစ်ပတ်လောက်အကြာမှာကလေးရဲ့ အရိုးက ပြန်ကောက်သွားတတ်ပါတယ်။ တကယ်လို့ အရိုးက ပြန်ကောက်သွားရင် ပြန်တည့်အောင် ကုသပေးရမှာ ဖြစ်တာကြောင့် အဲဒီအချက်ကို လွတ်မသွားအောင် ဓာတ်မှန်ရိုက်ပြီး ပြန်ကြည့်ပေးဖို့ အရေးကြီးပါတယ်။ ကျောက်ပတ်တီး ဖြည်မှ အရိုးက ကောက်နေတာမျိုး မဖြစ်အောင် တစ်ပတ်-၁၀ရက် လောက်ရှိရင် ဓာတ်မှန်ပြန်ရိုက်ကြည့်ပြီး အရိုးအခြေ အနေကောင်းရဲ့လား၊ တည့်ရဲ့လား ဆိုတာကို ပြန်ကြည့်ဖို့ လိုပါတယ်။
ကလေးက ငယ်သေးတဲ့အရွယ်ဆိုတော့ သူတိုရဲ့ လက်မောင်းတွေက သေးတာကြောင့် ကျောက်ပတ်တီးနဲ့ ထိန်းရတဲ့အခါမှာ နည်းနည်းခက်ပါတယ်။ ကလေး အသက်က ငယ်လေလေ၊ ကျောက်ပတ်တီးစည်းရတာ ခက်လေလေပါပဲ။

ကလေးတွေမှာ ပုံမှန်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ် ကိုရရှိဖို့အတွက် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို များများ ကျွေးပါ၊ နွားနို့ကို အဓိကတိုက်ပါ။ နွားနို့က ဈေးလည်း သင့်တင့်ပေမယ့် မြန်မာလူမျိုးတွေက မကြိုက်တတ် ကြပါဘူး။ နွားနို့ကို ကြိုက်တဲ့ အကျင့်ဖြစ်အောင် တိုက်ပေးပြီး ပုံမှန်သောက်တတ်တဲ့ အကျင့်ဖြစ်အောင် လုပ်ပေးပါ။

မေး။ ။ ကလေးတွေမှာ ကျောက်ပတ်တီးစည်းရခက်တာကြောင့် အရိုးကျိုးတာကို ခွဲစိတ်ကုသတာမျိုးကော လုပ်လေ့ရှိပါသလား ဆရာ။
ဖြေ။ ။ ကလေးတွေအရိုးကျိုးတာကို ခွဲစိတ်ကုသဖို့ မလိုပါဘူး၊ လုပ်လည်း မလုပ်ရပါဘူး။ကျောက်ပတ်တီး စည်းရတာက ခက်ပေမယ့် အရိုးကို လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးအထိ တည့်သွားအောင် ဆရာ တို့က ကုသပေးပါတယ်။ တစ်ခါတလေမှာ ဓာတ်မှန်ထဲမှာ အရိုးက ပုံမှန်ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ နဂိုနဲ့ယှဉ်ရင် နည်းနည်းကောက်ချင် ကောက်နေတတ်ပါတယ်။ ဒါပေမဲ့ လက်ခံနိုင်လောက်တဲ့ အနေအထား (Acceptable Position)ဆိုရင်သဘာဝက ပြန်တည့်အောင် ပြန်ပြင်ပေးပါတယ်။ ဒါကို Remoulding Process လို့ ခေါ်ပါတယ်။ သဘာဝက ပြန်တည့်အောင် လုပ်ပေးမှာဖြစ်လို့ အရိုးနည်းနည်း ကောက်နေရင် စိုးရိမ်ဖို့မလိုပါဘူးလို့ မိဘတွေကို ပြော ပြချင်ပါတယ်။ ကလေးတွေက ကြီးထွားဖွံ့ဖြိုးနေတဲ့ အရွယ်ဖြစ်တာကြောင့် ကလေးတွေရဲ့ အရိုးတွေက ရှည်ထွက်နေပါတယ်။ ဒါကြောင့် နည်းနည်းပါးပါး ကောက်နေရင်တောင် သူ့ဘာသာသူ ပြန်တည့် အောင်ပြုပြင်ပေးတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဆရာဝန်က ဒါက စိုးရိမ်စရာမရှိပါဘူးလို့ ပြောရင် လက်ခံလိုက်ပါလို့ မိဘတွေကိုမှာချင်ပါတယ်။

မေး။ ။ ဒီအခြေအနေမှာ ကုသမှုမခံယူဘဲ အကြာကြီးထားမိရင် နောက်ဆက်တွဲအနေနဲ့ ဘာဖြစ်လာနိုင်ပါ သလဲ ဆရာ။
ဖြေ။ ။ သွေးကြောနဲ့အာရုံကြောကို ထိခိုက်မိတာကို ချက်ချင်းကုသမှုမခံယူဘဲ အကြာကြီးထားမိရင် အာ ရုံကြောတွေ၊ သွေးကြောတွေ ထိခိုက်မှုပိုများသွားပြီး သွေးမလျှောက်တော့ဘူး။ ကြွက်သားတွေ သေသွား တတ်ပါတယ်။ ကြွက်သားတွေသေသွားရင် အနာရွတ်တွေပုပ်သွားတတ်ပါတယ်။ အောက်ပိုင်းမှာ ရှိတဲ့ လက်ချောင်းတွေကလည်း ကွေးနေတတ်ပြီး ပုံမှန် မဖြစ်တော့ပါဘူး။ လက်ရဲ့ လှုပ်ရှားနိုင်စွမ်းကလည်း မကောင်းတော့ပါဘူး။အာရုံကြောကို ဖိမိတာကြောင့် လက်က ထုံသွားပြီး လက်ရဲ့ လှုပ်ရှားမှုက ပုံမှန်မဖြစ် နိုင်တော့ပါဘူး။

မေး။ ။ ကလေးတွေမှာ ဒီလိုအရိုးကျိုးတာက ဘာကြောင့်ဖြစ်ရတာပါလဲဆရာ။
ဖြေ။ ။ ကလေးတွေရဲ့အရိုးက ပုံမှန်အားဖြင့် ကောင်းနေပါတယ်။ ကလေးအရိုးကျိုးတာက ပုံမှန်ထိခိုက်ဒဏ် ရာရလို့ ဖြစ်တာပါ။ Normal Traumatic Fracture လို့ခေါ်ပါတယ်။ ရောဂါကြောင့်ဖြစ်တာ (Patholo­gical Fracture) မဟုတ်ပါဘူး။

မေး။ ။ ကလေးတွေမှာ အရိုးကျိုးတာနည်းအောင် ဘယ်လိုကာကွယ်လို့ရမလဲ ဆရာ။
ဖြေ။ ။ လုံးဝမကျိုးအောင် ကာကွယ်ဖို့ဆိုတာခက်တော့ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆော့ကစားတာ က ကလေးတွေရဲ့သဘာဝဖြစ်နေလို့ပါ။ သစ်ပင်တွေ၊ အမြင့်တွေ တက်တာ၊ တက်ပြီး ခုန်ချတာ အဲဒီလို ကစားနည်းတွေ ကစားရင်တော့ ဆရာ၊ ဆရာမ၊ မိဘတွေက စောင့်ကြည့်ပေးသင့်ပါတယ်။ မထိခိုက်မိအောင် ကစားဖို့သတိပေးနေမယ်ဆိုရင် ကျိုးတာက လျော့သွားနိုင်ပါတယ်။ တကယ်လို့ အရိုးကျိုးသွားရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားဖို့က ပိုပြီး အရေးကြီးပါတယ်။

မေး။ ။ ကလေးတွေမှာ တိုက်သင့်တယ်ဆိုတဲ့ ကယ်လ်စီယမ်ကကော အရိုးအတွက် ဘယ်လို အကျိူးကျေးဇူး ကို ပေးနိုင်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတွေမှာ ကယ်လ်စီယမ်တိုက်တာကြောင့် အရိုးကျိုးနှုန်းလျော့ကျတာတော့ မဟုတ်ပါဘူး။ ကယ်လ်စီယမ်နဲ့ အရိုးကျိုးတာက ကလေးတွေမှာ မဆိုင်ပါဘူး။ ကလေး အသက် ၁၂-၁၃နှစ်အရွယ်မှာ အရိုးထုထည် အမြင့်ဆုံး(Maximum Accumu­lation of Bone Mass)ရအောင် ကယ်လ်စီယမ်ကို စုဆောင်းထားရင် အသက် ၂၀-၂၅နှစ်အရွယ် (အထူးသဖြင့် အမျိုးသမီးတွေ)မှာ အရိုးထု အများဆုံး အခြေအနေမှာရှိနေပါလိမ့်မယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက ကယ်လ်စီယမ်ပါတဲ့ အစားအသောက်တွေ ကျွေးဖို့လိုပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်ခိုင်းရပါမယ်။ အထူးသဖြင့် မျိုးရိုးထဲမှာ အရိုးပါးရောဂါရှိရင် ကလေးတွေကို အထူးဂရုစိုက်ပေးပြီး လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ရအောင် ကျွေးသင့်ပါတယ်။

မေး။ ။ ကယ်လ်စီယမ်ဓာတ်ရအောင် ကလေးတွေကို ဘယ်လို အစားအသောက်တွေ အဓိက ကျွေးသင့်ပါ သလဲဆရာ။
ဖြေ။ ။ ကလေးတွေမှာ ပုံမှန်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်ကို ရရှိဖို့အတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကို များ များကျွေးပါ၊ နွားနို့ကို အဓိက တိုက်ပါ။ နွားနို့ကဈေးလည်း သင့်တင့်ပေမယ့် မြန်မာလူမျိုးတွေက မကြိုက်တတ်ကြပါဘူး။ နွားနို့ကို ကြိုက်တဲ့ အကျင့်ဖြစ် အောင်တိုက်ပေးပြီး ပုံမှန်သောက်တတ်တဲ့ အကျင့်ဖြစ် အောင်လုပ်ပေးပါ။ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ၊ ဒိန်ချဉ်တွေကိုလည်း ကျွေးပါ။ အရိုးပါဝါးစားလို့ရတဲ့ ငါးကလေးတွေ၊ စိမ်းတဲ့ ဟင်းသီးဟင်းရွက်တွေ၊ နှမ်း စေ့တွေထဲမှာလည်း ကယ်လ်စီယမ်ဓာတ်ပါဝင်ပါ တယ်။ နွားနို့ကို သေချာကျိုပြီး ပူပူနွေးနွေးသောက်ပေးပါ။

လူကြီးတွေအနေနဲ့လည်း နွားနို့သောက်တာ ကြောင့် ကိုလက်စထရောများမှာစိုးရင် နွားနို့ကျို လိုက်လို့တက်လာတဲ့ အပေါ်က မလိုင်ကို ဖယ်ပြီး ကျန်တဲ့ နွားနို့ (Skim Milk)ကို တိုက်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top