Healthy Life Ad
Health Tips

ပျားကနေ ထုတ်တဲ့ဆေး(Bee pollen granules)

၊ ဒေါက်တာတင့်ဆွေ ၊

ပျားပန်းမှုံဆေးကို Folk remedy အရပ်ဆေးအမျိုးအစားလို့ သတ်မှတ်တယ်။ ပျားကောင်လေးတွေက ပန်းတပွင့်ကနေ တပွင့်အကူး မှာ ကပ်ပါလာတဲ့ ပန်းဝတ်မှုံတွေကို ဆေးဖော်ထားတာဖြစ်ပါတယ်။ တချို့က ရာသီမလာခင်ဖြစ်တာတွေသက်သာဖို့နဲ့ ယောကျာ်းအသက်ကြီးသူတွေ ဆီးကျိတ်ကြီးတာအတွက် သုံးကြတယ်။ အားဆေးအနေနဲ့လည်း သုံးတယ်။ သုံးနေကြတော့ရောဂါစုံတယ်။ စားကောင်းစေမယ်၊ အဆစ် နာသက်သာစေမယ်၊ ပါးစပ်နာပျောက်မယ်၊ ပိန်စေမယ်၊ သွေးအန်တာ၊ ချောင်းဆိုးတာ၊ သွေးဝမ်းသွားတာ၊ ရာသီမမှန်တယ်၊ ဝမ်းပျက်တာ၊ စုံနေအောင်တော့ ကြော်ငြာပြီး ရောင်းနေတယ်။ အရေပြားချောမွေ့အောင်လိမ်းဆေး၊ နှင်းခူနာ၊ ဝက်ခြံစတာတွေကို ကြော်ညာမှာပါတယ်။

အဲလိုသုံးနေကြပေမယ့် ဆေးပညာအရ လေ့လာမှုတွေက နည်းပါသေးတယ်။ ကောင်းတယ်ဆိုတဲ့ အထောက်အထားလည်း နည်းပါတယ်။ အစားအစာအနေနဲ့တော့ အားဖြစ်စေမှာတွေပါပါတယ်။ ဗီတာမင်တွေ၊ ဓာတ်ဆားတွေ၊ ပရိုတင်းဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တွေပါတယ်။

လေ့လာမှုတခုအရ ကင်ဆာဖြစ်လို့ဓာတ်ကင်နေရသူတွေကိုဘေးထွက်-ဆိုးကျိုးခံစားရတာတွေ သက်သာစေတယ်။နောက်လေ့လာမှုတခုအရ ယောကျာ်းတွေ ဆီးကျိတ်ကြီးတာအတွက် သက်သာတယ်။ နောက်လေ့လာမှုတခုအရ မိန်းကလေးတွေမှာ ရာသီမလာခင် ဖြစ်တာတွေသက်သာစေတယ်။ ဒါပေမဲ့ အားကစားသမားတွေ အားအင်ပြည့်ဖြိုးမယ်ဆိုတာ မဟုတ်ပါ။ အားကောင်းစေမယ်။ အသက်ရှည်မယ်ဆိုတာကိုလည်း လေ့လာမှုမရှိသေးပါ။

အခုဆေးကို ဘယ်လောက်ပေးရမလဲဆိုတာ ဆရာဝန်အနေနဲ့ပြောမရပါ။ အများအားဖြင့်သုံးနေကြတာတော့ 1/8 to 1/4 လက်ဖက်ရည်ဇွန်း သောက်ကြတယ်။ တဖြည်းဖြည်းနဲ့တိုးပြီး အများဆုံးလက်ဖက်ရည်ဇွန်း ခြောက်ဇွန်းသောက်ကြတယ်လို့ သိရပါတယ်။

ဘေးထွက်-ဆိုးကျိုးတွေ
စိတ်တော့ချရပါတယ်။ အလာဂျီရတတ်သူ ဆိုရင်တော့ လုံးဝမသင့်ပါ။ ပန်းနာ၊ သွေးရောဂါ၊ အသည်းရောဂါရှိသူတွေက သတိထားသင့်တယ်။ လေ့လာမှုမရှိလို့ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေကိုတော့ သုံးဖို့မညွှန်းပါ။ ခွဲခြားသိဖို့က ပျားကနေထုတ်တဲ့ bee venom ပျားဆိပ်ဆေး၊ royal jelly ပျားဂျယ်လီနဲ့ honey ပျားရည်တွေနဲ့ မတူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top