Healthy Life Ad
Child

ဆောင်းတွင်းကာလ ပန်းဝတ်မှုန်နှင့် ဓာတ်မတည့်ခြင်း

ဒေါက်တာမြတ်စန္ဒာကျော်(ပါမောက္ခ၊ အရေပြားအထူးကုဆရာဝန်ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး) နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဓာတ်မတည့်ခြင်း ( Allergy ) ဆိုတာ ဘာကိုခေါ်ပါသလဲ ဆရာမ။

ဖြေ. ဓာတ်မတည့်မှု (Allergy) ဆိုတာ ကိုယ်ခံစွမ်းအားစနစ်နဲ ့ဆိုင်တယ်။ လူအတော်များတည့်တဲ့ အရာတစ်ခုက ကိုယ်နဲ့မတည့်နေတတ်တာမျိုးပေါ့။ Allergen ဆိုတာကတော့ ခန္ဓာကိုယ်ပြင်ပက ဓာတ်မတည့်ဖြစ်စေတဲ့ အရာတစ်ခုကို ခေါ်တာပါ။ တချို့လူတွေက ဓာတ်မတည့်တာကို နည်းနည်းပဲခံစားရပြီး တုန့်ပြန်လွယ်တဲ့ ကိုယ်ခံစွမ်းအားစနစ်ရှိ သူတချို့ကတော့ ပြင်းပြင်းထန်ထန် ခံစားရတယ်။ တချို့က အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ခံစားရတတ်တယ်။ ဓာတ်မတည့်တတ်သူတစ်ယောက်က သူမတည့်တဲ့အရာကို မရှောင်ဘဲမကြာခဏထပ်ထပ် ထိတွေ့နေမယ်ဆိုရင် ဓာတ်မတည့်မှု (Allergy) တွေစုပြီး ပိုပိုဆိုးလာတတ်ပါတယ်။

မေး. ဓာတ်မတည့်မှုက ဘယ်လိုလူမျိုးတွေမှာ အဖြစ်များပါသလဲ ဆရာမ။

ဖြေ. လူ ၁၀ဝ မှာ ၁၀ ယောက် – အယောက် ၃၀ လောက်ကတော့ ဓာတ်မတည့်မှု (Allergy) ရှိတတ်ကြတယ်တဲ့။ လူတိုင်းဓာတ်မတည့်မှု (Allergy) ဖြစ်နိုင်ပါတယ်။ ကလေးတွေက အစားအသောက်ကြောင့် ဓာတ်မတည့်မှု ပိုဖြစ်နိုင်တယ်။ လူကြီးတွေကတော့ ဆေးမတည့်တာမျိုးကိုလည်း ထည့်စဉ်းစားရပါမယ်။

မေး. ဓာတ်မတည့်တဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေကို အများဆုံးဓာတ်မတည့်မှု ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ.အရေပြားမှာ ယားတာ၊ ရောင်တာနဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်ပါတယ်။ နှာခေါင်းယားတယ်၊ နှာရည်ကျတယ်၊ နှာခေါင်းပိတ်တယ်၊ နှာချေတတ်တယ်၊ မျက်လုံးယားတတ်တယ်၊ မျက်စိနီတတ်တယ်၊ မျက်ရည်ကျတတ်တယ်၊ ချောင်းဆိုး၊ အသက်ရှူကျပ်ပြီး တရွှီရွှီ မြည်နေတတ်ပါတယ်။

မေး. ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်ရင် ဘာတွေဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တာက အဖြစ်များတဲ့ဓာတ်မတည့်မှု တစ်မျိုးပါ၊ ရာသီမရွေး ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ အသက်ရှုကျပ်တာ၊ နှာခေါင်းယားတာ၊ နှာပိတ်တာ၊ နှာချေတာ၊ နှာရည်ယိုတာ၊ ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ် ဖြစ်တတ်တာတွေပါ။ မျက်လုံးယားတာ၊ နီတာ၊ နားတွေ ယားတာ၊ ပါးစပ်ပါ ယားတာတွေဖြစ်တတ်ပြီး ဝတ်မှုန်တွေကအရေပြားကို တိုက်ရိုက်ထိတွေ့မယ်ဆိုရင် အင်ပျဉ်လိုအရေပြား နီမြန်းရောင်နေပြီး ယားနာဖြစ်တတ်ပါတယ်။ ကုတ်လိုက်ရင် ပိုဆိုးတတ်ပါတယ်။ တချို့ကတော့ Hay Fever လို့ခေါ်ပါတယ်။ ရာသီနဲ့ဆိုင်တဲ့ ထိပ်ကပ်နာ (Allergic Rhinitis) လို့လည်း ခေါ်ရပါမယ်။ လေထဲပြန့်နေတဲ့ ပန်းဝတ်မှုန်တွေ လေထဲမှာလွင့်နေတာကို ရှူမိလို့ဖြစ်တတ်တာပါ။ လေထဲမှာလွင့်နေတတ်တဲ့ တိရစ္ဆာန်အမွှေးအမှင်တွေ၊ ကမျဉ်းနီကောင်လို House duct mite အိမ်ဖုံကောင်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ နွေဦး၊ နွေနဲ့ ဆောင်းဦးလိုရာသီမှာ ပေါင်းပင်၊ မြက်ပင်တွေက ဝတ်မှုန်တွေ လွင့်နေတတ်ပါတယ်။ ဝတ်မှုန်လေးတွေက သေးပြီးပေါ့တဲ့အခါ လေထဲမှာလွင့်နေပါတယ်။

မေး. ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တာကို ဘယ်လိုရှောင်ရမလဲ။ ကာကွယ်လို့ရပါသလား ဆရာမ။

ဖြေ. ပြတင်းတံခါးတွေကို သေသေချာချာ ပိတ်ထားရပါမယ်။ ကားမှန်တံခါးတွေကို သေသေချာချာ ပိတ်ထားရပါမယ်။ လေအေးစက်နဲ့နေရမယ်။ ဝတ်မှုန်တွေက မနက် ၅ နာရီကနေ ၁၀ နာရီအတွင်းမှာ အလွင့်ဆုံးဆိုတာ သတိထားရမယ်။ အဲဒီ့အချိန်မှာ အိမ်အပြင်ထွက်တာကို လျှော့ရမယ်။ လေတိုက်များပြီး ခြောက်သွေ့နေတဲ့နေ့မျိုးမှာ ဝတ်မှုန်ပိုလွင့်နေမယ်၊ မိုးကျရင် ဝတ်မှုန်ဓာတ်မတည့်သူတွေ ဝေဒနာသက်သာတတ်ပါတယ်။ အဝတ်အစား၊ အိပ်ရာခင်းတွေကို အိမ်အပြင်မှာမလှမ်းသင့်ပါဘူး။ အပြင်က ပြန်လာလာချင်း မျက်နှာ၊ လက်နဲ့ ခြေထောက်တွေကို သေသေချာချာဆေးကြောရမယ်၊ အဝတ်အစားလဲရမယ်၊ တစ်ပတ်တစ်ခါလောက် အိပ်ရာခင်းလဲရမယ်။ အိမ်အပြင်မှာနေတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ထိတွေ့တာ လျှော့ရပါမယ်။

ဖိနပ်တွေကို အိမ်ထဲအထိ မစီးသင့်ပါဘူး၊ ခေါင်းသေသေချာချာ လျှော်ပါ၊ ဓာတ်မတည့်တာကို တုန့်ပြန်နိုင်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သံပရာသီးနဲ့ ပန်းသီးလိုမျိုး သဘာဝအစာတွေကို စားပေးပါ။ အိမ်အပြင်မှာ မထိုင်သင့်ပါ။ ခရီးသွားမယ်ဆိုရင် အထူးသတိထားရပါမယ်။ မျက်လုံးကိုကာကွယ်ဖို့ နေကာမျက်မှန်တပ်ရမယ်၊ ဦးထုပ်ဆောင်းရမယ်၊ မျက်နှာဖုံးထားရမယ်၊ ပုဝါခြုံထားရပါမယ်။

မေး. ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်မှုဖြစ်ရင် ဘယ်လိုကုသမှု ခံယူသင့်ပါသလဲ ဆရာမ။

ဖြေ. ဓာတ်မတည့်မှုဖြစ်ရင် Antihistamines လို ဓာတ်မတည့်မှုသက်သာစေတဲ့ ဆေးတွေနဲ့ကုသရပါမယ်။ မျက်လုံး၊ နှာခေါင်းထဲထည့်ရတဲ့ ဆေးတွေသုံးရပါမယ်။ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးတွေက အထူးပြုလုပ်ထားတဲ့ဆေးတွေ ညွှန်ပေးနိုင်ပါလိမ့်မယ်။ အရောင်ကျစေတဲ့ စတီးရွိုက်ဆေးတွေလည်း သုံးရပါမယ်။

Allergen Immunotherpy ကတော့ ဓာတ်မတည့်မှုကို တာရှည်ပြန်မဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ ဓာတ်မတည့်ဖြစ်စေတတ်တဲ့ Allergen ကို အရေပြားအောက်လွှာထဲ နည်းနည်းနည်းနည်းနဲ့ ထိုးပေးတာကလည်း ကျင့်သားရပြီး ဓာတ်မတည့်မှုကို ခုခံနိုင်စွမ်းရစေပါတယ်။

Most Popular

Healthy Life Ad
To Top