Healthy Life Ad
Life Style

လူအများသိလိုသော အသည်းကျန်းမာရေးဆိုင်ရာ အမေးအဖြေများ (၄)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)
ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ ကိုယ်ဝန်ဆောင်မိခင်တွေမှာဘီပိုးရှိရင် ကလေးကိုမကူးအောင် ဘယ်လိုကာကွယ်သင့်ပါသလဲ။
Panyaung (Fb)

ဖြေ ။ ကိုယ်ဝန်ဆောင်မိခင်တွေက အခုနောက်ပိုင်းမှာ ဘီပိုး၊ စီပိုးရှိ၊ မရှိစစ်လာကြတယ်၊ အထူးသဖြင့် အသည်းရောင်အသားဝါ ဘီပိုးရှိ၊ မရှိကို စစ်လာကြတာ များပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ ဘီပိုးရှိနေပြီ ဆိုရင် မွေးမွေးချင်းကလေးမှာ ဘီပိုးကာကွယ်ဆေး ထိုးဖို့အရေးကြီးပါတယ်။ ကာကွယ်ဆေးမှာ ရိုးရိုး ဘီပိုးကာကွယ်ဆေး (Hepatitis B vaccine) တစ်မျိုးတည်း မရတော့ဘူး။ Immunoglobulin B ဆိုတဲ့ ကလေးမှာ ကိုယ်ခံအားပါသွားတဲ့ ပဋိပစ္စည်းကိုပါထိုးရပါတယ်။ မွေးပြီး ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပါပဲ။
မိခင်မှာ ဘီပိုးကောင်ရေ အရမ်းများနေရင် ဒီဆေးနှစ်မျိုးတည်းနဲ့ တစ်ခါတလေ မကာကွယ်နိုင်ပါဘူး။ လွတ်သွားတာတွေ ရှိပါတယ်။ အဲဒီလိုမဖြစ်အောင် ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုယ်ဝန် ၂၈ ပတ်ကနေစပြီး Tenofovir ပိုးသတ်ဆေး (Anti-viral)ကို တစ်နေ့တစ်လုံး ကလေးမွေးပြီးတဲ့အထိ ပေးပါတယ်။ နိုင်ငံခြားမှာလည်း အသည်းဆရာဝန်ကြီးတွေကော သားဖွားမီးယပ်အထူးကု ဆရာဝန်တွေကပါပေးပါတယ်။ အခု မြန်မာနိုင်ငံမှာလည်း အသည်းဆရာဝန်ကြီးတွေကော သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးတွေကပါ ကိုယ်ဝန်ဆောင် မိခင် ဘီပိုးရှိရင် ကလေးမှာ ကြိုတင်ကာကွယ်ဖို့ ပေးနေကြပါပြီ။

မေး ။ အမေက အသက် ၇၀ ကျော်ပါပြီ။ ခွဲစိတ်မှု တစ်ခုလုပ်မှ ဆေးစစ်ရင်း ဘီပိုးရှိတယ်လို့ သိလို့ပါ။ ဒါနဲ့ အဖေ့ကို စစ်ကြည့်တော့ ဘီပိုးမရှိဘဲ စီပိုးရှိနေပြန်ပါတယ်။ သူတို့ကို ဆေးကုသသင့်ပါသလား။ သက်ကြီးရွယ်အိုတွေမှာ ဘီပိုး၊ စီပိုးရှိတာကို ဆေးကုသရင် ခံနိုင်ရည်ရှိနိုင်ပါ့မလား။
ဒေါ်ကြည်ထွေး (Fb)

ဖြေ ။ ဟိုးအရင်က အင်တာဖရွန်ထိုးဆေးနဲ့ ကုရတော့ အသက်ကြီးတဲ့သူတွေက ခံနိုင်ရည်မရှိကြပါဘူး။ အမျိုးသမီးငယ်ငယ်တချို့တွေ၊ သွေးအားနည်းတဲ့သူတွေက သိပ်မခံနိုင်ကြပါဘူး။

အခုနောက်ပိုင်း စီပိုးအတွက် သောက်ဆေးတွေ ပေါ်လာတဲ့အခါကျတော့ အသက်ကြီးတဲ့သူတွေ စီပိုးရှိရင် သောက်ပါတယ်။ ဘာမှမဖြစ်ပါဘူး။ အသက် ၈၀ ကျော်အရွယ်တွေသောက်တာတောင် တွေ့ရပါတယ်။ ဘီပိုးဆေးလည်း သောက်ကြပါတယ်။ ဘာမှ သိပ်မဖြစ်ပါဘူး။

ဘာပဲပြောပြော လူတစ်ယောက်က အသက် ၈၀ အထိနေရမလား၊ အသက် ၉၀ အထိ နေရမလားဆိုတာမသိနိုင်တဲ့အတွက် လိုအပ်လို့ ဆရာဝန်က ညွှန်ကြားရင် ဆေးသောက်သင့်ပါတယ်။ တချို့တွေ အသက်ကြီးပြီ၊ ဘာမှ မဖြစ်လောက်တော့ပါဘူးဆိုပြီး ဆေးမသောက်တဲ့အခါ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်သွားတာတွေကို တွေ့ရပါတယ်။ အဲဒီလိုမဖြစ်အောင် ဆေးကုသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top