Healthy Life Ad
Life Style

ရင်သားကင်ဆာ အဆင့်(၄) လွတ်မြောက်လာပုံကို အဆိုတော် မီးမီးခဲ ဗီဒီယိုဖြင့် မျှဝေထား

♦ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)
– – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – –

ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ က ရင်သားကင်ဆာဖြစ်မှန်း သိရှိခဲ့သည့် အဆို တော်မီးမီးခဲက သူ၏ အဆင့်(၄) ရင်သားကင်ဆာကို ကျော်လွှားခဲ့ပုံအား ၂၀၁၈ ၉ လပိုင်းက ဗီဒီယိုဖိုင်ဖြင့် ယခုလို မျှဝေထားသည်။

”ကျွန်မဘဝမှာ ပျော်ရွှင်တဲ့အချိန်တွေ ရှိသလို ခက်ခဲတဲ့ အချိန်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကျွန်မ ခင်ပွန်း ဘရိုက်စ်နဲ့ တွေ့ပြီး သြစတြေးလျမှာ နေထိုင်တယ်။ အဲဒီမှာ ကလေးလေး နှစ်ယောက် ရခဲ့ပါတယ်။ ကျွန်မမှာ သားသမီး သုံးယောက်ရှိတယ်။ အကြီးဆုံးသမီးလေးက ဘားဘီ . .၉ နှစ်ရှိပါပြီ။

ဒုတိ ယသမီးလေးက အခု သုံးနှစ်ပါ။ တတိယသားလေးက တစ်နှစ်ခွဲပါ။ ကျွန်မတို့ မိသားစု အရမ်းပျော်ပါ တယ်။ အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းရင်း အမှတ်မထင် လွန်ခဲ့တဲ့နှစ် ၂၀၁၇ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကျွန်မစပြီး ရင်သားကင်ဆာ စတင်ခံစားခဲ့ရပါတယ်။
ကင်ဆာစဖြစ်တဲ့ ပုံစံက သားလေးက အဲဒီတုန်းက ခြောက်လပဲ ရှိပါသေးတယ်။ သားလေး မမွေးခင် နှစ်ပတ်အလိုမှာကတည်းက ကျွန်မ နို့ခဲတယ်။ နို့ခဲရာကနေဖြစ်သွားတဲ့ ကင်ဆာအမျိုးအစား၊ နို့ကြောင်း ပိတ်ပြီးမာပြီး ဟော်မုန်းတွေများရာက ဖြစ်သွားတာပါ။

ကျွန်မရဲ့ ရင်သားကင်ဆာအမျိုးအစားက Metastatic Breast Cancerလို့ ခေါ်ပါတယ်။ ဒီလိုမျိုး ဖြစ်တဲ့အချိန်မှာ ကျွန်မ အရမ်းအံ့သြတယ်။ ဒီလို အခြေအနေမျိုး ကျွန်မရင်ဆိုင်ရမယ်လို့လည်း တစ်ခါမှ မတွေးဖူးဘူး။ မိသားစု အမျိုးထဲမှာလည်း ကင်ဆာဖြစ်တဲ့သူ မရှိဘူး။

ကျွန်မ အရမ်းဝမ်းနည်းတယ်။ ရပ်ဝေးမှာ ဖြစ်တဲ့အတွက် အမေ၊ မောင်နှမ၊ မိသားစုတွေနဲ့လည်း မတွေ့ရဘူးလေ။ အရမ်းခံစားရတယ်။

ဆရာဝန်နဲ့ တွေ့ပြီး result ပြောမယ့်အချိန်မှာ အမျိုးသားက မလိုက်လာဘူး။ ဒီအဖြေကို သူ သိနေ ပြီဆိုတာ နောက်မှ သူပြောပြတယ်။ ဆရာဝန်က အ မျိုးသားပါ ခေါ်လိုက်ပါ၊ ပြောပြစရာရှိတယ်ဆိုပြီး နင့်အမျိုးသမီးမှာ ရင်သားကင်ဆာဖြစ်နေပြီဆိုပြီး ပြော ပါတယ်။
ကျွန်မကော ကျွန်မအမျိုးသားပါ အရမ်း စိတ်ဓာတ်ကျပြီး ပြန်လာခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ ဘုရားကတော့ ကျွန်မကို ကယ်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်ထားတယ်။ ”ဒီတောင်ကို ကျော်လွှားနိုင်မယ့် ခွန်အားကို ဘုရားသခင်ပေးပါ”ဆိုပြီး ပြန်ရောက်ရောက်ချင်း ဆုတောင်းတယ်။

ကျွန်မရဲ့ အခြေအနေ ဘယ်လောက်ဖြစ်သလဲ ဆိုတာကို သိဖို့ ဆေးရုံထပ်သွားတယ်။ ”ဘာလို့ စော စောမလာတာလဲ၊ ခြောက်လ-ခုနှစ်လလောက်တောင် ရှိနေပြီ”လို့ ပြောတယ်။ ဘာဖြစ်လို့လဲဆိုပြီး မေးတော့ ”တစ်ကိုယ်လုံးစစ်ပြီး ရလဒ်အရ တစ်ခုမှ မကောင်းဘူး၊ အကုန်လုံး အနုတ်လက္ခဏာပြနေတယ်”

လို့ပြောတယ်။ ရှင်းရှင်းပြောရရင် အဆင့် (၄) ဖြစ်နေ တာပေါ့။ ကလေးတွေကို သနားလို့ သူတို့တောင် ကျွန်မကို ပြောမထွက်ဘူး။ ဒါပေမဲ့ ”အဆင့်က အရေးမကြီးဘူး။ နင့်အပေါ်ပဲ မူတည်တယ်။ စိတ်ဓာတ်မကျနဲ့”ဆိုပြီး အားပေးတယ်။

ကျွန်မရဲ့ ရင်သားကင်ဆာက ဖြတ်ထုတ်လို့မရတော့ဘူး၊ ကျောရိုးထဲအထိ ရောက်သွားတယ်လို့ ပြောတယ်။
”ဒါဆို ကျွန်မ ဘယ်လိုလုပ်ရမလဲ”မေးတော့ ”ငါတို့ အတတ်နိုင်ဆုံး ကုပေးမယ်၊ အသက်ရှင်တာ/ မရှင်တာကတော့ ငါတို့နဲ့ မဆိုင်ဘူး”လို့ပြောတယ်။

ကျွန်မရဲ့ ရင်သားကင်ဆာက သူများနဲ့ မတူဘူး။ အရင်ဆုံး ဓာတ်ကင်(ဓာတ်ရောင်ခြည်ကုထုံး)ရပါတယ်။ ဆေးရုံမှာ တစ်လနီးပါးနေပြီး ၇ ခါ ဓာတ်ကင်ခဲ့ရတယ်။ ပြီးသွားတဲ့အချိန်မှာ ကီမို(ကင်ဆာဆေး) ဆက်သွင်းပါတယ်။ အဲဒီအချိန်မှာ ဆေးရုံကို ကျွန်မ ဂီတာယူသွားတယ်။ မနက်တိုင်း ချီးမွမ်းတယ်။

ကျွန်မလည်း ဘုရားသခင်နဲ့ နေ့တိုင်း နေ့တိုင်း ပျော်တယ်။ ကျွန်မအမျိုးသားက ကျွန်မအပေါ် အကောင်းဆုံး အားပေးတယ်။ အဲဒီအချိန်မှာ သူ အလုပ်ထွက် လိုက်ရတယ်။ ကလေးနှစ်ယောက်ထိန်းပေးတယ်၊ ကျွန်မယောက္ခမကလည်း ဝိုင်းထိန်းပေးတယ်။ အရမ်း စိတ်ပင်ပန်းချိန်မှာ ရုန်းကန်ခဲ့ရတယ်။

ကင်ဆာဆေးကို ခြောက်ကြိမ် သွင်းခဲ့ရတယ်။ ကင်ဆာဆေးသွင်းချိန်မှာ အရမ်းဖျားပြီး ဆေးရုံရောက်တယ်။ သေမလို ဖြစ်တာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် သေတော့မယ် ဆိုတဲ့အခြေအနေကို ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က အနားမှာ ရှိနေတဲ့အတွက် ခွန်အားရခဲ့တယ်။

ပထမဆုံး ကီမိုသွင်းကတည်းက ဆံပင်အကုန် ကျွတ်တယ်။ ဆံပင်က အရှည်ကြီးပဲ။ နောက်ဆုံးတစ် ခေါက်ကျတော့ အရမ်းဖျားတဲ့သူတွေကို မှန်အလုံ ပိတ်ထားတဲ့အခန်းထဲထည့်တယ်။ အဲဒီအခန်းထဲက ထွက်လာသူတိုင်း အသက်မရှင်တာများတယ်။ ဒါပေမဲ့ ဘုရားကျေးဇူးကြောင့် ကျွန်မ ပြန်ထွက်လာနိုင်ခဲ့တယ်။ ကျနေတဲ့ Immune System(ကိုယ်ခံအားစနစ်)တွေကလည်း ပြန်တက်လာခဲ့ပြီး နောက်ဆုံးမှာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့တယ်။

ကီမိုခြောက်ခါသွင်းပြီး တစ်လလောက် နေတော့ ဆေးပြန်စစ်တော့ ဆရာဝန်တွေက ကျွန်မ ကို ပြောတယ်။ ”နင့်ရဲ့ အဖြေအရမ်းကောင်းတယ်။ နင့်မှာ ကင်ဆာရောဂါမရှိတော့ဘူး”လို့ ပြောတယ်။ ဆရာဝန်တွေတောင် အံ့သြကြတယ်။ ”နင်အရမ်း Strong ဖြစ်တာကို အရမ်းလေးစားတယ်”လို့ ပြောတယ်။

ဒုတိယမြောက်တစ်ခေါက်ပြန်စစ်တော့လည်း ကျွန်မ အခြေအနေက ပိုပြီးတိုးတက်လာသေးတယ်”ဟု အဆိုတော် မီးမီးခဲက သူ့အတွေ့အကြုံကို မျှဝေထားပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top