Healthy Life Ad
Life Style

အရိုးကျီးပေါင်းဖြစ်ပွားခြင်းအကြောင်း သိကောင်းစရာ

ပါမောက္ခဒေါက်တာခင်စောဦး (အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးပညာဌာန မြောက်ဥက္ကလာပသင်ကြားရေး ဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

၊ အေးမို့မို့ဇော် ၊

အရိုးကျီးပေါင်းဖြစ်ပွားခြင်းအကြောင်းနဲ့ အရိုးကျီးပေါင်းအကြောင်းကို မြောက်ဥက္ကလာပသင် ကြားရေးဆေးရုံကြီး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးပညာဌာနမှ ပါမောက္ခဒေါက်တာခင်စောဦးအား အခုလိုပဲ မေးမြန်းထားပါတယ်။

မေး။ ။ အရိုးကျီးပေါင်းက ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ အဖြစ်များပါသလဲ။
ဖြေ။ ။ အရိုးကျီးပေါင်းကတော့ ဘယ်နေရာမှာ အများကြီးဖြစ်လဲဆိုရင် လည်ပင်းရိုး၊ ခါးရိုး၊ ဒူးဆစ်ရိုး. .အဲ လိုနေရာတွေကတော့အဖြစ်များတာပေါ့။ နောက်တခြားဖြစ်နိုင်တာက တင်ပဆုံရိုးနဲ့ လက်ချောင်းရိုး လေးနေရာတွေမှာဖြစ်နိုင်ပါတယ်။

မေး။ ။ ဘယ်အသက်အရွယ်တွေမှာ ပိုပြီးဖြစ်နိုင်ပါသလဲ။
ဖြေ။ ။ အသက်အရွယ်ကြီးလို့ဖြစ်တာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အသက်အရွယ်ကြီးတဲ့ သူ တွေမှာတင်မဟုတ်ဘဲ အသက်ငယ်ရွယ်တဲ့သူတွေမှာလည်းဖြစ်လာတာကို တွေ့ရပါတယ်။

မေး။ ။ အရိုးကျီးပေါင်းဖြစ်ပွားမှုနဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရောဂါတွေရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ။ အရိုးကျီးပေါင်းကတော့ ရောဂါမဟုတ်ဘူးပေါ့။အရိုးကျီးပေါင်းကတော့ အသက် ၄၀ကျော်တဲ့သူ တွေမှာ ဓာတ်မှန်ရိုက်ကြည့်လိုက်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်က ကျီးပေါင်းအတက်လေးတွေ ထွက်နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်းပဲ အတက်လေးတွေထွက်နေတိုင်း၊ အရိုးကျီးပေါင်းရှိ နေတိုင်း ရောဂါဝေဒနာ ခံစားရတာမဟုတ်ပါဘူး။ ဒါပေမဲ့ အတက်လေးတွေ၊ အရိုးကြောတုံး တစ်ခုနဲ့ တစ်ခုကြားမှာရှိနေတဲ့ အရိုးနုပြားချပ်က အသက်ကြီးလာတဲ့အခါမှာ သူ့ရဲ့ အရိုးနုပြားချပ်အတွင်းက အရိုးနုအပျော့စားလေးက တဖြည်းဖြည်းနဲ့ အသက်အရွယ်ရလာတဲ့အခါဖြစ်ဖြစ် ခါးတွေ၊ ဇက်တွေဝန် ပိလာတဲ့အခါကျရင် အရိုးနုပြားချပ်က အပြင်ကို ကျွံထွက်လာတာရှိတယ်။ နောက်အရိုးကျီးပေါင်းတွေက လက်၊ ခြေထောက်ကို သွားတဲ့ အာရုံကြောတွေကို ထောက်လာတာတွေရှိတယ်။

ကျွံထွက်လာတဲ့ အရိုးနုပြားချပ်က အာရုံကြောမကြီးရဲ့ အပေါ်ယံဖုံးအုပ်လွှာကို ထိမိတာတွေရှိတယ်။ အဲ့လို ထိမိလာပြီဆိုရင်တော့ ဝေဒနာကို ခံစားရပါတယ်။ ဘာတွေခံစားရလဲဆိုရင် ဇက်တို့၊ ခါးတို့မှာ နာကျင်တာ၊ နောက်အာရုံကြောအပေါ်ယံအလွှာကို သွားထိတဲ့ အခါကျရင် ထုံကျင်တာတွေ၊ အာရုံကြောအသားကို သွားထိတဲ့အခါ ကြွက်သားအားပျော့တာတွေ အထိဖြစ်လာနိုင်တယ်။ ဒူးခေါင်းဖြစ်တဲ့အခါကျရင် အတက်အဆင်းလုပ်တဲ့အခါ၊ အကွေးအဆန့်လုပ် တဲ့အခါတွေမှာ နာတာ၊ ရောင်တာတွေဖြစ်တယ်။ ပိုဆိုးသွားရင် ဒူးဆစ်ပုံစံပျက်တာတွေဖြစ်လာနိုင်ပါတယ်။

မေး။ ။ ဆရာမတို့ မြောက်ဥက္ကလာပဆေးရုံကြီး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေးပညာဌာနရဲ့ လုပ် ဆောင်နေမှုလေးကိုလည်း သိပါရစေ။
ဖြေ။ ။ ဆရာမတို့ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေး ပညာဌာနက အစိုးရဆေးရုံကြီးတွေဖြစ်တဲ့ ရန်ကုန် ဆေးရုံကြီး၊ မြောက်ဥက္ကလာပအထွေထွေ သင်ကြားရေး ဆေးရုံကြီး၊ သမိုင်းအမျိုးသားပြန်လည် သန်စွမ်း ရေးဆေးရုံအပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီးတွေမှာကော၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာ ရှိတဲ့ ဆေးရုံတွေမှာကော ကိုယ်အင်္ဂါ ပြန်လည်သန် စွမ်းရေးဆေးပညာဌာနရှိပါတယ်။ အဲဒီဌာနတွေမှာ ကျီးပေါင်းကြောင့် ဖြစ်လာတဲ့ နာကျင်မှုတွေအပြင် နာကျင်မှုအမျိုမျိုးပေါ့။ နောက်လေဖြတ်တာ၊ အာရုံ ကြောမကြီးထိတာတွေ၊ အောက်ပိုင်းမသန်စွမ်းတာတွေ၊ ကလေးသူငယ်ဆိုင်ရာ ပြန်လည်သန်စွမ်း မှုတွေလိုပေါ့။ ခန္ဓာကိုယ်မှာ တစ်စုံတစ်ခုကြောင့် မသန်စွမ်းတာ၊ နာကျင်မှုဖြစ်တာတွေကို ပြန်လည် သန်စွမ်းအောင်၊ နာကျင်မှု ပျောက်ကင်းအောင် လုပ်ပေးတာဖြစ်တယ်။ အဲဒီဌာနမှာ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး ဆေးပညာဆရာဝန်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အဲဒီဌာနမှာ အလုပ်လုပ်တဲ့ ဆရာမတွေကနေ လူနာတွေကို ပြန်လည်သန်စွမ်းအောင် ကုသပေးနေပါတယ်။

ဇက်၊ ခါးတွေပေါ်မှာ ဝန်ပိလို့၊ နေထိုင်တဲ့ ပုံစံမမှန်တာတွေ ကြောင့်ဖြစ်တယ်။ အဲ့ဒါကြောင့် ထိုင်ရင် ဘယ်လိုထိုင်မယ်၊ အိပ်ရင် ဘယ်လိုအိပ်မယ်ဆိုတာတွေ၊ နေတဲ့၊ ထိုင်တဲ့ပုံစံတွေကို ပုံစံမှန်အောင်လုပ်ဖို့လိုတယ်။

မေး။ ။ ဆရာမတို့ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆေး ပညာဌာနမှာ နေ့စဉ် လူနာဘယ်နှဦးလောက် လာ ရောက်ပြသလေ့ရှိပါသလဲ။
ဖြေ။ ။ ဆရာမတို့မှာ ပြင်ပလူနာဌာန၊ အတွင်းလူနာဌာန ရှိတယ်။ အတွင်းလူနာမှာကတော့ နည်းတယ်။ပြင်ပလူနာဌာနကနေ နေ့စဉ်လာရောက်ကုသမှုခံယူတာကတော့ ၈၀နဲ့ ၁၀ဝ ဦးကြားမှာ နေ့စဉ်ရှိပါတယ်။

မေး။ ။ အရိုးကျီးပေါင်းဖြစ်တာကို ဘယ်လိုကြိုတင်ကာ ကွယ်လို့ရနိုင်ပါသလဲ ဆရာမ။
ဖြေ။ ။ ကြိုတင်ကာကွယ်တာကတော့ ဖြစ်လာတဲ့ ကျီးပေါင်းလေးတွေကြောင့် နာကျင်တာတွေမဖြစ် အောင် အဓိကကတော့ ကာကွယ်ခြင်းကအကောင်းဆုံးပေါ့။ ဇက်၊ ခါးတွေပေါ်မှာ ဝန်ပိလို့၊ နေထိုင်တဲ့ ပုံစံမမှန်တာတွေကြောင့်ဖြစ်တယ်။ အဲ့ဒါကြောင့် ထိုင်ရင် ဘယ်လိုထိုင်မယ်၊ အိပ်ရင် ဘယ်လိုအိပ် မယ်ဆိုတာတွေ၊ နေတဲ့၊ ထိုင်တဲ့ပုံစံတွေကို ပုံစံမှန် အောင်လုပ်ဖို့လိုတယ်။ ပုံမှန်လေ့ကျင့်ခန်းတွေလုပ် ဖို့လိုတယ်။ ဖြစ်လာရင်လည်း နောက်ဆက်တွဲဆိုး ကျိုးမဖြစ်အောင် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top