Healthy Life Ad
Child

အကြောဆွဲနေတဲ့ ၁၀ တန်းကျောင်းသူလေး

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“သမီးလေး ဝင့်ဝါ . . ဒီနှစ် ၁၀တန်းဆိုတော့ စာကိုသေချာကြိုးစားရမယ်နော်၊ ၁၀တန်းဆိုတာ လူ့လောကမှာ ဘဝတစ်ဆစ်ချိုးပဲ သမီး၊ ခပ်ပေါ့ပေါ့နေလို့ မရဘူး၊ အချိန်နဲ့အမျှ စာနဲ့မျက်နှာ မခွာတမ်းကျက်ဖို့လိုတယ်”

ဝင့်ဝါ ၉တန်းအောင်တာနဲ့ မိဘတွေက စာကြိုးစားဖို့၊ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်အောင်လုပ်ဖို့နဲ့ ဆေးကျောင်းတက်နိုင်အောင်ကြိုးစားဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒါနဲ့ဂုဏ်ထူးတွေ အထွက်များတယ်ဆိုတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းကို သေချာလေ့လာရွေးချယ်ပြီး ဝင့်ဝါကို အဲဒီကျောင်းမှာ ထားလိုက်ပါတော့တယ်။

ဝင့်ဝါ ကျောင်းစရောက်ကတည်းက မနက်မနက်ဆိုရင် အချိန်နဲ့ထရတယ်၊ မျက်နှာအမြန်သစ်ပြီး အချိန်နဲ့ မနက်စာစားရတယ်၊ ပြီးရင် စာကျက်၊ ခဏနားပြီး စာသင်ရတယ်။ နေ့လယ်ရေချိုးရင်လည်း မြန်မြန်ချိုးရတယ်၊ ပြီးရင် နေ့လယ်စာကို အချိန်နဲ့ စားရတယ်။ ပြီးတာနဲ့ စာကျက်ရတယ်၊ ညနေဆိုရင်လည်း အချိန်နဲ့ ညစာစားရတယ်။ နေ့စဉ်ရက်ဆက် ဒီလိုမျိုး အချိန်အတိအကျလိုက်နာပြီး ပညာသင်ယူလေ့လာရတဲ့အတွက် အိမ်မှာတုန်းက အငယ်ဆုံးသမီးလေး၊ မိဘတွေ၊ အစ်ကို၊ အစ်မတွေ ဝိုင်းအလိုလိုက်ခံထားရတဲ့ ကျောင်းသူလေး ဝင့်ဝါဟာ စိတ်ရောကိုယ်ပါ ပင်ပန်းလာတယ်။

အချိန်ဇယား အတိအကျအတိုင်း မြန်မြန်ဆန်ဆန်လုပ်ရတဲ့အပြင် စာတွေလေ့လာသင်ယူရာမှာလည်း အတင်းတွန်းတယ်၊ ဝင့်ဝါက စာတော်တဲ့သူဖြစ်ပြီး အေးအေးဆေးဆေးဆိုရင် စာလိုက်နိုင်တယ်၊ ဒါပေမဲ့ အချိန်ဇယားနဲ့ စည်းကမ်းကြီးကြီး လေ့လာလိုက်စားရတဲ့အခါ အခက်အခဲတွေ စတွေ့လာတော့တယ်။

ဝင့်ဝါဟာ သူ့အခက်အခဲကို မိသားစုလာတွေ့တဲ့ ရက်တွေမှာ ပြောပြမယ်ကြံတိုင်း အဖေ၊ အမေ၊ အစ်ကို၊ အစ်မတွေက “အမှတ်ကောင်းမှဖြစ်မယ်၊ စာကြိုးစားမှဖြစ်မယ်၊ အဆောင်ကချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာနိုင်ရမယ်၊ သူများတွေတောင် နေနိုင်သေးတာ၊ သူများတွေတောင် ဒီလိုနဲ့ ဆေးကျောင်းတက်နိုင်သွားတာ” ဆိုတဲ့ စကားတွေကိုချည်းပြောတော့ ဝင့်ဝါ နှုတ်ဆိတ်နေမိတော့တယ်။

ဒီလိုနဲ့ ကျောင်းမှာ ကောင်းကောင်းမအိပ်နိုင်၊ ကောင်းကောင်း စာမကျက်နိုင်၊ ကောင်းကောင်း မစားနိုင် ဖြစ်နေတာ သုံးလလောက်ရှိလာခဲ့တယ်။ သုံးလကျော်လာတဲ့အခါမှာ ဝင့်ဝါ ညအိပ်ခါနီးဆိုရင် အကြောဆွဲလာတယ်။ စစချင်းမှာ အဆောင်က ဆရာမတွေက သတိမထားမိဘူး။ ဝင့်ဝါဘေးက သူငယ်ချင်းတွေက သိတဲ့အတွက် ဆရာမတွေကိုပြောတော့ ဆရာမတွေက စောင့်ကြည့်ကြတယ်။

နောက်ပိုင်းကျတော့ ညအိပ်ခါနီးမှာသာမက မနက်ပိုင်း စာသင်ချိန်မှာရော၊ နေ့ခင်းဘက်မှာရော တစ်ကိုယ်လုံးလှုပ်လှုပ်ပြီး အကြောဆွဲတယ်။ အဲဒီလို အကြောဆွဲတာကို ဆရာမတွေကသိပေမယ့် တစ်ရက်-နှစ်ရက်နေရင် သက်သာသွားမလားဆိုပြီး စောင့်ကြည့်ကြတယ်။ တစ်ပတ်နေလည်း မသက်သာ၊ ၁၀ ရက်လောက်ကြာလာတော့ မဖြစ်ချေဘူးဆိုပြီး ဝင့်ဝါမိဘတွေကို လှမ်းအကြောင်းကြားလိုက်ပါတယ်။

မိဘတွေရောက်လာတဲ့အခါ တာဝန်ရှိ ဆရာမတွေက -“ဆေးတွေဘာတွေကုလိုက်ဦး၊ ဆေးကုပြီး သက်သာမှ ကျောင်းကိုပြန်လာပို့ပါ”လို့ ပြောတာနဲ့ မိဘတွေက အိမ်ကိုပြန်ခေါ်သွားတယ်။

အိမ်ကိုရောက်တော့ စာမကျက်ခိုင်းဘဲ အနားယူခိုင်းထားပေမယ့် တစ်ကိုယ်လုံး အကြောဆွဲတာက မသက်သာဘူး။ ဒါနဲ့ မိဘတွေက အာရုံကြောအထူးကု ဆရာဝန်ကြီးတွေကို လှည့်ပတ်ပြီးပြတယ်။ ဘယ်လိုပဲပြပြ သူ့ဝေဒနာက မသက်သာဘဲနဲ့ အကြောဆွဲတာတွေက ပိုပိုဆိုးလာတယ်။ အထူးကု ဆရာဝန်ကြီးတွေအကုန်လုံးက ရှိရှိသမျှ သွေးတွေ၊ ဆီးတွေ စစ်လိုက်၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်လိုက် . .မျိုးစုံလုပ်နေပေမယ့် ဘာရောဂါမှ မတွေ့ဘူးလို့ချည်း ပြောနေကြတယ်။ ဒါပေမဲ့ ဝင့်ဝါအခြေအနေက သက်သာမလာဘဲနဲ့ အကြောဆွဲတာက ပိုပိုဆိုးလာနေတယ်။ နောက်ဆုံးမှာ ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်ကြီးတစ်ဦးဆီရောက်တော့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးနဲ့ ပြမှဖြစ်မယ်ဆိုပြီး ဆရာ့ဆီကိုလွှဲလိုက်ပါတယ်။

ဆရာ့ဆီရောက်တော့ ဝင့်ဝါရဲ့ ရောဂါရာဇဝင်ကို အသေးစိတ် စစ်ဆေးမေးမြန်းကြည့်ပါတယ်။

“သူက အငယ်ဆုံး သမီးလေးပါ ဆရာ၊ သူ့မှာ အစ်ကိုနဲ့ အစ်မရှိပြီး သူ့ကိုဝိုင်းချစ်ကြတယ်၊ အလိုလိုက်ကြတယ်။ ကျွန်မတို့ကလည်း အငယ်ဆုံးသမီးလေးလည်းဖြစ်၊ ငယ်ငယ်ကတည်းက စာတော်တော့ သူ့ကို ဖူးဖူးမှုတ်အလိုလိုက်ထားကြတာပေါ့ ဆရာ။ ဒါပေမဲ့ ၁၀တန်းရောက်လာတဲ့အခါ အမှတ်ကောင်းကောင်းနဲ့အောင်ပြီး ဆရာဝန်လိုင်းကို ရစေချင်တယ်၊ အိမ်မှာဆိုရင် စာကိုသေချာမလုပ်ဘဲ အမှတ်နည်းသွားမှာလည်း စိုးတယ်။ ဒါနဲ့ ဒီနှစ် ၁၀တန်းမှာတော့ ဂုဏ်ထူးငါးဘာသာ၊ ခြောက်ဘာသာပါစေရမယ်ဆိုပြီး နာမည်ကြီးတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို ပို့လိုက်တာပါ ဆရာ”လို့ ဝင့်ဝါရဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

သမီးက စာကျက်ချင်တဲ့အချိန် ကျက်တယ်၊ စိတ်မပါရင် အိပ်ချင်အိပ်ပစ်လိုက်တာ . . ဒါပေမဲ့ အဲဒီကျောင်းမှာကျတော့ စာကျက်ချိန်မှာ စာကျက်ရတယ်၊ အိပ်ဆိုတဲ့အချိန်မှာအိပ်ရတယ်။ ထဆိုတဲ့ အချိန်မှာထရတယ်။ ပြီးတော့ မျက်နှာသစ်ချိန်၊ စားချိန်၊ ရေချိုးချိန်၊ အိမ်သာတက်ချိန်စသဖြင့် အချိန်အားလုံးက အတိအကျလုပ်ထားပြီး ဘာပဲလုပ်လုပ် မြန်မြန်လုပ်၊ မြန်မြန်လုပ်ဆိုပြီး အတင်းမောင်းတော့ . . .

“ဆရာရယ် . . သမီးက အဲဒီကျောင်းလည်း ရောက်သွားရော အိမ်နဲ့ လုံးဝမတူတော့ဘူး။ သမီးက စာကျက်ချင်တဲ့အချိန် ကျက်တယ်၊ စိတ်မပါရင် အိပ်ချင်အိပ်ပစ်လိုက်တာ . . ဒါပေမဲ့ အဲဒီကျောင်းမှာကျတော့ စာကျက်ချိန်မှာ စာကျက်ရတယ်၊ အိပ်ဆိုတဲ့အချိန်မှာ အိပ်ရတယ်။ ထဆိုတဲ့အချိန်မှာ ထရတယ်။ ပြီးတော့ မျက်နှာသစ်ချိန်၊ စားချိန်၊ ရေချိုးချိန်၊ အိမ်သာတက်ချိန် စသဖြင့် အချိန်အားလုံးက အတိအကျလုပ်ထားပြီး ဘာပဲလုပ်လုပ် မြန်မြန်လုပ်၊ မြန်မြန်လုပ်ဆိုပြီး အတင်းမောင်းတော့ တဖြည်းဖြည်းနဲ့ ပင်ပန်းပြီး ဘာကိုမှမလုပ်နိုင် ဖြစ်လာတယ်။ ပြီးတော့ သမီး မစားနိုင်၊ မအိပ်နိုင်လည်း ဖြစ်လာတယ်။ သူတို့ အဲဒီလို နောက်ကနေလိုက်ပြီး အတင်းမောင်းနေတာ၊ အတင်းလောနေတာကို သမီးကြောက်နေမိတယ်ဆရာ”လို့ ဝင့်ဝါက တစ်ကိုယ်လုံးအကြောတွေ လှုပ်ရမ်းနေအောင် အကြောဆွဲနေရာက စိတ်လှုပ်ရှားစွာပြောပါတယ်။

တကယ်တော့ ဝင့်ဝါဟာ မိဘတွေက အမှတ်ကောင်းအောင်၊ ဂုဏ်ထူးတွေထွက်အောင် တွန်းအားပေးတယ်၊ ကျောင်းကလည်း အမှတ်ကောင်းအောင်၊ ဂုဏ်ထူးတွေရအောင် သင်ခန်းစာတွေကို အချိန်ဇယားအပြည့်နဲ့ အတင်းမောင်းတဲ့အခါ အဲဒီဒဏ်တွေကို မခံနိုင်ရာကနေ မသိစိတ်ကတစ်ဆင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာတွေအဖြစ် ပြောင်းသွားပြီး တစ်ကိုယ်လုံးအကြောဆွဲတဲ့ လက္ခဏာအဖြစ် ကူးပြောင်းသွားရာက ရောဂါဝေဒနာအနေနဲ့ပေါ်လာကာ ဆေးရုံကို ရောက်လာရတာဖြစ်ပါတယ်။

ဒါနဲ့ ဝင့်ဝါကို သူဖြစ်နေတဲ့ အကြောဆွဲတဲ့ဝေဒနာအမြန်ဆုံး သက်သာသွားအောင် ကုပေးမယ်ဆိုတဲ့အကြောင်းနဲ့ သူ့လိုမျိုးရောဂါဝေဒနာ ခံစားနေရတဲ့သူတွေကို ဆေးရုံ၊ ဆေးခန်းတွေမှာမကြာမကြာ တွေ့ရတယ်ဆိုတဲ့အကြောင်း ဝင့်ဝါနဲ့ မိဘတွေကို ပြောပြရပါတယ်။ ဆီး၊ ဝမ်း၊ သွေးစစ်ဆေးမှုနဲ့ ကွန်ပျူတာဓာတ်မှန် စစ်ဆေးမှုတွေမှာ ပုံမှန်ဖြစ်တယ်ဆိုပေမယ့် ကျောင်းစာနဲ့ပတ်သက်တဲ့ ဖိစီးမှုတွေ၊ ကျောင်းက လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်တဲ့ ဖိစီးမှုတွေနဲ့ ကျောင်းက ဆရာ၊ ဆရာမ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရတဲ့ ဖိစီးမှုတွေ၊ မိဘတွေရဲ့ တွန်းအားပေးမှုကြောင့်ရတဲ့ ဖိစီးမှုတွေပေါင်းဆုံရာက ရောဂါဝေဒနာအဖြစ် ပြောင်းလဲခံစားရတာ ဖြစ်ပါတယ်။ ဒါနဲ့ ဝင့်ဝါကို ဆေးရုံတင်ပြီး စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေ၊ လိုအပ်တဲ့အကြောဆေး၊ စားဆေးတွေပေးပြီး ကုသပေးလိုက်တဲ့အခါ အကြောလုံးဝမဆွဲတော့ဘဲ ဆေးရုံကနေ ပြုံးပြုံးရွှင်ရွှင်နဲ့ စိတ်အေးလက်အေးဆင်းသွား ပါတော့တယ်။

မိဘတွေကိုလည်း စာတော်ပြီးသားဖြစ်တဲ့ ဝင့်ဝါကို သူစာကျက်ချင်တဲ့ပုံစံအတိုင်း ခွင့်ပြုပေးဖို့၊ အတင်းအကျပ် စည်းကမ်းကြီးလွန်းတဲ့ပုံစံနဲ့ အဆင်မပြေတာကြောင့် အိမ်မှာပဲ အချိန်မှန်မှန်စား၊ အချိန်မှန်မှန် အားကစားလှုပ်ရှားမှုတစ်ခုခုလုပ်၊ နားချိန်မှာနား၊ စာကျက်ချိန်စာကျက်ပြီး ကျောင်းစာတွေ ဆက်လေ့လာခိုင်းဖို့ အကြံပြုပေးလိုက်ရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top