Healthy Life Ad
Life Style

လူမှုရေးအလုပ်လုပ်ရင်း ရတဲ့ စိတ်ခွန်အားနဲ့ ရင်သားကင်ဆာအဆင့်(၃)ကို ကျော်လွှားနိုင်ခဲ့တဲ့ ဒေါ်ခင်မေနီ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကော့သောင်းဇာတိဖြစ်ပြီး ကော့သောင်းမြို့တွင် တာဝန်ကျသည့် အထက်တန်းပြဆရာမ ဒေါ်ခင်မေနီသည် ကျောင်းတစ်ဖက်၊ လူမှုရေးလုပ်ငန်းများက တစ်ဖက်ဖြင့် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကာညဘက်တွင် စတင်၍ အိပ်မပျော်ဖြစ်လာခဲ့သည်။

“ဆရာမက လူမှုရေးလုပ်ငန်းတွေ လုပ်တာများပါတယ်။ World Vision ၊ HIV Counselling ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာတို့လို လူမှုရေးအသင်းအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းအနေနဲ့ လူမှုရေးလုပ်ငန်းတွေ အကုန်လုပ်ပါတယ်။ အဲဒီအချိန်မှာ ဆရာမက ညဘက်ဆို အိပ်မပျော်ဘူး၊ အသက်ရှူလို့မဝဘူး၊ ဆရာဝန်ပြတော့ ဆရာဝန်ကြီးက ညဘက်အိပ်ရင် ဘော်လီချွတ်အိတ်ဖို့ အကြံပေးတယ်။ ဆရာမက ဘော်လီခါးပြည့်ဝတ်တော့ ဘော်လီချွတ်အိပ်ဆိုတာနဲ့ အဲဒီလိုအိပ်ရင်း ဆရာမ ဘယ်ဘက်ရင်သားမှာ အကျိတ်တစ်ခုကို စမ်းမိသွားတယ်။ အဲဒါနဲ့ ဆရာမက ကော့သောင်းက ဆရာဝန်ဆီမှာ သွားပြပါတယ်။ ဆရာဝန်က ရန်ကုန်မှာ သွားပြဖို့ အကြံပေးတယ်။ ဖြစ်ချင်တော့ ၂၀၁၀ မဲရွေးချယ်ပွဲရောက်လာတဲ့အတွက် ဆရာမက ဝင်ပါရပြန်ရော။ ပြီးတော့ တခြားလူမှုရေးအလုပ်တွေလည်း လုပ်ရတဲ့အတွက် စိတ်ပင်ပန်းတာတွေက တအားများသွားပါတယ်။ အဲဒီအတောအတွင်း အကျိတ်ကလည်း နာလာပါတယ်”ဟု ဆရာမဒေါ်ခင်မေနီက ကင်ဆာခရီးလမ်း အစကို ပြန်လည်ပြောပြခဲ့သည်။

ရွေးကောက်ပွဲပြီးသွားချိန်တွင် ဒေါ်ခင်မေနီသည် ၁၂-၁၁-၂၀၁၀ ရက်နေ့၌ ကော့သောင်းဆေးရုံသို့သွားပြရာ ဒေါက်တာသန်းထွန်းလင်းက ချက်ချင်းဆေးရုံတက်ပြီး ရင်သားအကျိတ်ကို ခွဲခိုင်းခဲ့ကြောင်း၊ ရင်သားအကျိတ်ကို အသားစယူစစ်ဆေးခဲ့ရာ ကင်ဆာအဆင့် (၃)ဖြစ်နေပြီဟု သိခဲ့ရသည်။

ကင်ဆာဟုသိလိုက်သည့်အခါ ဝေဒနာရှင်အများစုမှာ စိတ်မကောင်းဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ထိခိုက်ခြင်းတို့ကို ခံစားရလေ့ရှိသော်လည်း ဆရာမဒေါ်ခင်မေနီကမူ သူပြုလုပ်ခဲ့သော လူမှုရေးလုပ်ငန်း များကြောင့် စိတ်ခွန်အား ရှိနေခဲ့သည်။

“ဆရာမက လူမှုရေးအသင်းအဖွဲ့တွေမှာ စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်တော့ သားအိမ်ကင်ဆာ သမားတွေကိုလည်း အားပေးဖူးတယ်၊ HIV/AIDS ဝေဒနာရှင်တွေကိုလည်းအားပေးဖူးတယ် . . ဒီတော့အတွေ့အကြုံတွေက များနေတာကြောင့် ဒီလောက်ကြီး ပင်ပင်ပန်းပန်းမခံစားရပါဘူး။

သူများတွေ ခံစားရတာကို အများကြီးကြုံဖူး၊ တွေ့ဖူးနေတော့ ကိုယ့်အလှည့်မှာ ဒီလောက်ကြီးမခံစားရတော့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် သေမယ်ဆိုလည်း ကိစ္စမရှိဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေကအများကြီးပဲလေ။ ပြီးတော့ ဆေးကုဖို့လည်းပိုက်ဆံရှိတဲ့အတွက် ဒီလောက်ကြီး စိတ်မပင်ပန်းပါဘူး”

မောင်နှမကိုးယောက်တွင် အကြီးဆုံး၊ အမြဲတမ်း ဦးဆောင်ဦးရွက်ပြုနေသူ ဆရာမ ဒေါ်ခင်မေနီသည် ရန်ကုန်သို့တစ်ယောက်တည်း သွားရောက်ပြီး သူငယ်ချင်းနေအိမ်၌တည်းခိုကာ ဗဟိုစည်ဆေးရုံသို့ သွားရောက်ကုသမှုခံယူခဲ့ကြောင်း သိရသည်။
“၂၀၁၀ ဒီဇင်ဘာ ၂၁ရက်နေ့မှာ ရန်ကုန်ရောက်အောင်သွားပြီး ၂၁ ရက်နေ့မှာ ဗဟိုစည်ဆေးရုံက ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ရှုမွန်နဲ့ သွားပြပါတယ်။ အဲဒီမှာ နောက်ထပ် သုံးမျိုးဆေးစစ်ခိုင်းတယ်။ ပြီးတော့ ကင်ဆာဆေးတစ်ကြိမ် စသွင်းရမယ်လို့ ပြောတာနဲ့ ၂၂ ရက်နေ့မှာ စသွင်းလိုက်ပါတယ်။

ခွဲစိတ်ရမယ်ဆိုတော့ “ဆရာမ အသက်က ၄၈ နှစ်ရှိနေပြီ။ အိမ်ထောင်ပြုတော့မှာလည်း မဟုတ်ဘူး။ အဲဒီတော့ အစ်မတစ်ယောက်လို အကြံပေးရရင် ရင်သားတစ်ဖက်လုံးကိုသာ ဖြတ်လိုက်ပါ”ဆိုတဲ့ ကော့သောင်းက ဆရာဝန် ဒေါက်တာသန်းထွန်းလင်း ရဲ့ အကြံပေးစကားအတိုင်းအကြံပေးချက်အတိုင်း ၃၀-၁၂-၂၀၁၀ ရက်နေ့မှာ ဒေါက်တာဦးရဲမြင့်နဲ့ ဘယ်ဘက်ရင်သားတစ်ဖက်လုံးကို ဖြတ်လိုက်တယ်”ဟု ဆရာမဒေါ်ခင်မေနီက ပြောပြခဲ့သည်။

၁၄-၁-၂၀၁၁ ရက်နေ့တွင် ဒုတိယအကြိမ် ကင်ဆာဆေးသွင်းကုထုံးကို ကော့သောင်းဆေးရုံ၊ ၄-၂-၂၀၁၁နှင့် ၅ -၂-၂၀၁၇ ရက်နေ့တို့တွင် တတိယအကြိမ် ကင်ဆာဆေးသွင်းကုထုံးကို ဗဟိုစည်ဆေးရုံ၊ ၂၅-၂-၂၀၁၁ နှင့်၂၆-၂-၂၀၁၁ ရက် နေ့တို့တွင် စတုတ္ထအကြိမ် ကင်ဆာဆေးသွင်းကုထုံးကို ဗဟိုစည်ဆေးရုံ၊ ၁၈-၃-၂၀၁၁နှင့် ၁၉-၃-၂၀၁၁ ရက်နေ့တွင် ပဉ္စမအကြိမ် ကင်ဆာဆေးသွင်း ကုထုံးကို ဗဟိုစည်ဆေးရုံနှင့် ၂၂-၄-၂၀၁၁နှင့် ၂၃-၄-၂၀၁၁ ရက်နေ့တို့တွင် နောက်ဆုံးအကြိမ် ကင်ဆာဆေးသွင်းကုထုံးကို ဗဟိုစည်ဆေးရုံတို့တွင် ခံယူခဲ့ကြောင်း သိရသည်။

“ကင်ဆာဆေးသွင်းတော့လည်း ဟေမိုဂလိုဘင် ပြည့်နေအောင် ငှက်သိုက်သောက်ပါတယ်။ငှက်သိုက်ကျတော့ အစစ် ၁၀သားဝယ်ပြီး ရေနွေးထဲ နည်းနည်း၊ နည်းနည်းစိမ်ပြီး စစ်သောက်တယ်။ အိပ်ရေးဝအောင်အိပ်ပါတယ်။ မအိပ်ချင်ဘူး၊ မစားချင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်ပြောလိုက်တယ်။

“အိပ်ရာထဲပက်လက်၊ ပက်လက်နေမလား၊ ကောင်းကောင်းစားမလား”စားမှအားရှိမှာလေ။ ဒီလိုနဲ့ အားတင်းပြီးစားတယ်။ ပြီးတော့ ကင်ဆာနဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ်။ ဒီစာအုပ်တွေထဲကအတိုင်း စားသောက်နေထိုင်တယ်။ အန်တာ၊ ဝမ်းသွားတာဖြစ်တယ်။ ခွဲတဲ့အချိန်ပဲ မော်လမြိုင်က မောင်လေးကိုခေါ်ပြီး စောင့်ခိုင်းလိုက်တာ၊ ကျန်တဲ့ အချိန်တွေတော့တစ်ယောက်တည်းပဲ။ ကင်ဆာဆေးသွင်းပြီး မြို့ထဲက သူငယ်ချင်းအိမ်ကို တစ်ယောက်တည်း လမ်းလျှောက်ပြန်တာ။ ဟင်းသီးဟင်းရွက် များများစားတယ်၊ ကြက်ရိုးကိုစွပ်ပြုတ်ပြုတ်သောက်တယ်”ဟု ကင်ဆာဆေးသွင်းစဉ် စားသောက်ခဲ့ပုံကို ပြန်လည်ပြောပြခဲ့သည်။

“ကင်ဆာဆေး ခြောက်ကြိမ်သွင်းပြီးချိန်မှာ သုံးလတစ်ကြိမ်ဆရာဝန်နဲ့ ပြန်ပြရတယ်။ နောက်ပိုင်း ၂၀၁၅ မှာ ဆရာမ ခါးနာလာတယ်။ ဆရာဝန်ကို ဖုန်းဆက်ပြီး ပြောပြတော့ ချက်ချင်းလာပြခိုင်းတယ်။အဲဒါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ အဏုမြူရောင်ခြည် ရိုက်လိုက်တော့လည်း အကုန်လုံးကောင်းပါတယ်။
၂၀၁၆မှာခေါင်းကိုက်တယ်။ ဒါနဲ့ဆေးသောက်ပေမယ့် မသက်သာဘူး။ ဦးနှောက်ဓာတ်မှန်ရိုက် ကြည့်တော့လည်း ပုံမှန်ပဲ။
“အင်တာနက်တအားမသုံးနဲ့၊ ဖုန်းတအားမသုံး နဲ့”လို့ ဆရာဝန်က မှာလိုက်တယ်။

အခုဆို ရင်သားတစ်ဖက်ဖြတ်ပြီးတာ ခုနစ်နှစ်ရှိပြီ။ ဒါပေမဲ့ ရာသီဥတုအပြောင်းအလဲဆိုရင်ဆရာမ ဂရုစိုက်ရတယ်။ မိုးရွာရင် အပြင်ထွက်လို့ မရဘူး။ မိုးရေထိတာနဲ့ နေမကောင်းဖြစ်တယ်။ ငှက်သိုက် ကိုအမြဲတမ်းသောက်တယ်”ဟု ဆရာမဒေါ်ခင်မေနီ က ရင်သားကင်ဆာကုသပြီး နောက်ပိုင်းအခြေအနေကို ပြောပြခဲ့သည်။

ယခုအခါ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရာမဒေါ်ခင်မေနီက ကင်ဆာဖြစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ မျိုးရိုးမရှိသော်လည်း စိတ်ဖိစီးမှုများခြင်းကြောင့်ဟု ထင်မြင်ထားသည်။
“ဆရာမက ကင်ဆာမျိုးရိုးလည်းမရှိဘူး။ ဒါပေမဲ့ အခုချိန်ထိ ကလေးတွေကို စိတ်တိုင်းမကျလို့ အော်လိုက်ရင် ထမင်းတွေ ဘာတွေ မစားနိုင်တော့ဘူး။ ပြောရရင် စိတ်ပင်ပန်းလွန်းအားကြီးလို့ ဖြစ်တယ် ထင်ပါတယ်။ နောက်တစ်ခုက မလိုင်လို အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ကြိုက်တယ်။ အဲဒါကြောင့်လည်း ပါမယ်ထင်တယ်”

ရင်သားကင်ဆာဖြစ်ပြီးနောက် ကျောင်းဆရာမဘဝမှ အငြိမ်းစားယူခဲ့သော ဒေါ်ခင်မေနီသည် ယခုအခါ နေအိမ်၌ပင် မူကြိုကျောင်းလေး ဖွင့်ထားကြောင်းနှင့် ကော့သောင်းမြို့က အခြားကင်ဆာဝေဒနာရှင်များကိုလည်း မိမိအတွေ့အကြုံကို အခြေခံ၍ လမ်းညွှန်အားပေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အခုနောက်ပိုင်းကျောင်းက ဆရာမတွေ သားအိမ်ကင်ဆာဘာညာဖြစ်တယ်ဆိုရင် ဆရာမကအားပေးတယ်။ အလုပ်တွေ မထွက်လိုက်နဲ့ဆိုပြီး တားတယ်။ ဆရာမတုန်းကထွက်မိသွားတယ်လေ။ ဆရာမ ကင်ဆာဖြစ်တော့ နည်းနည်း စိတ်ဓာတ်ကျသလို ဖြစ်ပေမယ့် ကိုယ့်မှာ ပိုက်ဆံရှိတယ်၊ ဆေးကုနိုင်တယ်လို့တွေးလိုက်တယ်။ တချို့လူတွေဆိုရင် ဆေးကုချင်တာတောင် ငွေမရှိလို့မကုနိုင်ဘူးလေ။ ဒီနည်းနဲ့စိတ်ကို ပြင်ဆင်ထားလိုက်တယ်။ ဆရာမအတွေ့အကြုံကို အခြေခံပြီး တခြားသူတွေကို ဘယ်လိုကု၊ ဘယ်လိုစားစသဖြင့် ကောင်းကောင်း အကြံပေးဖြစ်ပါတယ်။ ဆေးကုပြီးရင်လည်း အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းဆင်ခြင်ရမယ်၊ အချိုမှုန့်ကို လုံးဝမစားနဲ့ဆိုပြီး ပြောပြဖြစ်ပါတယ်”

ကင်ဆာဝေဒနာရှင်များ၊ အထူးသဖြင့် ရင်သားကင်ဆာဝေဒနာရှင်များနှင့် အခြားသူများအား-
“ရင်သားမှာ အကျိတ်ရှိနေရင် မပေါ့ပါနဲ့။ ကင်ဆာအားလုံးထဲမှာ ရင်သားကင်ဆာတစ်ခုပဲ ကြိုသိရင် ကောင်းကောင်းကုသပျောက်ကင်းပါတယ်။ တချို့တွေက ကင်ဆာဆိုသေမှာပဲလို့ ပြောကြတယ်။ တကယ်တော့မဟုတ်ပါဘူး။

ကင်ဆာဖြစ်လာရင်ကုရမှာပါ။ တချို့တွေက အားငယ်တယ်၊ စိတ်ဓာတ်ကျတယ် စသဖြင့် ထိုင်စိတ်ညစ်နေတတ်ကြတယ်။ ဆရာမကတော့ “ကိုယ့်သားသမီးမျက်နှာကြည့်ပြီး အသက်ရှင်အောင်နေမယ်ဆိုတဲ့ စိတ်နဲ့ အစာကို စားပါ၊ ကင်ဆာဆဲလ်ကို အစာနဲ့ပဲ တိုက်ရတာ၊ ကင်ဆာ ဆေးသွင်းတဲ့အချိန်ဆိုရင် အစားအသောက်ကိုများများစားရမယ်”လို့ အကြံပေးဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောချင်တာက အစားအသောက်ဆိုရင် ဆင်ခြင်ပြီးစားပါ၊ မိန်းကလေးတွေ အပေါ့အပါးသွားရင်လည်း ဆပ်ပြာနဲ့ အများကြီး မဆေးရဘူး၊ ပြီးတော့ ကိုယ့်ရင်သား၊ ကိုယ့်ခန္ဓာကိုယ်မှာ အပြောင်းအလဲဖြစ်ရင်၊ အလုံးအကျိတ်ပေါ်ရင် ဆရာဝန်နဲ့ သွားပြပါ။ မရှက်ပါနဲ့လို့ အကြံပြုချင်ပါတယ်”ဟု ဆရာမဒေါ်ခင်မေနီက အကြံပေးစကားများ ပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဆရာမဒေါ်ခင်မေနီ၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top