Healthy Life Ad
Life Style

ကျွန်တော်တို့ရွာ မီးလောင်နေတယ် ဆရာ

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“ဟာ . .ဟိုမှာ မီးတောက်တွေ . . မီးတွေ. . မီးတွေ . . ငါတို့ရွာ မီးလောင်နေတယ်”

ကိုမင်းကိုရဲ့အလန့်တကြား ကျယ်ကျယ်လောင်လောင်အော်ဟစ်သံကိုကြားတော့ ဘုန်းကြီးကျောင်းသားတွေအားလုံးပဲ ထိတ်ထိတ်ပြာပြာဖြစ်သွားကြတယ်။

အသက် ၃၀ အရွယ် ကိုမင်းကိုဟာ တောနယ်တစ်ခုကနေ ရန်ကုန်မြို့ပေါ်က ဘုန်းကြီးကျောင်းကို ရောက်လာခဲ့တာ တစ်လလောက်ရှိပါပြီ။ ဒီတစ်လအတွင်း ကိုမင်းကိုက ညညဆိုနှစ်နှစ်ခြိုက်ခြိုက်မအိပ်ပါဘူး၊ အစားအသောက်ကိုလည်း ကောင်းကောင်းမစားပါဘူး၊ သူ့ကြည့်ရတာ အရမ်းကိုကြောက်လန့်နေပုံရပါတယ်။ တစ်ခါတစ်ခါ “မီးတွေ၊ မီးတွေ”ဆိုပြီး ထထအော်တတ်သလို တစ်ခါတစ်ခါမှာတော့ “အားလုံး တိတ်တိတ်နေကြ၊ တိတ်တိတ်နေကြ၊ အသံမထွက်ကြနဲ့ . . အသတ်ခံရလိမ့်မယ်၊ ဟိုမှာ ဓားတွေ၊ လှံတွေနဲ့ လူတစ်အုပ်ကြီးလာနေပြီ၊ အသတ်ခံရလိမ့်မယ်၊ ပုန်းနေကြ”ဆိုပြီး အရမ်းကြောက်လန့်ကာ တုန်လှုပ်နေတဲ့ပုံနဲ့ ခုတင်ထောင့်တစ်နေရာလေးမှာ ဝင်ပုန်းရင်း ခြေဟန်လက်ဟန်နဲ့ တိုးတိုးတိုးတိုး ပြောနေရှာတတ်ပါတယ်။

တစ်နေ့ တစ်နေ့ မီးတွေလောင်နေတယ်လို့ အော်လိုက်၊ “ရှူး . . တိုးတိုး . . အသံမထွက်နဲ့၊ ငြိမ်ငြိမ်နေကြ . . အသတ်ခံရလိမ့်မယ် . . ဓားတွေ၊ လှံတွေနဲ့ လူတွေလာနေတယ်။ အသတ်ခံရလိမ့်မယ်၊ အသံမထွက်နဲ့ . . ငြိမ်ငြိမ်နေ”လို့ ပြောလိုက် “ငါတို့ရွာ မီးတွေလောင်နေတယ်”လို့ အော်လိုက်၊ ရေပုံးကြီးမပြီး ထွက်ပြေးလိုက်နဲ့ ကိုမင်းကိုတစ်ယောက် အလွန်အမင်းကြောက်လန့်တဲ့ ပုံရှိနေပါတယ်။

ညနေဘက်နဲ့ ညဘက်မှောင်ရီတရောရောက်ရင် ချောင်တစ်ချောင်မှာ ဝင်အောင်းနေပြီး လက်ဟန်ခြေဟန်နဲ့ “အသံမထွက်ကြနဲ့၊ ဟိုမှာ ဓားတွေ၊ လှံတွေနဲ့လာနေပြီ။ အသတ်ခံရလိမ့်မယ်”ဆိုပြီး ကိုမင်းကိုက တစ်ကိုယ်လုံး တုန်ယင်ရင်း တိုးတိုး တိုးတိုး ပြောရှာတယ်။

ကိုမင်းကိုဟာ ဘုန်းကြီးကျောင်းကိုရောက်လာတဲ့ တစ်လတာအတွင်း ပိုမိုပိန်လှီလာပြီး အလိုလိုနေရင်း ထိတ်လန့်တုန်လှုပ်နေရှာပါတယ်။ ဒီလိုနဲ့ဘုန်းကြီးကျောင်းက ကပ္ပိယတစ်ယောက်က ကိုမင်းကိုနဲ့အတူ ဆရာ့ဆီ ရောက်လာခဲ့ပါတယ်။ ဆရာ့ဆီရောက်တော့ ကိုမင်းကိုက ရွာကအိမ်တွေ မီးရှို့ခံရတဲ့ အကြောင်းတွေ၊ ဓားတွေလှံတွေနဲ့ နောက်ကနေ လူတွေလိုက်တဲ့ အကြောင်းတွေ၊ အသက်လုပြီး ပြေးရတယ်ဆိုတဲ့ အကြောင်းတွေကို ထိတ်လန့်တုန်လှုပ်တဲ့ အမူအရာနဲ့ ပြန်ပြောရင်း ငိုယိုချလိုက်ပါတယ်။

ကျွန်တော် ဘယ်လောက်ပြေးပြေး မလွတ်ပါဘူး ဆရာရယ်။ အခုလည်း ကျွန်တော့်နောက်ကလိုက် နေတာပါပဲ။ ကျွန်တော်တို့ရွာ မီးလောင်နေတယ် ဆရာ၊ မီးမငြိမ်းသေးဘူး၊ မီးတွေလည်း လိုက်ရှို့နေတုန်းပဲ ဆရာ . . အမေနဲ့ ညီမလေးလည်း ဘယ်ရောက်နေမှန်း မသိပါဘူး ဆရာရယ် . . .

“ကျွန်တော် ဘယ်လောက်ပြေးပြေး မလွတ်ပါဘူး ဆရာရယ်။ အခုလည်း ကျွန်တော့်နောက်က လိုက်နေတာပါပဲ။ ကျွန်တော်တို့ရွာ မီးလောင်နေတယ်ဆရာ၊ မီးမငြိမ်းသေးဘူး၊ မီးတွေလည်း လိုက်ရှို့နေတုန်းပဲ ဆရာ . . အမေနဲ့ ညီမလေးလည်း ဘယ်ရောက်နေမှန်းမသိပါဘူး ဆရာရယ်”လို့ ရှိုက်ကြီးတငင် ငိုယိုရင်း ဝမ်းနည်းခြင်းကြီးစွာနဲ့ ပြောရှာပါတယ်။

သူ့ကို လိုက်ပို့ပေးတဲ့ ကပ္ပိယကြီးကလည်း-

“ဟုတ်တယ် ဆရာ . . ဘုန်းကြီးကျောင်းမှာနေရင်း သူတစ်ယောက်တည်း ရေပုံးကြီးယူပြီး “ဟိုမှာမီးတွေလောင်နေပြီ၊ မီးလောင်နေပြီ”ဆိုပြီး အော်ဟစ်ထွက်ပြေးလိုက်၊ ညနေဘက်ဆိုရင် ချောင်တစ်ချောင်မှာဝင်အောင်းနေပြီး လက်ဟန်ခြေဟန်နဲ့၊ တိုးတိုး တိုးတိုးနဲ့ “အသံမထွက်ကြနဲ့၊ ဟိုမှာ ဓားတွေ၊ လှံတွေနဲ့လာသတ်လိမ့်မယ်”ဆိုပြီး ပြောလိုက်၊ ညညဆို ဘုန်းကြီးကျောင်းအပြင်ကို ထွက်ကြည့်လိုက်၊ အထဲပြန်ဝင်လာလိုက်၊ ချောင်ထဲဝင်ပုန်းလိုက်နဲ့ ကောင်းကောင်းမအိပ်ဘူး ဆရာ . . နေ့ဘက်မှာ အစားအသောက်ကို ကောင်းကောင်းမစားဘူး။ သူက ပိုပြီးပိန်လှီလာတယ်ဆရာ။ အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ အခြေအနေပိုဆိုးလာပြီး မအိပ်မစားဘဲနေလိုက်၊ ညညဆိုလန့်အော်လိုက်၊ ဝင်ပုန်းလိုက်နဲ့ ကျွန်တော်တို့ပါ သူ့ကြည့်ရင်းလန့်လာလို့ ဆရာ့ဆီကို ခေါ်လာခဲ့ရတာပါ”လို့ ပြောပြပါတယ်။

ကိုမင်းကိုဟာ ညညဆိုရင် အိပ်ရမှာကြောက်လို့ မအိပ်ဘဲနေရင်း မီးရှို့တဲ့အသံတွေ၊ အော်သံတွေကို ပြန်လည်ကြားယောင်ရင်း တကယ်ဖြစ်နေတယ်လို့ ထင်နေပါတယ်။ လူတွေနောက်ကလိုက်လို့ အသက်လုပြီး ထွက်ပြေးလာရတဲ့ အဖြစ်အပျက်တွေကို ပြန်မြင်ယောင်နေတဲ့အတွက် သူ့မှာ အိပ်လည်းအိပ်ချင်ပေမယ့် အိပ်လည်းအိပ်မပျော်ပါဘူး။ အိပ်လည်းမအိပ်ရဲဘူး၊ မအိပ်ရဲလို့ မအိပ်ဘဲနေရင်းနဲ့ မျက်လုံးထဲမှာ မီးတောက်တွေကို ပြန်ပြန်မြင်ယောင်နေပါတယ်။

ကိုမင်းကိုဟာ ထိတ်လန့်ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်ကြီးတစ်ခုကို လတ်တလော ကြုံကြိုက်ခဲ့ရတာကြောင့် အလွန်အမင်း စိုးရိမ်ပူပန်စိတ်တွေ၊ ထိတ်လန့်တဲ့စိတ်တွေရှိနေရင်း၊ အဖြစ်အပျက်တွေကို ထပ်ခါထပ်ခါပြန်မြင်ရင်း လန့်ကြောက်ကာ အအိပ်ပျက်၊ အစားပျက် အလွန်အမင်း ရှိရာကနေ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေပါ ခံစားလာရတဲ့အထိ အခြေအနေဆိုးလာတာ ဖြစ်ပါတယ်။ ဒါနဲ့ သူ့ကို လတ်တလောမှာတော့ ဆေးရုံခဏတက်ပြီး အနားယူလိုက်မှ ဖြစ်မယ်လို့ပြောတော့ သူကလည်း လုံခြုံဘေးကင်းမယ်ဆိုရင် အနားယူချင်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ပြောရှာပါတယ်။ ဒါနဲ့လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ရင်း လိုအပ်တဲ့ ဆေးဝါးတွေပေးကာ ဆေးရုံမှာ အနားယူစေပြီး ကုသပေးထားရပါတယ်။ ဆေးရုံမှာ တစ်ပတ်လောက် ပြည့်ပြည့်ဝ၀အနားယူပြီး ဆေးဝါးကုသမှုကို စနစ်တကျ ခံယူလိုက်တဲ့အခါမှာ ကိုမင်းကိုရဲ့အခြေအနေက သိသိသာသာ သက်သာလာပါတယ်။

ဆေးရုံကဆင်းခါနီးမှာတော့ ကိုမင်းကိုကို အသက်ကို ပြင်းပြင်းနဲ့ မှန်မှန်ရှူသွင်း/ရှူထုတ်လုပ်တဲ့ လေ့ကျင့်ခန်းကို သင်ပြပေးပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လုပ်ဖြစ်အောင်လုပ်ဖို့ မှာရပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံး အကြောဖြေလျှာ့တတ်အောင်နဲ့ စိတ်ကိုလည်း ဖြေလျှော့ပြီးနေတတ်အောင် သင်ပေးရပါတယ်။ ပြီးတော့ သတ္တဝါအားလုံးကို မေတ္တာပို့တာတွေ၊ ဘုရားတရားလုပ်တာတွေကို အချိန်အားရင်အားသလို လုပ်ပါဆိုပြီး မှာကြားရင်း ဆေးဝါးတွေကို အချိန်မှန်မှန်စနစ်တကျ ဆက်သောက်ဖို့နဲ့ တစ်ပတ်ကြာရင် ပြန်လာပြဖို့ မှာကြားကာ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top