Healthy Life Ad
Life Style

မျက်စိတွင်ဖြစ်တတ်သော ကင်ဆာများ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး. အရင်ဆုံး မျက်ခွံမှာဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေအကြောင်းကို သိပါရစေ ဆရာ။

ဖြေ. မျက်ခွံကို အရေပြားနဲ့ ဖုံးအုပ်ထားပါတယ်။ ဒါကြောင့် အရေပြားမှာဖြစ်နိုင်တဲ့ ကင်ဆာအားလုံးက မျက်ခွံမှာလည်း ဖြစ်နိုင်ပါတယ်။ အဓိက မျက်ခွံမှာဖြစ်တတ်တဲ့ ကင်ဆာတွေကတော့ Basal Cell Carcinoma နဲ့ Squamous Cell Carcinoma ဆိုပြီးရှိပါတယ်။ ဒါ့အပြင် Meibomian ဂလင်းမှာဖြစ်တဲ့ကင်ဆာ (Meibomian Gland Carcino­ma) လည်း ဖြစ်နိုင်ပါတယ်။

မေး. မျက်ခွံအပြင် မျက်စိရဲ့တခြားအစိတ်အပိုင်းတွေမှာဖြစ်တတ်တဲ့ ကင်ဆာတွေအကြောင်းကိုလည်း သိပါရစေဆရာ။

ဖြေ. မျက်မြှေး (Conjuntiva)မှာရှိတဲ့ မယ်လာနင် ရောင်ခြယ်ပစ္စည်းကနေ ကင်ဆာ (Melanoma)နဲ့ ကင်ဆာ (Squamous Cell Carcinoma)ဆိုပြီး ဖြစ်နိုင်ပါတယ်။ မျက်ကြည်လွှာမှာရှိတဲ့ Epithelium မှာလည်း ကင်ဆာ (Squamous Cell Carcino­ma) ဆိုပြီး ဖြစ်နိုင်ပါတယ်။ မျက်နက်ဝန်း (Iris)၊ Ciliary Body နဲ့ Choroid သုံးခုတွဲကို Uveal Tract လို့ခေါ်ပါတယ်။ ဒါက မျက်ဆန်ရဲ့အလယ်လွှာ (Middle Coat Of Eye Ball) လို့ ခေါ်ပါတယ်။ ဒါက သွေးကြောတွေ အများဆုံးရှိတဲ့နေရာပါ။ ဒါကြောင့် ရောင်ရမ်းမှုဖြစ်နိုင်ခြေနဲ့ အကျိတ် (Tumour) ဖြစ်နိုင်ခြေက ပိုများပါတယ်။ ဒါကြောင့် ကင်ဆာ (Melanoma) ဖြစ်နိုင်ပါတယ်။

မေး. ခန္ဓာကိုယ် တခြားအစိတ်အပိုင်းတွေမှာ ကင်ဆာရှိရင်ကော မျက်စိကို ကူးစက်ပြီး ကင်ဆာဖြစ်စေနိုင်ပါသလားဆရာ။

ဖြေ. တခြား ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ကင်ဆာရှိရင် သွေးကြောကနေတစ်ဆင့် ကူးပြီးဖြစ်လာနိုင်တဲ့ ကင်ဆာ (Metastasis)လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ သွေးကင်ဆာ (Leukaemia)နဲ့ လင့်ဖ် အကျိတ်ကင်ဆာ (Lymphoma) တွေကြောင့် မျက်စိကိုရောက်လာပြီး ကင်ဆာဖြစ်တတ်ပါတယ်။

မေး. မျက်စိအာရုံခံလွှာမှာကော ကင်ဆာဖြစ်နိုင်ခြေ ရှိပါသလား ဆရာ။

ဖြေ. မျက်စိအာရုံခံလွှာ (Retina)မှာ ကင်ဆာ (Retinoblastoma) ဖြစ်နိုင်ပါတယ်။ ဒီကင်ဆာက ကလေးငယ်တွေမှာ အဖြစ်များပါတယ်။

မျက်စိမှာ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အခုထိ ဘယ်သူမှမသိသေးပါဘူး။ တချို့ကင်ဆာတွေကျတော့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်ဖြစ်တယ်လို့လည်း ပြောကြပါတယ်။ မျက်စိမှာဖြစ်တဲ့ ကင်ဆာက အဖြစ်များတာတော့ မဟုတ်ပေမယ့် တွေ့တော့တွေ့နေရပါတယ်။

မေး. မျက်စိမှာ ဘာကြောင့်ကင်ဆာဖြစ်ရတာပါလဲ ဆရာ။

ဖြေ. မျက်စိမှာ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အခုထိ ဘယ်သူမှမသိသေးပါဘူး။ တချို့ကင်ဆာတွေကျတော့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်ဖြစ်တယ်လို့လည်း ပြောကြပါတယ်။ မျက်စိမှာဖြစ်တဲ့ကင်ဆာက အဖြစ်များတာတော့ မဟုတ်ပေမယ့် တွေ့တော့တွေ့နေရပါတယ်။

မေး. မျက်စိကင်ဆာဖြစ်ရင် ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲ ဆရာ။

ဖြေ. မျက်ခွံမှာ ကင်ဆာဖြစ်ရင် သိသာပါတယ်။ အကျိတ်ကြီး (Tumour Mass)တွေ ပေါ်နေတတ်ပါတယ်။ ဒါက စဖြစ်ခါစမှာ မနာပေမယ့် နောက်ပိုင်းကျရင် နာတတ်ပါတယ်။ အကျိတ်က ကြာသွားရင် ပုပ်သွား (Necrotic)ပြီး ပိုးဝင်နိုင်ပါတယ်။ အဲဒီအခါ နာကျင်တတ်ပါတယ်။ မဟုတ်ရင်တော့ နာလေ့မရှိပါဘူး။

ဒီလိုအကျိတ်ပေါ်ရင် ထုတ်ရပါတယ်။ ထုတ်ပြီးတဲ့အခါ မရှိတဲ့မျက်ခွံကို ပြန်လည်ပြုပြင်မှု (Reconstruction) လုပ်ရပါတယ်။ မျက်ခွံက ထွက်သွားတဲ့အရေပြားကို နားရွက်နောက် ဒါမှမဟုတ် လည်ကုပ် စတဲ့ အပြင်နေရောင်ခြည်နဲ့ သိပ်မထိတွေ့တဲ့၊ ကျန်းမာနေတဲ့အရေပြားကိုယူပြီး အစားထိုးပါတယ်။ မျက်ခွံအရေပြားအောက်က အရိုးနုကို ပြန်အစားထိုးဖို့ အဆင်ပြေတဲ့နေရာကယူလို့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ သေသွားတဲ့လူကလှူခဲ့တဲ့ မျက်လုံးထဲက အရိုးနုသိုလှောင်ထားတဲ့ Banked Sclera က ယူပါတယ်။ ဒါမှမဟုတ် အရိုးဘဏ်တွေမှာလှူထားတဲ့ အရိုးနုကိုယူပြီး အစားထိုးကုသကာ ပြုပြင်ပေးရပါတယ်။ ဒါက ရလဒ်ကောင်းပါတယ်။

မေး. မျက်မြှေးနဲ့ မျက်ကြည်လွှာမှာ ကင်ဆာဖြစ်ရင်ကော ဘယ်လိုကုသမှုပေးသင့်ပါသလဲ ဆရာ။

ဖြေ. မျက်မြှေးနဲ့ မျက်ကြည်လွှာမှာ ကင်ဆာဖြစ်ရင်တော့ ထုတ်တဲ့နည်း (Excision)နဲ့ ကုသမှုပေးရပါတယ်။ ပြီးတော့ ကင်ဆာဆဲလ်တွေကို အအေးကုထုံး (Cryotherapy)တို့ပေးရပါတယ်။ ဒါကလည်း ရလဒ်ကောင်းပါတယ်။

မေး. မျက်ဆန်ရဲ့အလယ်လွှာ Uveal Tract မှာဖြစ်တဲ့ ကင်ဆာအကြောင်းကိုလည်း သိပါရစေဆရာ။

ဖြေ. Uveal Tract မှာဖြစ်တဲ့ ကင်ဆာအကျိတ်ဆိုရင် စောစောကလို ထုတ်လိုက်ရုံနဲ့မရဘူး။ ဒီကင်ဆာက ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေ၊ အထူးသဖြင့် အသည်းကို ပျံ့နှံ့နေနိုင်ပါတယ်။ ဒီနေရာမှာ Sight (အမြင်အာရုံ)ကိုပဲ စောင့်ကြည့်မလား၊ Life (အသက်)ကိုပဲ စောင့်ကြည့်မလားဆိုပြီး နှစ်ခုယှဉ်ရွေးတဲ့အခါ Life ကို ဦးစားပေးရပါတယ်။ ဒီအချိန်မှာ မျက်စိအမြင်က ကောင်းနေတုန်းပဲ ဖြစ်နေနိုင်ပါသေးတယ်။ ဒါပေမဲ့ အသက်ရှင်သန်မှုကို ဦးစားပေးပြီး မိသားစုဝင်တွေကို ရှင်းပြရပါတယ်။ ပြီးတော့ မျက်လုံးတစ်ခုလုံးထုတ်တဲ့နည်း (Enucleation)ကိုသုံးပြီး အသားစယူစစ်ဆေးမှု (Biopsy)လုပ်ရပါတယ်။ အသည်းလို တခြားအင်္ဂါတွေဆီ ပျံ့နှံ့မှု ရှိ၊ မရှိ မသိနိုင်တဲ့အတွက် ကင်ဆာအထူးကုဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တာဆက်လုပ်ရပါတယ်။ မျက်လုံးတစ်လုံးလုံးကို ထုတ်ပြီးတဲ့အခါမှာ ပုံမပျက်အောင် မျက်လုံးအတုပဲ ပြန်ထည့်ပေးရပါတယ်။

မေး. ကလေးတွေမှာအဖြစ်များတဲ့ မျက်စိအာရုံခံလွှာ ကင်ဆာဆိုရင်ကော ဘယ်လိုကုသမှုပေးရပါသလဲဆရာ။

ဖြေ. ကလေးတွေမှာအဖြစ်များတဲ့ မျက်စိအာရုံခံလွှာမှာဖြစ်တဲ့ကင်ဆာက အများအားဖြင့် မွေးကတည်းက ဖြစ်လာတာပါ။ စဖြစ်လာပြီး အသက်နှစ်နှစ်လောက် အရွယ်ရောက်မှ ကလေးက ဘာကိုမှမကြည့်တာကို မိဘတွေက သတိထားမိလာပါတယ်။ မီးထိုးကြည့်လိုက်ရင် ကြောင်မျက်လုံးလို ဝါဝါကြီးဖြစ်တာ (Cat Eye Reflex) ကို တွေ့ရပါတယ်။ ဒါကို ဆေးကျောင်းသားကအစ သိထားမိကြပါတယ်။

မေး. ဒီကင်ဆာဖြစ်ရင် ကလေးတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရပါသလား ဆရာ။

ဖြေ. ဒီကင်ဆာဖြစ်ရင် ဦးနှောက်ကို ပျံ့နှံ့သွားနိုင်တာကြောင့် အသက်ရှင်သန်မှုအတွက် အရေးကြီးပါတယ်။ ဒါကြောင့် ဒီကင်ဆာဖြစ်ရင် မျက်စိတစ်လုံးလုံးကို ထုတ်ပေးရပါတယ်။ မျက်စိတစ်ဖက်တည်းဖြစ်ရင် ပြဿနာမရှိပေမယ့် မျက်စိနှစ်ဖက်စလုံးဖြစ်ရင် ဒါမှမဟုတ် မျက်စိနှစ်ဖက်လုံးသာမက ဦးနှောက်မှာလည်းရှိရင် ပိုဆိုးတဲ့မျက်စိကို ထုတ်လိုက်ရပါတယ်။ ပြီးရင် ကျန်တဲ့မျက်စိကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းပေးပါတယ်။ ဒီရောဂါအတွက် မျက်စိခွဲစိတ်ဆရာဝန်ရော ကလေးကင်ဆာအထူးကုဆရာဝန်ရောတိုင်ပင်ပြီး Team Work အနေနဲ့ပူးပေါင်းပြီး ကုသမှုပေးရပါတယ်။

မေး. မျက်ဆန်ရှိတဲ့ မျက်ကွင်း(Orbit)မှာဖြစ်တဲ့ ကင်ဆာကိုရော ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

ဖြေ. မျက်ဆန်ရှိတဲ့ Orbit ထဲမှာ အရိုး၊ အဆီ၊ ကြွက်သား (Extraocular Muscle)၊ သွေးကြောနဲ့ နာ့ဗ်ကြောတွေ ရှိပါတယ်။ ဒီအစိတ်အပိုင်းတွေအားလုံးမှာလည်း ကင်ဆာအကျိတ်ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးကိုစုပေါင်းပြီး Orbital Tumor လို့ခေါ်ပါတယ်။

မေး. မျက်ဆန်ရှိတဲ့မျက်ကွင်းမှာ ကင်ဆာဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. Orbit မှာ ကင်ဆာဖြစ်ရင် လက္ခဏာအနေနဲ့ မျက်စိပြူးထွက်တာ(Proptosis)ကို တွေ့ရတတ်ပါတယ်။ ဒါဆိုရင် စမ်းသပ်စစ်ဆေးမှုလုပ်ပြီး CT Scan လုပ်ရပါတယ်။ ပြီးရင်ထုတ်ပြီး အသားစယူ စစ်ဆေးမှုလုပ်ရပါတယ်။ ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးရာမှာ CT Scan က ပိုသေချာပါတယ်။ CT Scan နဲ့ စစ်ဆေးတာထက် အသားစယူ စစ်ဆေးမှုလုပ်တာက ပိုသေချာပါတယ်။

မေး. မျက်ဆန်ရှိတဲ့မျက်ကွင်းမှာ ကင်ဆာဖြစ်မှန်းသေချာရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

ဖြေ. ကုသမှုအနေနဲ့ မျက်စိအလုံးကိုထုတ်ပြီး လိုအပ်သလို ဓာတ်ကင်မှု (Radiotherapy) ဒါမှမဟုတ် ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) ပေးပြီး ကုသမှုပေးရပါတယ်။

မေး. မျက်စိမှာဖြစ်တတ်တဲ့ ကင်ဆာတွေနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် ပြောပြပေးပါဆရာ။

ဖြေ. ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းမဆို ကင်ဆာဖြစ်နိုင်ပါတယ်။ မျက်စိမှာဖြစ်တဲ့ကင်ဆာကလည်း အမျိုးမျိုးရှိပါတယ်။ ကုသမှုအနေနဲ့ကတော့ အဓိကက ခွဲစိတ်ကုသမှုပါပဲ။ မျက်ခွံ၊ မျက်မြှေးနဲ့ မျက်ကြည်လွှာမှာဖြစ်တဲ့ ကင်ဆာတွေက ကုသပြီးရင် ရလဒ်ကောင်းပါတယ်။ မျက်စိရဲ့ ကျန်တဲ့နေရာမှာဖြစ်တဲ့ ကင်ဆာတွေကတော့ ရလဒ်သိပ်မကောင်းပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top