Healthy Life Ad
Life Style

စအိုကွဲနာ (Anal Fissure) အကြောင်း သိကောင်းစရာ

ပါမောက္ခဦးအေးမွန် ( ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ စအိုကွဲနာ (Anal Fissure)က ဘာကြောင့် ဖြစ်ရပါသလဲဆရာ။
ဖြေ။ ။ စအိုကွဲနာဖြစ်ရတဲ့ နံပါတ်တစ်အကြောင်းရင်းက ဖိအား(Pressure)များတာကြောင့်ပါ။ ဝမ်းချုပ်တဲ့ အခါမှာ ဝမ်းတအားညှစ်ရတော့ Anal Canal က အမြှေးပါး (Mucosa) ကွဲသွားပြီး ဆိုးတဲ့အဆင့်မှာ ကြွက်သား(Muscle) ပြဲသွားပါတယ်။
ဒုတိယအကြောင်းရင်းကတော့ ပွတ်တိုက်အား(Abrasion)ကြောင့်ပါ။ Anal Canal ရဲ့နောက် က မြီးညောင်ရိုးနဲ့ အရမ်းမာတဲ့မစင်တုံးပွတ်တိုက်မိရာက ကွဲသွားတာဖြစ်ပါတယ်။ ဝမ်းချုပ်ပြီး ဝမ်းတအားညှစ်ရတဲ့အခါ စအိုကြွက်သားတွေက သွေးမဝတာကြောင့် စအိုကွဲရတာပါ။

မေး။ ။ စအိုကွဲနာဖြစ်ရင် ကုသမှုခံယူဖို့လိုအပ်ပါသလား ဆရာ။
ဖြေ။ ။ စအိုကွဲနာက မပြင်းထန်တဲ့ Acute Anal Fissure အဆင့်မှာဆိုရင် သူ့ဘာသာသူ ပြန်ကောင်းနိုင်ပါ တယ်။ အဲဒီအဆင့်မှာ ဝမ်းမချုပ်ဘူးဆိုရင်ဘာမှမဖြစ် တော့ပါဘူး။ ဒါပေမဲ့ စအိုကြွက်သားတွေမှာ ရောင် ရမ်းခြင်း (Fibrosis) ဖြစ်သွားရင်တော့ သူ့ဘာသာသူ ပြန်မကောင်းနိုင်တော့ပါဘူး။ အဲဒီအဆင့်ကို နာတာရှည် စအိုကွဲနာ (Chronic Anal Fissure) လို့ ခေါ်ပါတယ်။ အဲဒီအချိန်မှာ ဝမ်းအမြဲချုပ်တော့ ဝမ်းပိုညှစ်ရပါတယ်။ စအိုပိုကွဲနိုင်သလို ဝမ်းသွားပြီးရင်လည်း နာကျင်နေတတ်ပါတယ်။ စအိုကြွက်သားတွေ နာကျင်တောင့်တင်းနေတော့ ဝမ်းသွားရမှာ ကြောက်ပြီး ဝမ်းမသွားကြတော့ပါဘူး။

စအိုကွဲနာဖြစ်တဲ့အချိန်မှာ ဝမ်းမှန်မှန်မသွားတော့ဘူးဆိုရင် လိပ်ခေါင်းဖြစ်တတ်ပါတယ်။ စအိုကွဲနာ ကနေ ပိုးကူးစက်မှု (Infection) ရလွယ်တတ်ပါတယ်။ ဂရင်ဂျီနာဖြစ်တတ်ပါတယ်။ ဝမ်းမသွားတော့ နေလို့ထိုင်လို့လည်း မကောင်းတော့ပါဘူး။

မေး။ ။ အဲဒီအချိန်မှာ ဝမ်းမှန်မှန်မသွားရင် ဘာဆက်ဖြစ်နိုင်ပါသလဲဆရာ။
ဖြေ။ ။ စအိုကွဲနာဖြစ်တဲ့အချိန်မှာ ဝမ်းမှန်မှန်မသွားတော့ ဘူးဆိုရင် လိပ်ခေါင်းဖြစ်တတ်ပါတယ်။ စအိုကွဲနာ ကနေ ပိုးကူးစက်မှု (Infection) ရလွယ်တတ်ပါတယ်။ ဂရင်ဂျီနာဖြစ်တတ်ပါတယ်။ ဝမ်းမသွားတော့ နေလို့ထိုင်လို့လည်း မကောင်းတော့ပါဘူး။ ဝမ်းသွားရင်လည်း နာနေတတ်တဲ့အတွက် ခွဲစိတ်ကုသမှုခံယူတာက အကောင်းဆုံးပါပဲ။

မေး။ ။ နာတာရှည်စအိုကွဲနာ(Chronic Anal Fissure) ဖြစ်တဲ့အဆင့်မှာ မခွဲစိတ်ချင်ရင် ဘယ်လိုဂရုစိုက်ရ မလဲဆရာ။
ဖြေ။ ။ နာတာရှည် စအိုကွဲနာအဆင့်မှာ မခွဲစိတ်ချင်ရင်တော့ ဝမ်းမချုပ်အောင်နေဖို့ လိုပါတယ်။ ဝမ်းကို အတုံးအခဲသွားရင် နာကျင်တတ်တဲ့အတွက် ဝမ်းပျော့ဆေးကို နေ့တိုင်းစားပေးဖို့လိုပါတယ်။ ဝမ်းသွား တဲ့အချိန်မှာ မနာအောင်စအိုကို ထုံဆေးလိမ်းဆေး လိမ်းခိုင်းကြပါတယ်။
ဒီအဆင့်ရောက်တဲ့အချိန်မှာ ခွဲစိတ်ကုသမှု ခံယူတာကတော့ အကောင်းဆုံးပါပဲ။ မခွဲစိတ်ချင်ရင်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ အမျှင်ဓာတ် များတဲ့ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစားခြင်းနဲ့ ဝမ်း မှန်မှန်သွားအောင် ဂရုစိုက်ခြင်းဆိုတဲ့ Lifestyle အတိုင်းနေထိုင်ဖို့ လိုပါတယ်။

မေး။ ။ စအိုကွဲနာက ဘယ်အသက်အရွယ်တွေမှာအဖြစ် များပါသလဲဆရာ။
ဖြေ။ ။ အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်းအရွယ်တွေ မှာအဖြစ်များပါတယ်။ စိတ်ဖိစီးမှု (Stress)နဲ့ အထိုင် များတဲ့ အလုပ်အကိုင်တွေကြောင့် ဖြစ်လေ့ရှိပါတယ်။

မေး။ ။ စအိုကွဲနာမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါ သလဲ ဆရာ။
ဖြေ။ ။ စအိုကွဲနာမဖြစ်ဖို့ဆိုရင် အဓိကအချက်ကတော့ ဝမ်းမချုပ်အောင်နေဖို့ပါပဲ။ ဝမ်းချုပ်ရင်လည်း တအားမညှစ်သင့်ပါဘူး။ စအိုကွဲနာက လိပ်ခေါင်းနဲ့ တွဲဖြစ်တတ်ပါတယ်။ စအိုကွဲနာဖြစ်တဲ့အခါ ဝမ်းသွား ရင်နာတော့ ဝမ်းမသွားတော့ဘူး။ အဲဒီအခါ ဝမ်းပို ချုပ်တော့ ညှစ်ပြီးဝမ်းသွားတဲ့အခါ လိပ်ခေါင်းဖြစ် တတ် ပါတယ်။ ဒါကြောင့် ဝမ်းမှန်မှန်သွားဖြစ်အောင် စောစောက ဆရာပြောခဲ့တဲ့ Lifestyle အတိုင်း နေထိုင်ကြဖို့ ပြောလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top