Healthy Life Ad
Life Style

မိခင်၊ ဖခင်နဲ့ အစ်မ မရှိတော့တဲ့ ပူဆွေးသောကကြားမှ ကင်ဆာအဆင့် (၃)ကို အားတင်းကျော်လွှားနေတဲ့ ဒေါ်မိုးသူဇာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

၂၀၁၀ တွင် မိခင် ဆုံးပါးခဲ့ပြီး ၂၀၁၄ ခုနစ်တွင် အစ်မက ရောဂါဖြင့် ကွယ်လွန်ကာ ၂၀၁၆ ဇန်နဝါရီလတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သဖြင့် ပူဆွေးသောကရောက်နေရှာသော ဒေါ်မိုးသူဇာသည် အသက် ၄၆ နှစ်အရွယ်၌ ညာဘက်ရင်သားအလုံးအကျိတ်ကို စတင်သတိပြုမိခဲ့သည်။
“၂၀၁၆ ရှစ်လပိုင်းမှာ စဖြစ်ခဲ့တာပါ။ အစပိုင်းမှာ ဘယ်လိုဖြစ်သလဲဆိုတော့ ရာသီတွေလာတယ်။ ရာသီလာချိန်မှာ ရင်သားက တစ်မျိုးလေး ခံစားရတယ်။ ဒါပေမဲ ရာသီလာပြီးနောက်ပိုင်းမှာလည်း ရင်သားက စိစိစိစိနဲ့ တစ်မျိုးလေး ဖြစ်နေတုန်းပဲ။ နည်းနည်းနာတယ်။ ဒါနဲ့ သိပ်မသင်္ကာလာလို့ စမ်းကြည့်လိုက်တဲ့အခါမှာ အလုံးလေး ဖြစ်နေတယ်”ဟု ဒေါ် မိုးသူဇာက ရင်သားကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ဒေါ်မိုးသူဇာသည်၂၀၁၃ ခုနှစ်က ညာဘက်ရင်သားအလုံးပေါ်၍ ခွဲစိတ်ဆရာဝန်ကြီးနှင့် တစ်ကြိမ် ပြပြီး ခွဲထုတ်ခဲ့ရာ အသားစယူစစ်ဆေးမှုအဖြေအရ အဆီကျိတ်ဟု သိခဲ့ရကြောင်း၊ သို့ဖြစ်၍ ရင်သားကို စမ်းသပ်မှု မလုပ်တော့ဘဲ မေ့လျော့ထားခဲ့မိကြောင်း ဆိုသည်။
“အခုတစ်ခါ အလုံးတွေတော့ အဲဒီတုန်းက ပြခဲ့ဖူးတဲ့ ခွဲစိတ်ဆရာဝန်ဆီမှာပဲ ပြန်ပြလိုက်တယ်။ ဆရာမကြီးက “ဒါဆိုရင် မဖြစ်ဘူး၊ ချက်ချင်း အသားစယူ စစ်ဆေးမှု (Biopsy) ယူရမယ်}}လို့ ပြောတယ်။ ဆရာမကြီး ပြောတဲ့အချိန်မှာပဲ ချက်ချင်း အသားစယူစစ်ဆေးလိုက်တော့ ရင်သားကင်ဆာ အဆင့်(၃)လို့သိလိုက်ရပါတယ်”ဟု ဒေါ်မိုးသူဇာက ပြောသည်။
ရင်သားကင်ဆာ အဆင့်(၃)ဟု သိလိုက်ရချိန် တွင် မမိုးသူဇာအတွက် ဝမ်းနည်းမှုကြီးစွာ ခံစားခဲ့ရသည်။
“အမေကလည်း ဆုံးတယ်၊ အဖေကလည်း ဆုံးတယ်။ အစ်မကလည်းSLEနဲ့ဆုံးသွားတယ်. . ပြောရရင် အားကိုးအားထားပြုရတဲ့ မိသားစုဝင်သုံးယောက်စလုံးကွယ်လွန်သွားတယ် . . ဒီတော့ ကိုယ်တိုင်က ရင်သားကင်ဆာအဆင့်(၃)လို့ သိလိုက်ရတဲ့ အချိန်မှာ အရမ်းခံစားခဲ့ရတယ်။ ကိုယ့်ကို အားပေးမယ့် မိဘတွေကလည်း မရှိတော့ဘူး၊ အစ်ကိုတစ်ယောက်နဲ့ ညီမလေးတစ်ယောက်ပဲရှိတော့တယ်။ အစ်ကိုကလည်း အိမ်ထောင်နဲ့ တခြားမှာ နေတယ်။ ညီမလေးကလည်း ငယ်သေးတယ်။ ညီမလေးနဲ့ပဲ အတူနေရတာဆိုတော့လေ အားကိုးရာမရှိသလို ခံစားရပြီး အစပိုင်းမှာ စိတ်ဓာတ် အရမ်းကျသွားခဲ့ပါတယ်။
ဆရာဝန်ကြီးက ရင်သားကင်ဆာ အဆင့် (၃) လို့ ပြောလိုက်တဲ့အချိန်မှာ အဲဒီနေ့ တစ်ညလုံး တော်တော်ကြီးလည်း စိတ်ညစ်သွားတယ်”ဟု ဒေါ်မိုးသူဇာက ပြောသည်။

ကင်ဆာဝေဒနာရှင်တို့အတွက် မိသားစု၏ စောင့်ရှောက်ဖေးမမှု၊ မိတ်ဆွေသူငယ်ချင်းကောင်းများ၏ ဝိုင်းဝန်းအားပေးမှုနှင့် ဆရာသမားကောင်းတို့ ၏ ကူညီမှုတို့ များစွာ လိုအပ်လှပေသည်။ ဒေါ်မိုးသူဇာသည် တစ်ညတာ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့သော်လည်း နောက်တစ်နေ့တွင် မိတ်ဆွေသူငယ်ချင်းကောင်းတို့၏ အားပေးမှုကြောင့် ပြန်လည်း အားတင်းနိုင်ခဲ့သူဖြစ်သည်။
“နောက်တစ်နေ့မနက်ကျတော့ သူငယ်ချင်းတွေ လာအားပေးကြတယ်။ အဲဒီလို ဝိုင်းအားပေးတာကြောင့်လည်း ပါတယ်။ ပြီးတော့ ကိုယ့်ဘာသာကိုယ် ပြန်မတ်ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနိုင်သွားပါတယ်။ ကိုယ်ကိုယ်တိုင်မှ ပြန်အားမတင်းဘူးဆိုရင် မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ ဘယ်လို ကုရမလဲ၊ ဘယ်သူနဲ့ ကုရမလဲဆိုတာတွေကို မိတ်ဆွေသူငယ်ချင်းတွေရဲ့ အကူအညီနဲ့စုံစမ်းပါတယ်”ဟု ဒေါ်မိုးသူဇာက ပြောသည်။
ဒေါ်မိုးသူဇာသည်၂၀၁၆ ရှစ်လပိုင်းမှာပင် ညာဘက်ရင်သားကို ခွဲစိတ်ဖြတ်ထုတ်ကုသမှုခံယူခဲ့ပြီး ၂၀၁၆ ကိုးလပိုင်းတွင် ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်း၌ ကင်ဆာဆေး စတင်သွင်းခဲ့ကြောင်း နှင့် ၂၀၁၇၊ ဖေဖော်ဝါရီလတွင် ခြောက်ကြိမ်စလုံး အောင်မြင်စွာသွင်းပြီးသွားပြီဖြစ်ကြောင်းသိရသည်။

“ကင်ဆာဆေး ပထမဆုံးအကြိမ်သွင်းပြီး အိမ်ပြန်ရောက်တဲ့အထိ ဘယ်လိုမှမနေဘူး။ နောက်တစ်နေ့ မနက်ကျမှ အန်ချင်တယ်။ မစားချင် မသောက်ချင်ဖြစ်တယ်။ ရေတောင် မသောက်ချင်တော့တဲ့အထိဖြစ်ပါတယ်။ သူများတွေက အားဖြစ်အောင် စားပါ၊ ဘာစားချင်လဲဆိုပြီး လာအားပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မစားနိုင်တဲ့ ဝေဒနာကို ငါးရက်လောက်အထိ ခံစားရပါတယ်။

ရေသောက် ရေအန်၊ နည်းနည်းစား နည်းနည်းအန်နဲ့ ငါးရက်လောက်ကျော်သွားတဲ့အခါ အန်တာတွေလည်း မဖြစ်တော့ဘဲ ပုံမှန်စားချင်စိတ်ပေါ်လာပါတယ်။ အဲဒီအချိန်ကျတော့ အစာကို အများကြီး စားလိုက်ပါတယ်။ နောက်တစ်ကြိမ်အတွက် ခံနိုင်ရည်ရှိအောင် အသီးအနှံတွေရောများများစားလိုက်ပါတယ်

”ဟု ကင်ဆာ ဆေးသွင်းစဉ် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ဖြေရှင်းနည်းများကို မျှဝေခဲ့သည်။
ကင်ဆာမျိုးရိုးမရှိဘဲ ရင်သားကင်ဆာ ဖြစ်ခဲ့သည့် ဒေါ်မိုးသူဇာက ဟော်မုန်းအပြောင်းအလဲကြောင့်ဟု ထင်မြင်ထားသည်။

“၂၀၁၃ တုန်းက ရင်သားအဆီကျိတ်ထုတ်ဖူးတယ်။ နောက်ပိုင်းမှာ သိပ်ဂရုမစိုက်မိတာလည်းပါတယ်။ အလုပ်မှာပဲ အားထည့်တာရော၊ အစ်မဖြစ်သူက ကျန်းမာရေးမကောင်းလို့ ပြုစုနေရတာရော . .ဒါတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်မိတာလည်းပါတယ်။ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်ခဲ့ဘူး။ ဒါ ကြောင့် အဆင့် (၃) ကျမှ သိတယ်လို့ ထင်ပါတယ်”
ယခုနောက်ပိုင်းတွင် အစားအသောက်ကိုကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်ကိုသာ ရွေးချယ်စားဖြစ်ကြောင်း ဒေါ်မိုးသူဇာက ပြောသည်။
“အသီးအနှံများများစားပေမယ့် အရမ်းချိုတဲ့ အသီးအနှံတွေကို တတ်နိုင်သမျှ လျှော့စားတယ်။လေ့ကျင့်ခန်း ကိုလည်းပုံမှန်လုပ်ဖြစ်ပါတယ်။ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းက ဆရာမကြီး ဒေါ်မိမိရီ သင်ပေးထားတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် ညာဘက်ရင်သားကို ခွဲထားတဲ့အတွက် ညာဘက်လက်ကို လှုပ်ရှားမှုမရှိရင် ညာဘက်လက်က ဖောင်းလာတယ်။ တချို့ ကင်ဆာကုသအောင်မြင်ထားသူ တွေက လေ့ကျင့်ခန်းလုပ်ရမှန်း မသိတဲ့အတွက် ခွဲထားတဲ့ဘက်ကလက်မောင်း တွဲကျလာတယ်၊ လှုပ်ရှားလို့ သိပ်မကောင်းတော့ဘူး။ အစ်မကျတော့ အဲဒီလို မဖြစ်အောင် ပုံမှန်လုပ်ဖြစ်တဲ့အတွက် လက်ကရောင်တာ၊ နာတာမရှိဘူး”ဟု ဒေါ်မိုးသူဇာက သူ့အတွေ့အကြုံကို ပြန်လည်မျှဝေထားသည်။
ဓာတ်ရောင်ခြည်ကုထုံးကို ရန်ကုန်ဆေးရုံကြီးတွင် ခံယူနိုင်ရန် အလှည့်စောင့်နေရကြောင်း ဒေါ်မိုးသူဇာက ဆိုသည်။

ကင်ဆာဖြစ်မှာ ကြောက်၍ ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်း မပြုသူ၊ ကင်ဆာဖြစ်နေသူနှင့် ကုသမှုခံယူနေသူ တို့အား ဒေါ်မိုးသူဇာက သူ၏အတွေ့ အကြုံနှင့် စပ်လျှဉ်း၍-
“ကင်ဆာဆိုတာ ဖြစ်လာရင်တော့ ကြောက်ကြတာချည်းပါပဲ။ အစ်မဆိုရင် အဖေ၊ အမေ၊ အစ်မ အကုန်လုံး ဆုံးပါးသွားတော့ မိသားစုလည်း နည်းတယ်၊ အားပေးမယ့်သူလည်းနည်းတယ်။ ဒီလိုအချိန် မှာ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်အားတင်းရတယ်။
ဒါကြောင့် တခြားသူတွေကို အကြံပေးချင်တာက စိတ်ဓာတ်မကျပါနဲ့။ ဒီခေတ်မှာ ကင်ဆာဖြစ်လာရင် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းလို ကင်ဆာဆေး အခမဲ့သွင်းပေးတဲ့ နေရာတွေ ရှိလာတဲ့အတွက် အားငယ်စရာမလိုပါဘူး။ ကင်ဆာဖြစ်ပေမယ့် ပြန်လည်ကျန်းမာပြီး နှစ်ကြာကြာနေရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ကင်ဆာလို့ သိလိုက်ရင် သူသူကိုယ်ကိုယ် စိတ်ဆင်းရဲကြတာချည်းပါပဲ။ စိတ်ဆင်းရဲမှုကို ခဏတော့ ကြုံရပေမယ့် ပျောက်အောင် ကုနိုင်တဲ့သူတွေ အများကြီးရှိလို့ စိတ်ကို အားတင်းပြီး ကျော်လွှားအနိုင်ယူပါလို့ အကြံပြုလိုပါတယ်”ဟု အကြံပြုအားပေးစကားများ ပြောကြားလိုက်ပါသည်။
_ _ _

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်မိုးသူဇာ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top