Healthy Life Ad
Life Style

ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်များ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ အတွင်းရေးမှူး-ရွှေရောင် နှင်းဆီကင်ဆာဖောင်ဒေးရှင်း)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အမျိုးသမီးတွေမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အကျိတ်တွေက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. မိန်းကလေးတွေမှာ အပျိုဖော်ဝင်တဲ့အရွယ်က စပြီး ရင်သားကကြီးထွားလာပါတယ်။ ရင်သားထဲမှာ ရှိတဲ့ နို့ရည်ဂလင်းတွေကြီးလာသလို အဆီဂလင်း တွေကလည်း ကြီးထွားလာတဲ့အတွက် သာမန် အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားပုံစံဖြစ်ပေါ်လာပါတယ်။ အဆီကတော့ ရင်သားအရေပြားအောက်မှာ ပုံမှန်ရှိနေတဲ့အရာပါ။ ပုံမှန်မဟုတ်ဘဲ အဆီတွေများ လာတဲ့အခါ သာမန်လူတွေ အဆီကျိတ်လို့ခေါ်တဲ့ Lypoma လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ရင်သားထဲမှာ အန္တရာယ်မပေးနိုင်တဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်လေးတွေလည်း ရှိပါတယ်။ ဒါက ရင်သား ထဲမှာရှိတဲ့ အဆီတွေ ဖောက်လွှဲဖောက်ပြန်ဖြစ်လို့ ဖြစ်ရတယ်လို့ပဲ ပြောရပါမယ်။

မေး. ရင်သားမှာဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေက ဆေးနဲ့ ပျော်နိုင်ပါသလား ဆရာ။

ဖြေ. ရင်သားမှာဖြစ်လာတဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်တချို့ကတော့ ဟော်မုန်းနဲ့ဆက်စပ်ပြီး အပြောင်းအလဲ ရှိတတ်ပါတယ်။ ဟော်မုန်းများလာတဲ့ အချိန်မှာ အကျိတ်ပွားလာတာ၊ ကြီးလာတာ စသဖြင့် ဖြစ်တတ်တယ်။ ဟော်မုန်းလျော့သွားတဲ့အခါ အကျိတ်လျော့သွားတာ ရှိတတ်တယ်။ တချို့အကျိတ် ဆိုရင် ဆေးပေးလိုက်တဲ့အခါ လျော့သွားတာရှိပါတယ်။

မေး. ရင်သားကင်ဆာအကျိတ်နဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်ကို ဘယ်လို ခွဲခြားပြီး သိနိုင်ပါသလဲ ဆရာ။

ဖြေ. ဒီလိုခွဲခြားရာမှာ အခက်အခဲရှိပါတယ်။ အမျိုးသမီးတွေ ရင်သားအကျိတ်စမ်းမိပြီဆိုရင် အများစုက အန္တရာယ်မပေးနိုင်တဲ့ အကျိတ်ပါ။ ဒါပေမဲ့ ကင်ဆာ အကျိတ်တွေလည်း ဖြစ်နှုန်းများလာတဲ့အတွက် စိတ်ပူကြတာပေါ့။ အထူးသဖြင့် အသက် ၂၀-၂၅ အရွယ် မိန်းကလေးတွေ ရင်သားအကျိတ်ဖြစ်လာရင် “ကင်ဆာများ ဖြစ်နေမလားဆရာ”ဆိုပြီး စိတ်ပူတတ်ကြတယ်။ အသက် ၂၀-၂၅ ဆိုရင် ရင်သား ဓာတ်မှန် (Mammogram) ရိုက်ဖို့ ညွှန်ကြားချက် မရှိပါဘူး။ အဲဒီတော့ လက်နဲ့ စမ်းမိလောက်အောင် ကြီးရင် ခွဲစိတ်ဆရာဝန်တွေက ခွဲထုတ်ပြီး အသားစ ယူစစ်ဆေးမှု (Biopsy) လုပ်ကြတယ်။ အဲဒီမှာ ကင်ဆာ မဟုတ်တဲ့အဖြေ ထွက်လာရင်တော့ စိတ်အေး ရတာပေါ့။ ဒါမှမဟုတ်ရင် ရင်သားကို တယ်လီဗေး ရှင်းဓာတ်မှန်ရိုက်ပြီး စစ်ဆေးတဲ့ Breast Ultra­sound ရှိပါတယ်။ စမ်းလိုက်ရင် ရင်သားမှာ ဖြစ်နေတဲ့ အကျိတ်က ကင်ဆာအကျိတ် ဟုတ်၊ မဟုတ် ခန့်မှန်းလို့ရတယ်။ ပြီးတော့ မျိုးရိုးဗီဇပေါ် မူတည်ပြီး ဒီ ရင်သားအကျိတ်ကို စောင့်ကြည့်သင့်သလား၊ အသားစယူ စစ်ဆေးဖို့ လိုသလားဆိုတာကို အကြံဉာဏ်ပေး ရတာရှိတယ်။
ကင်ဆာနဲ့ ဘာကွာသလဲဆိုတော့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေက အန္တရာယ်မပေးနိုင်တဲ့ အကျိတ်တွေ ဖြစ်ပြီး တစ်နေရာတည်းမှာပဲ ရှိတယ်။ ကျန်တဲ့ ဘေးဘက်တွေကို ပြန့်ပွားနိုင်မှု မရှိဘူး။ ရင်သားထဲမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်တိုင်းကတော့ အဆီကျိတ်မဟုတ်ပါဘူး။ အဆီဘေးမှာရှိတဲ့ တွယ်ဆက်တစ်သျှူးတွေ များလာပြီး အဖုလေး လာဖြစ်တာ လည်း ရှိပါတယ်။ ဒီအကျိတ်တွေက အမျိုးသမီးတွေ မှာ အခန့်မသင့်ရင်ဖြစ်နိုင်တဲ့ အကျိတ်တွေဖြစ်ပြီး အန္တရာယ် မပေးပါဘူး။

မေး. တချို့အမျိုးသမီးတွေက ရာသီမလာခင်မှာ ရင်သားအကျိတ်လေးတွေ ပေါ်လာပြီး ရာသီလာပြီးချိန် မှာ လျော့သွားတယ်လို့ ဆိုကြပါတယ်။ အဲဒါကကော ဘယ်လိုအကျိတ် ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. လစဉ် ရာသီလာချိန်မှာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ အပြောင်းအလဲရှိတဲ့အတွက် ရင်သားမှာ သက်ရောက် မှုရှိပြီး အဖုအကျိတ်လေးတွေ ထွက်လာတတ်ပါတယ်။ ရာသီလာပြီး တစ်ပတ်လောက်ကြာရင် လျော့သွားတတ်တယ်။ ဒါကြောင့် မိမိရင်သားကို မိမိဘာသာ စမ်းသပ်နည်းသင်ကြားရာမှာ လစဉ် ရာသီသွေး ပေါ်ပြီး ခုနစ်ရက်မြောက်နေ့မှာ စမ်းပါလို့ ပြောတာ ဖြစ်ပါတယ်။ သွေးဆုံးပြီးတဲ့ အရွယ်တွေအတွက်ဆို ရင် လဆန်းတစ်ရက်နေ့တိုင်း ဒါမှမဟုတ် ကိုယ့်မွေး ရက်စသဖြင့် ကိုယ်မှတ်မိတဲ့ ရက်ကို မှတ်ထားပြီး မှန်မှန်စမ်းပေးရပါမယ်။

မေး. ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေကို ဒီအတိုင်းထားလိုက်ရင် ကင်ဆာအဖြစ် ကူးပြောင်း သွားနိုင်ပါသလား ဆရာ။

ဖြေ. ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်ကနေ ကင်ဆာကို ကူးသွားတာတော့ မရှိပါဘူး။ ဒါပေမဲ့ ကင်ဆာကသပ်သပ် ထပ်ဖြစ်လာတတ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် အမျိုးသမီးတစ်ယောက်က ရင်သားမှာ အကျိတ်လေး စမ်းမိနေတာသုံးနှစ်ရှိပြီ။ သုံးနှစ်ကြာ စမ်းမိနေတဲ့ ရင်သားအကျိတ်က ကင်ဆာမဖြစ်နိုင်ဘူး။ ဒါပေမဲ့ သုံးနှစ်ကျော်လို့ မသင်္ကာ တာနဲ့ ဆရာဝန်ဆီ သွားပြလိုက်တဲ့အခါ ဆရာဝန်က အသားစယူ စစ်ဆေးလိုက်လို့ ကင်ဆာ အဖြေထွက် လာရင် ဒါက မူလအကျိတ်ကနေ ကင်ဆာအဖြစ် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ မူလအကျိတ်က သီးသန့်ရှိပြီး ဘေးကနေ ကင်ဆာစဖြစ်လာတာလို့ ယူဆရပါတယ်။

မေး. ရင်သားမှာဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ် တွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကို ထပ်မံပြော ကြားလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရင်သားအခြေအနေကို ကိုယ့်ဘာသာကြိုသိနေဖို့ လိုပါတယ်။ ဒါကြောင့် အသက် ၂၀-၂၅ လောက်အရွယ်ကစပြီး တော့ မိမိရင်သားကို စမ်းသပ်နည်း သင်ကြားရင်း မူလအနေအထားကို သိအောင် လုပ်သင့်တယ်။ ပြီးတော့ရာသီလာပြီး ခုနစ်ရက်မြောက်နေ့တိုင်း ပြန်စမ်းရမယ်။ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲဖြစ်ရင် ဆရာဝန်ဆီသွားပြလိုက်လို့ ရင်သားအာထရာဆောင်း ရိုက်လိုက်တဲ့အခါ ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်း တယ်လို့ ဆရာဝန်က ပြောရင်တောင် အရွယ်အစား နဲ့ နေရာအနေအထားကို ကိုယ်က မှတ်ထားရမယ်။ လစဉ် ပြန်စမ်းပြီး ခြောက်လ-တစ်နှစ်တန်ရင် ရင်သား အာထရာဆောင်း ပြန်ရိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ တကယ်လို့ ဒါမျိုးမလုပ်ချင်ဘဲ စိတ်ပူ နေတယ်ဆိုရင် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပြီး ခွဲထုတ် လိုက်ပါ။ ခွဲထုတ်ပြီးပေမယ့်လည်း ကိုယ့်တာဝန်က လစဉ်ရင်သားကို မိမိဘာသာစမ်းသပ်နေရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top