Healthy Life Ad
Health Tips

ကိုယ်ခံအားစနစ်တက်အောင် ဘာလုပ်သင့်သလဲ . . .

မေး။ ။ ကိုယ်ခံအားစနစ်ကျတဲ့သူတွေက ဖျားနာလွယ်တဲ့အတွက် ကိုယ်ခံအားစနစ်တက်အောင် ဘာလုပ် သင့်ပါသလဲ ဆရာ။

မဝါဝါ၊ ဘုရင့်နောင်။

ပါမောက္ခဦးကိုကို (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ ကိုယ်ခံအားစနစ် ကျဆင်းတာက နှစ်မျိုးရှိတယ်။ ရောဂါကြောင့် ကိုယ်ခံအားစနစ် ကျဆင်းတာနဲ့ အ လုပ်များပြီး အစာကောင်းကောင်းမစား၊ အနားမယူတာကြောင့် ကိုယ်ခံအားစနစ်ကျတာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ရောဂါကြောင့်ဆိုရင်တော့ အဲဒီရောဂါကို ကုရမှာပါ။ ရောဂါကြောင့် မဟုတ်ဘဲ အနေအထိုင်၊ အစားသောက်ကြောင့် အားနည်းတယ်ဆိုရင်တော့ အဓိကအနေနဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအ သောက်စားတာတို့ကို လိုက်နာပြီး ကိုယ်ခံအားစနစ် မြင့်တက်အောင်လုပ်ရမှာ ဖြစ်ပါတယ်။ကိုယ်ခံစွမ်း အားစနစ်ကျဆင်းစေတဲ့ရောဂါတွေက ဆီးချိုသွေးချို ရောဂါ၊ ကင်ဆာ၊ HIVပိုးရှိတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ တာရှည်စတီးရွိုက် ဆေးစွဲသောက်နေရတာ စတာတွေ ဖြစ်ကြပါတယ်။

ရောဂါမရှိဘဲ သူတစ်ပါးတွေထက် ပိုဖျားလွယ်၊ ပိုအအေးမိလွယ်တဲ့သူတွေက အလုပ်ကလည်း များတတ်တယ်၊ အစာကိုလည်း ကောင်းကောင်း မစားတာနဲ့ အိပ်ရေးမဝတာတွေကြောင့် ဖြစ်တတ်တယ်။ ဒီလိုလူတွေကတော့ နွေးနွေးထွေးထွေးနေတာ၊ အရည်ရွှမ်းတဲ့ သစ်သီးတွေစားတာ၊ ရေများများသောက်တာ၊ အိပ်ရေးဝ၀အိပ်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာစတဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်နေမှာ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ် မြင့်တက်စေတဲ့ ဆေးဝါးလို့ရှိပေမယ့် ထောက်ခံထားတဲ့ လမ်းညွှန်ချက် (Recommended Guideline)မရှိတဲ့အတွက် ဆရာတို့ကတော့ အများအားဖြင့် ပေးလေ့မရှိပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top