Healthy Life Ad
Life Style

ကိုယ်ဝန်နှင့် ဂျာမန်ဝက်သက်(Pregnancy and Rubella)

ဒေါက်တာတင့်ဆွေ

၁။ ဆရာ ကျွန်မ – – -မှာ နေတာပါ။ အသက်က ၃၂နှစ်။ ကလေးတယောက်ရှိပါတယ်။ ဟိုနေ့က သွေးစစ်လိုက်တာ သွေးထဲမှာ ဓာတ်တစ်ခုက နည်းနေတယ်ပြောတယ်။ ဆေးထိုးရမယ်တဲ့။ အဲ့ဆေးထိုးပြီးရင် ၃လအတွင်းကိုယ်ဝန်ဆောင်လို့လည်း မရဘူးတဲ့။ ထိုးတဲ့ဆေးကMMR လို့တော့ရေးထားတယ်။ တရုတ်လိုလည်း သိပ်မတတ်တော့ ဘာဖြစ်တာလဲ နားမလည်ဘူးဆရာ။ ဆေးစစ်ထားတဲ့ Result နဲ့ ထိုးရတဲ့ဆေးကိုပုံရိုက်ပြီး Attachment နဲ့ ပို့လိုက်ပါတယ်။ ဆရာရှင်းပြပေးပါနော်။ ကျေးဇူးတင်ပါတယ်။

၂။ ကျွန်မသူငယ်ချင်း ကိုယ်ဝန် ၃ လပါ။ မနေ့က ဆေးရုံရက်ချိန်းသွားပြတာ ဂျိုက်သိုးဖြစ်နေတယ် ပြောပြီး သောက်ဆေးပေးလိုက်ပါတယ်။ ဂျိုက်သိုး ဆိုတာဘယ်လိုရောဂါ၊ ဘာကြောင့်ဖြစ်တယ်၊ ဆောင်ရန် ရှောင်ရန်တွေကို ညွှန်ကြားပေးစေချင်ပါတယ် ဆရာ။ ကျွန်မတို့အဝေးမှာ ဘာသာစကားအခက်အခဲ ရှိလို့ပါဆရာ။

၃။ မင်္ဂလာပါဆရာ ကျွန်မ ယခင်တပတ်က ဆရာကို morning sickness အကြောင်းမေးခဲ့ပါတယ်။ အသက်က ၃၁နှစ်။ ကိုယ်ဝန်က ၇ ပတ်ပြည့်ခါနီးပါပြီ။ ပထမဆုံးကိုယ်ဝန်ပါဆရာ။ Rubella (German measles)တွေ့တယ်လို့ ပြောပါတယ်။ ကျွန်မတခါမှ Rubella symptoms မျိုး မခံစားခဲ့ဖူးသလို ဖြစ်လည်း မဖြစ်ခဲ့ဖူးပါ။ GP ကတော့ ကလေးမွေးပြီးမှ ကျွန်မကို ဆေးထိုးလို့ရမယ်လို့ ပြောပါတယ်။ ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ ကလေးကို တစုံတရာ ထိခိုက်နိုင်ပါသလားဆရာ။ ဘာတွေကိုရှောင်ရမလဲ ဆရာ။ အရမ်းစိုးရိမ်လို့ပါ။

၄။ ဒေါက်တာရှင့် Low Rubella Immunity ဆိုတာ ဘာဖြစ်တာလဲ၊ ဘာဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲရှင်။ ကျွန်မ ကိုယ်ဝန် ၈ ပတ်ဆေးစစ်တော့ Low Rubella Immunity ၂၃ပဲရှိပါတယ်။ ဆရာဝန်ကတော့ ကလေးမီးဖွားပြီးမှ အဲ့ဒါနည်းတာကို ဆေးထိုးပေးမယ်ပြောပါတယ်။ ဘာတွေလုပ်ရမလဲသိပါရစေ။

Rubella ရူဘဲလားကို ဂျိုက်သိုးလို့လည်း ခေါ် တယ်။ ခပ်နီနီဆိုတဲ့ လက်တင်စကားကနေ လာတာပါ။ ဂျာမန်ဆရာဝန်ကနေ တွေ့လို့ German measles ဂျာမန်ဝက်သက်ရောဂါလို့ခေါ်တယ်။ Three-day measles သုံးရက်ဝက်သက်လို့လည်း ခေါ်သေးပါတယ်။ ရူဘဲလားဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်။ သိပ်မဆိုးဘဲ တချို့ဆိုမသိလိုက်ဘဲ ပျောက်သွားတယ်။ ၃ရက်မကြာတတ်ပါ။

ကိုယ်ဝန်အပ်တဲ့အခါ Rubella immunity test စမ်းသပ်ရမယ်။ စမ်းလို့ မိခင်မှာ ရောဂါပြီးတာ မတွေ့ရရင် တခါတည်းတော့ ကာကွယ်ဆေး မထိုးဘူး။ ဒီကာကွယ်ဆေးက ရောဂါပိုးအရှင်နဲ့ဖော်စပ်ထားလို့ ကလေးဆီရောက်သွားမှာစိုးလို့ပါ။ ရှားတော့ရှားသွားပါပြီ။

ရူဘဲလားဆိုတာ နှာချေ၊ ချောင်းဆိုးကနေ ကူးစက်တယ်။ ရောဂါလက္ခဏာတွေ သိပ်တော့ မဆိုးပါ။ ကိုယ်ပူ၊ ခေါင်းကိုက်၊ အဆစ်နာ၊ လည်ချောင်းနာမယ်။ လည်ပင်းတဝိုက် တက်စေ့တွေရောင်ရင် အနီစက်တွေပေါ်မယ်။ ကိုယ်ဝန်ဆောင် (၄) လအောက်မှာ ဂျာမန်ဝက်သက်ရောဂါရရင် ကလေးအတွက် မကောင်းဘူး။ ကိုယ်ဝန်ပျက်တတ်တယ်၊ ကလေးရဲ့ ကိုယ်အင်္ဂါတွေကိုပါ ထိခိုက်စေတတ်တယ်။ နားမကောင်းတာ၊ ဦးနှောက်ချို့ယွင်းတာ၊ နှလုံးမကောင်းတာ၊ မျက်စိတိမ်ဖြစ်တာတွေပါတယ်။ မအေကနေကလေး ကို အချင်းကတဆင့် ကူးသွားလို့ ဖြစ်ရတာပါ။

ကိုယ်ဝန် ပဌမ ၃ လအတွင်း ရောဂါရရင် အထဲကကလေးကို ၉၀% ကူးစေနိုင်တယ်။ ကိုယ်ဝန်ရင့်လာလေလေ ကလေးကိုကူးမှာ စိုးရိမ်ရတာ နည်းလေလေဖြစ်တယ်။ ကိုယ်ဝန်ရှိနေပြီ၊ ကိုယ့်မှာရောဂါလည်း မပြီးသေးဘူးဆိုရင် အနေအထိုင်၊ အသွားအလာဆင်ခြင်ပါ။ ရောဂါရှိသူတွေနဲ့ ဝေးဝေးနေပါ။ အမျိုးသမီးတိုင်း အိမ်ထောင်မပြုခင် Blood tests for rubella immunity လုပ်သင့်ကြတယ်။ ရောဂါမပြီးသူတိုင်း ကိုယ်ဝန်မယူခင် ၃ လစောပြီး ကာကွယ်ဆေးထိုးပါ။ ကာကွယ်ဆေးထိုးပြီး တလအတွင်းမှာ ကိုယ်ဝန်မဆောင်သေးတာ ကောင်းတယ်။ စိတ်ချရအောင် ၃ လစောင့်ပါ။

သွေးစစ်နည်းက ရူဘဲလားဗိုင်းရပ်စ်ကြောင့် ရနေတဲ့ အင်တီဘော်ဒီကို စစ်တာဖြစ်တယ်။ ရှိနေသူတိုင်းမှာ စိုးရိမ်စရာမရှိပါ။ ကိုယ်ဝန်မှာစမ်းတွေ့ရင်တော့ အထဲက ကလေးဆီ ရောဂါကူးစက်နိုင်တယ်။ Congenital rubella syndrome ခေါ် မွေးရာပါ ချို့ယွင်းချက်နဲ့ကလေးမွေးနိုင်တယ်။ မျက်စိတိမ်၊ တခြားမျက်စိရောဂါ၊ နားရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်တယ်။ ကိုယ်ဝန်ပျက်ကျနိုင်တယ်။ အသေမွေးနိုင်တယ်။ ကာကွယ်ဆေးထိုးရမယ်။ ကာကွယ်ဆေးထိုးထားရင်လည်း တွေ့မယ်။

ကိုယ်ဝန်မဆောင်မီကတည်းက စစ်သင့်တယ်။ Rubella blood test Positive ဆိုတာ 10 IU/mL IgG antibodies ထက် များတာကိုခေါ်တယ်။ 0.9 IgM antibodies ထက်နည်းရင် ရောဂါခုခံအား မရှိသူဖြစ်တယ်။ 1.1 IU/mL IgM antibodies ကျော်သူဟာ လတ်တလောကူးစက်ခံထားရသူဖြစ်မယ်။ တချို့ဓာတ်ခွဲခန်းတွေက ၉.၉၉ ဆိုရင် မရှိတာ၊ ၁၀.ဝ ကနေ ၁၄.၉ ဆိုရင် နည်းနည်းအပေါင်းပြတာနဲ့ ၁၅.ဝ ဆိုရင် အပေါင်းလို့ သတ်မှတ်တယ်။

ကလေးတွေကို MMR (Measles, Mumps and Rubella) ဆိုတဲ့ ကာကွယ်ဆေး ထိုးပေးရတယ်။ ဝက်သက်၊ ပသိရောင်နဲ့ ဂျာမန်ဝက်သက် ရောဂါသုံးမျိုးကို ပြီးစေတဲ့ ကာကွယ်ဆေးဖြစ်တယ်။ ၁ နှစ်သား (၁၂-၁၅ လ) မှာထိုးရမယ်။ ကျောင်းနေတော့မယ့် ၄-၆ နှစ်သားမှာ တခါထပ်ထိုးတယ်။ တခါတလေ ပဌမတခါနဲ့ တလခြားပြီး ဒုတိယတလုံး ထိုးတယ်။ ဒီကာကွယ်ဆေးက အန္တရာယ်လည်းကင်း အတော်လည်းစိတ်ချရပါတယ်။ ဝက်သက်ကို ၉၅-၉၈%၊ ပသိရောင်ကို ၉၇% နဲ့ ရူဘဲလားကို ၉၅% အကာအကွယ်ပေးနိုင်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top