Healthy Life Ad
Life Style

အတိတ်ဆိုးက ရုန်းထွက်ဖို့ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အရင်ကခင်ခဲ့တဲ့ ညီမလေးတစ်ယောက်နဲ့ ပြန်ဆုံတယ်။ သူက အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ခင်ပွန်းနဲ့လမ်းခွဲထားသူ၊ အခုချိန်မှာ ကလေးတစ်ဦးနဲ့အတူ နေထိုင်ရင်းရုန်းကန်နေသူ . .

သူက ကျွန်မနဲ့တွေ့ကတည်းက ခင်ပွန်းဟောင်းအကြောင်း တဗျစ်တောက်တောက် ပြောတော့တာပဲ . . သူ့ခင်ပွန်းကို ကျွန်မသိနေတာလည်း ပါတာပေါ့လေ. . ဒါတင်မကသေးဘူး၊ သူ့ခင်ပွန်း ဖေ့စ်ဘွတ်ခ်အကောင့်ထဲဝင်ကြည့်လိုက်၊ အခုလက်ရှိလက်ထပ်ထားတဲ့ဇနီး(သူ့အပြောကတော့မယား ငယ်ပေါ့) အကောင့်ထဲဝင်ကြည့်လိုက် . .

“ဒီမှာတွေ့လားမမ၊ ပျော်မြူးနေကြတာ” အစချီပြီး မကြေနိုင်မချမ်းနိုင်ပြောလိုက် . . ဒေါသတွေထွက်လိုက် . . ကျိန်ဆဲလိုက် . .

သူပြတဲ့ အကောင့်ထဲကြည့်မိတော့ သူ့ခင်ပွန်းဟောင်းနဲ့ ဇနီးသည်က သားလား၊ သမီးလားမသိ ကလေးတစ်ယောက်ရပြီး ပျော်လို့ရွှင်လို့ . .

အော် သူတို့ကွဲခဲ့တာတောင် လေးနှစ်လောက် ရှိပါရော့လား . . အချိန်တွေ အကုန်မြန်လိုက်တာ။

သူကတော့ ကျွန်မအတွေးကို သိပုံမပေါ်ဘူး၊ သူတို့ကိုကြည့်လိုက် . . ဒေါသတွေထွက်လိုက်၊ မုန်းတီးလိုက်၊ ရွံရှာလိုက်နဲ့ . .

“ညီမလေး အခုအလုပ်လုပ်နေလား”လို့မေးကြည့်တော့ “လုပ်ရတာပေါ့မမရယ်၊ မလုပ်ရင်ညီမလေးတို့ကို ဘယ်သူက ရှာကျွေးမှာလဲ၊ ဟိုအကောင်ကလည်း ပစ်သွားပြီပဲဟာ”လို့ ဖြေတယ်။

“ကလေးက ကျောင်းနေပြီလား”လို့ မေးလိုက်တော့-

“တက်နေပြီ မမ၊ ကလေးဆီကို ဟိုအကောင်လာတွေ့မှာစိုးလို့ ကျောင်းကိုခဏခဏလိုက်ရတာအမော”

သူ့ကိုဘာမေးမေး ဟိုအကောင် (သူ့ခင်ပွန်းဟောင်း)အကြောင်းက မပါမပြီး။ သူကလည်း ဒီလိုဖြေတိုင်း သူတို့ဖေ့စ်ဘွတ်ခ်အကောင့်တွေကို တစ်လှည့်စီဝင်ကြည့်လိုက်၊ မဲ့ရွဲ့လိုက်ဖြစ်နေရှာတယ်။

ညီမလေးကိုကြည့်ပြီး သူဟာ ဒီလေးနှစ်တာအတွင်း အချိန်ကောင်းတွေ ကုန်ဆုံးသွားခဲ့တယ်လို့ပဲ ကျွန်မကတော့ မြင်မိတယ်။ တကယ်ဆိုရင် အိမ်ထောင်ဖက်က ဖောက်ပြန်ခဲ့လို့ ကွဲခဲ့တယ်ပဲဆိုဆို၊ သူမကောင်းလို့ လင်မယားပြတ်စဲခဲ့ပြီးပြီ၊ ကွာခဲ့ပြီးပြီ . . ဘာတတ်နိုင်တော့မှာလဲ .. အကောင်းဆုံးက ကိုယ့်လမ်းကိုရှေ့ဆက်လျှောက်ဖို့ပဲ စဉ်းစားရမှာပဲ မဟုတ်လား။

ကိုယ်နဲ့ ကိုယ့်ရင်သွေးလေး ဘဝသာယာဖို့၊ ပျော်ရွှင်ဖို့၊ အေးချမ်းဖို့နဲ့ ပိုပြီးလူပီသဖို့ ရှေ့ကိုဘယ်လိုလျှောက်ရမလဲဆိုတဲ့ စိတ်ခွန်အား၊ လူခွန်အားကို မွေးရတော့မှာပဲ မဟုတ်လား။ တကယ်ဆို ဘဝခရီးကတိုတိုလေး၊ ကောင်းတဲ့သူနဲ့ဆုံတဲ့အခါလည်းရှိသလို မကောင်းတဲ့သူနဲ့ ကြုံတဲ့အခါလည်း ရှိကြစမြဲ . .ကောင်းတဲ့သူနဲ့ဆုံရင် ကျေးဇူးတင်လိုက်ပြီး မကောင်းတဲ့သူနဲ့ကြုံရင် သူ့ကိုအမြန်ဆုံးမေ့ပစ်လိုက်ဖို့နဲ့ ဘဝကို အကောင်းဆုံးရှေ့ဆက်လျှောက်ဖို့ပဲ တွေးသင့်နေပါပြီ။

ဒီလိုပြောရင် ညီမလေးက မမမှ မကြုံဖူးတာလို့ ဆိုကောင်းဆိုနိုင်တယ်။ မကြုံလို့ ကိုယ်ချင်းမစာမနာပြောတာ မဟုတ်ရပါဘူး။ လူတိုင်းလူတိုင်းမှာ ကိုယ်ပြန်မရောက်ချင်တဲ့ မကောင်းတဲ့အခိုက်အတန့်၊ ဆိုးရွားတဲ့ အဖြစ်အပျက်စတဲ့ အတိတ်ဆိုးဆိုတာတော့ အနည်းနဲ့အများဆိုသလို ရှိတတ်တာပါပဲ . .

မကောင်းတဲ့အတိတ်ဆိုးကို ကြုံရတဲ့အခါ ဒါတွေကိုမြည်တွမ်တောက်တီးရင်း ကိုယ့်ခွန်အားတွေကို အလဟသဖြစ်နေစရာလိုလို့လား။ မကောင်းတဲ့သူနဲ့ ဆုံတဲ့အခါ လွမ်းဆွေးဒေါသထွက်ရင်း ကိုယ့်ဘဝရဲ့အရွယ်ကောင်း ကုန်ဆုံးသွားစရာလိုလို့လား။ ဒါတွေကို ပြန်တွေးရင်း တောက်ခေါက်နေမယ့်အစား ဒီခါးသီးဖွယ်ရာ အတိတ်ဆိုးကနေ ရုန်းထွက်ပြီး (ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူကို တတ်နိုင်သမျှမေ့ပစ်ပြီး) အဲဒီအတွေ့အကြုံတွေကနေ ခွန်အားတစ်ရပ်ရယူပြီး ကိုယ့်ဘဝကို မြင့်သထက်မြင့်လာဖို့၊ ကိုယ့်ကလေးဘဝ တိုးတက်သထက် တိုးတက်လာဖို့သာကြိုးစားဖို့ ညီမလေးကို မှာလိုက်မိတာပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top