Healthy Life Ad
Life Style

ထိပ်ကပ်နာအပါအဝင် နှာခေါင်းရောဂါများကို မှန်ပြောင်းသုံးပြီး ခွဲစိတ်ခြင်း

ပါမောက္ခဒေါက်တာခင်လှလှ (နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာဌာန၊ ဆေးတက္ကသိုလ်-၁၊ ရန်ကုန်)

ပြီးခဲ့တဲ့ တစ်ခေါက်က ထိပ်ကပ်နာအကြောင်း ရေးခဲ့ပါတယ်။ မဖတ်ဖြစ်လိုက်တဲ့သူတွေအတွက် ထပ်ရေးရရင် နှာခေါင်းဘေးက လေအိတ်တွေ ရောင်တာကို ထိပ်ကပ်နာလို့ ပြောတာပါ။ အဓိကအားဖြင့် နှာခေါင်းရောဂါ တွေဖြစ်ရာက ထိပ်ကပ်နာ ဖြစ်တာများပေမယ့် သွားရောဂါကြောင့် ဖြစ်တာကိုလည်း မေ့လို့မရပါဘူး။

ထိပ်ကပ်နာအဖြစ်များတဲ့ လေအိတ်အစုံက ပါးရိုးမှာရှိတဲ့ လေအိတ်အစုံဖြစ်ပါတယ်။ ထိပ်ကပ်နာဖြစ်ရတဲ့ အကြောင်းမှာ နှာခေါင်းဘေးလေအိတ်တွေထဲက နှာရည်တွေ နှာခေါင်းထဲကို ဝင်တဲ့နေရာမှာ ပိတ်ဆို့နေတဲ့အခါ ရေမစီးတော့ဘဲ ရေသေ ဖြစ်ဖြစ်သွားပြီး ပိုးဝင်လို့ဖြစ်တာပါ။

အရင်တုန်းက ပါးရိုးက လေအိတ်တွေမှာ ပြည်တည်ရင် နှာခေါင်းဘေးနံရံကနေ လေအိတ်ဖက်ကို အပေါက်ဖောက်ပြီး ဆေးကြောပါတယ်။ အကြိမ်ကြိမ်ဆေးပြီး မသက်သာတဲ့ အဆုံးစွန်ကျရင် ခွဲစိတ်ပါတယ်။ အဲဒီခွဲစိတ်နည်းမှာ ရောဂါဖြစ်နေတဲ့ အမြှေးပါးတွေကို မေ့ဆေးပေး၊ ခွဲစိတ်ပြီး ထုတ်ပစ်တာပါ။ ဘေးထွက် ဆိုးကျိုးတွေလည်း ရှိပါတယ်။ ခွဲစိတ်တယ်ဆိုပေမယ့် ဆေးလည်း ပေးတာပေါ့လေ။
ဆေးပညာမှာ အချိန်နဲ့အမျှ ကုထုံးကုနည်းတွေ ပြောင်းလေ့ရှိပါတယ်။ တွေ့ရှိချက်အသစ်တွေ၊ တီထွင်လိုက်တဲ့ ပစ္စည်းကိရိယာတွေ၊ အဲဒီပစ္စည်း တွေကိုအသုံးပြုတတ်အောင် လူသားအရင်းအမြစ်တွေကို လေ့ကျင့်သင်ယူကြ ရတာတွေ လိုအပ်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြောင်းလဲလာတဲ့ ကုထုံးကုနည်းသစ်တွေကို တတ်မြောက်ပြီး ကျွန်မတိုရဲ့ လူနာတွေကို ကမ္ဘာ့အဆင့်အတန်းမီ ကုသပေးနိုင်အောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။

ထိပ်ကပ်နာအပါအဝင် နှာခေါင်းရောဂါတွေကို မှန်ပြောင်းသုံးပြီး ခွဲစိတ်နည်းဟာ နောက်ဆုံးပေါ် ကုသနည်း ဖြစ်ပါတယ်။ အဲဒီကုသနည်းကို ကျွန်မတို့ နား၊ နှာခေါင်း၊ လည်ချောင်း ဦးခေါင်းနဲ့ လည်ပင်း အထူးကု ဆေးရုံကြီး(ရန်ကုန်)နဲ့ နား၊ နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်ရှိတဲ့ နေရာတချို့မှာ ကုသနိုင်ပြီ ဖြစ်ပါတယ်။

မှန်ပြောင်းနဲ့ နှာခေါင်းခွဲစိတ်နည်းက အပြင်ကဒဏ်ရာလည်း မပေါ်ပါဘူး။ ခွဲစိတ်ပြီး ရလဒ်ကလည်း ကောင်းတယ်၊ နာလန်ထမြန်တယ်၊ ပြီးတော့ မှန်ပြောင်းသုံးတာဖြစ်လို့ ပိုပြီး ထင်ထင်ရှားရှားမြင်ရတယ်။ အလင်းရောင်အား ပိုကောင်းပြီး အကြီးလည်း ချဲ့ပေးတာမို့ ရောဂါရှိတဲ့နေရာကို ထင်ထင်ရှားရှားတွေ့ရပြီး အဲဒီနေရာကို တိတိကျကျ ခွဲစိတ်ပေးနိုင်တယ်။

ထိပ်ကပ်နာအပြင် နှာခေါင်းထဲမှာ နှာသီးလို့ လွယ်လွယ်ခေါ်တဲ့ အသားပို (Nassal Polyp)ကိုလည်း မှန်ပြောင်းသုံးပြီး ခွဲစိတ်နိုင်တယ်။ အရင်တုန်းက တိတိကျကျ မမြင်ရတဲ့အတွက် ကောင်းတဲ့ အပိုင်းတွေ ထိခိုက်မိပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ မှန်ပြောင်းနဲ့ဆိုတော့ ကောင်းကောင်းမြင်ရပြီး နှာသီးသက်သက်ကိုပဲ ခွဲထုတ်နိုင်တဲ့အတွက် ရလဒ်ပိုကောင်းပါတယ်။
လူပျိုအရွယ်ကောင်လေးတွေမှာ နှာခေါင်းသွေးလျှံတယ်ဆိုရင် သတိထားရပါတယ်။ Angiofibroma လို့ခေါ်တဲ့ ရောဂါဖြစ်နိုင်ပါတယ်။ အရင်တုန်းက အဲဒီရောဂါကို ဒီအတိုင်းခွဲထုတ်ရပါတယ်။ သွေးကြောကြီးတွေ ချည်တာတို့၊ သွေးကြောထဲ Embolization လို့ခေါ်တဲ့ နည်းနဲ့ သွေးအရောက်နည်းအောင်လုပ်ပြီးမှ ခွဲထုတ်လေ့ရှိပါတယ်။
အခုမှန်ပြောင်းသုံးပြီးတော့လည်း Angiofibroma ကို ခွဲစိတ်နေပါပြီ။ တိုးတက်လာတဲ့ ဆေးပညာတွေ၊ နည်းစနစ်တွေရဲ့ အကျိုးကို ကျွန်မတို့ လူနာတွေ ခံစားခွင့်ရနေပြီဖြစ်လို့ ဝမ်းသာရပါတယ်။
ဒီလိုနည်းစနစ်တွေနဲ့ ကုသပေးနေပေမယ့် ကျွန်မတို့ရဲ့ တချို့လူနာတွေဟာ မသိနားမလည်စွာ နဲ့ ကြေးကြီးကြီးပေးရပြီး ဒုက္ခရောက်ရတာတွေ ရှိနေဆဲပါ။ တွေ့နေရဆဲပါ။ ကျွန်မတို့ ကျန်းမာရေး ပညာပေးဖို့ အရေးကြီးနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ငွေကုန် လူပန်းဖြစ်ပြီးမှ ပြည်သူ့ ဆေးရုံတွေ မရောက်ပါစေနဲ့။ စောစောစီးစီး လာပြကြပါလို့ ပညာပေးရေးသားလိုက်ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top