Healthy Life Ad
Life Style

အမြင့်ကနေ ခုန်ချချင်နေတယ်ဆရာ…

ပါမောက္ခဒေါက်တာဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

“ထွီ” . . “ထွီ” . . “ထွီ”

ကျော်ဇေဟာ အခန်းထဲမှာ တစ်ယောက်တည်းနေရင်း တံတွေးထွေးချင်စိတ်တွေ မကြာခဏဖြစ်ပေါ်လိုက်၊ တံတွေးထွေးလိုက် ဖြစ်နေခဲ့ပါတယ်။ တံတွေးတွေထွေးရင်း သူ့စိတ်ထဲမှာ အတွေးမျိုးစုံဝင်နေပြီး အဲဒီအတွေးတွေကြောင့် ညည ကောင်းကောင်းအိပ်လို့ မပျော်တာလည်းကြာနေပြီ။ ညည ကောင်းကောင်းအိပ်မပျော်တာ ဘယ်လောက်တောင် ကြာနေပြီလဲဆိုရင် သုံးလကျော်လောက် ကြာခဲ့ပါပြီ။

မအိပ်ဘူးလားလို့ မမေးနဲ့ . .ကျော်ဇေလည်း ညဆို အိပ်ရာထဲဝင်အိပ်တာပဲ . .အတွေးတွေက ထပ်ခါတလဲလဲ ဖျောက်လို့မရအောင် ဝင်နေတော့ ဘယ်လိုမှကို အိပ်လို့မရဘူး။ အိပ်လို့မရတဲ့အထဲ လူခြေတိတ်ချိန်ဆိုရင် လေတိုးသံတွေက မရပ်မနားကြားနေရတယ်။ တစ်ခါတစ်ခါ လူတစ်ယောက်ယောက်က စကားလာပြောသလိုလို၊ လာရန်စသလိုလို ကြားနေရသေးတယ်။ ကြားနေရသေးတယ် မဟုတ်ဘူး၊ အခုနောက်ပိုင်းမှာ တကယ်ပီပီပြင်ပြင်ကြားရလို့ ထထပြီး အဲဒီလူကိုရှာရတယ်။ ခဏကြာတော့ မှေးခနဲဖြစ်ပြီး တစ်ခါပြန်နိုးလာပြန်တယ်။ မနက်ဆိုရင်တော့ အတွေးမဝင်ပေမယ့် နေ့ခင်းလောက်ဆိုရင် အတွေးတွေ စဝင်လာပြီ။ အဲဒီကစပြီး ညအထိ အတွေးတွေနဲ့ လုံးချာလည်နေတော့တယ်။

နောက်ညတွေမှာ ကျော်ဇေ ဘယ်လိုမှအိပ်လို့ မဖြစ်တော့တဲ့ အခြေအနေရောက်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့တစ်ကိုယ်လုံး အကောင်သေးသေးမွှားမွှားလေးတွေ တက်နေလို့ပဲ . .ပုရွက်ဆိတ်လို့ထင်တာပဲ . . ဒါပေမဲ့ လိုက်ရှာတယ်၊ မတွေ့ဘူး။ သိပ်လျင်တဲ့ကောင်တွေ . .

ကိုယ်ပေါ်က ပုရွက်ဆိတ်မွှားမွှားလေးတွေကို လိုက်ဖယ်လို့ ကြိုးစားရင်း မောင်းချဓားလေးတစ်လက်ကို မြင်လိုက်တယ်။ ဒီဓားနဲ့ လက်ကသွေးကြောတွေကို လှီးချင်နေတယ်။ လက်ကသွေးကြောတွေကို လှီးလိုက်ရင်ကောင်းမှာပဲ . . လှီးလိုက်ချင်တယ်။ ပြီးတော့ လက်ရဲ့သွေးကြောတွေကို လှီးလိုက်လို့ ထွက်လာတဲ့သွေးတွေကိုမြင်ချင်တယ်။ ဒါဆိုရင်…

ကိုယ်ပေါ်က ပုရွက်ဆိတ်မွှားမွှားလေးတွေကို လိုက်ဖယ်လို့ ကြိုးစားရင်း မောင်းချဓားလေးတစ်လက်ကို မြင်လိုက်တယ်။ ဒီဓားနဲ့ လက်ကသွေးကြောတွေကို လှီးချင်နေတယ်။ လက်ကသွေးကြောတွေကို လှီးလိုက်ရင် ကောင်းမှာပဲ . . လှီးလိုက်ချင်တယ်။ ပြီးတော့ လက်ရဲ့သွေးကြောတွေကို လှီးလိုက်လို့ ထွက်လာတဲ့သွေးတွေကို မြင်ချင်တယ်။ ဒါဆိုရင် ပုရွက်ဆိတ်တွေလည်း ပြေးသွားမှာပဲ . . ဟုတ်တယ်၊ ဒါနဲ့ သူ့လက်ကသွေးကြောကို ကျော်ဇေ လှီးပစ်လိုက်တယ်။ သွေးထွက်တာ မြင်လိုက်ရတဲ့အခါမှာ သူတော်တော် ကျေနပ်သွားတယ်။

ဒါပေမဲ့ အိမ်ကမိဘတွေ အလုပ်ကအပြန် ကျော်ဇေ့လက်က ဒဏ်ရာကိုတွေ့တော့ ဆေးခန်းလိုက်ပို့တယ်။ ဆရာဝန်ကပေးတဲ့ ဆေးတွေသောက်ရတယ်။ ဘယ်လိုမှ အိပ်လို့မရဘူး။ အိပ်ရာပေါ်တက်အိပ်ပေမယ့် အိပ်မပျော်မချင်း အတွေးတွေပဲ ထပ်ထပ်ဝင်နေပြန်တယ်။ တော်တော်နဲ့ အိပ်မပျော်ပြန်ဘူး။

ကျော်ဇေရဲ့အမေက သူ့အခန်းထဲက ဓားနဲ့ တခြားချွန်ထက်တဲ့ အရာမှန်သမျှ သိမ်းသွားတယ်။ ဒါနဲ့ ကျော်ဇေလက်က သွေးကြောတွေကို ဓားနဲ့မလှီးဖြစ်တော့ဘူး။ တဖြည်းဖြည်းနဲ့ အမြင့်ကနေ ခုန်ချချင်စိတ် ပေါ်လာတယ်။ အမြင့်ကနေ ခုန်ချလိုက်ရင် အေးခနဲ ငြိမ့်ခနဲဖြစ်သွားမှာပဲလို့ သူထင်နေတယ်။ အမြင့်က ခုန်ချချင်စိတ်ကို မထိန်းနိုင်တော့ဘဲ အခန်းပြတင်းပေါက်ကို ဖွင့်ဖို့ပြင်တဲ့အချိန်မှာ အသံနက်ကြီးတစ်သံကို ကျော်ဇေကြားလိုက်ရတယ်။

“မင်း အမြင့်ကနေခုန်ချမလို့လား . .သေချင်နေတာလား . . သေချင်နေရင် ငါလာသတ်မယ်”

“အမလေး . .”

ကျော်ဇေ့အခန်းထဲကို လူတစ်ယောက်ဝင်လာပြီး အသံနက်ကြီးနဲ့ ခြိမ်းခြောက်တယ်။ ကိုယ်ပေါ်မှာ ရွစိရွစိတက်နေတဲ့ ပုရွက်ဆိတ်တွေကိုခါချရင်း ကျော်ဇေလန့်ဖျတ်အော်မိတယ်။

“မင်းသတ်တိုင်း ရမယ်ထင်သလား . . ငါ့နာမည် ကျော်ဇေတဲ့ကွ . . တဇေပဲရှိတယ်”

ကျော်ဇေပြန်အော်လိုက်တော့ ဟိုလူကရယ်တယ်။

“မင်းမှာ ဘာလက်နက်ရှိလို့ ခုခံမှာလဲ၊ ငါ့မှာ ဓားပါတယ်ကွ . .”

ညဉ့်နက်သန်းခေါင်မှာ ကျော်ဇေတစ်ယောက် အော်ဟစ်ဆူညံသံတွေကြားရတော့ မိဘတွေ လန့်နိုးလာတယ်။

ကျော်ဇေရဲ့ အခန်းထဲကို ဝင်ကြည့်လိုက်တော့ တစ်ယောက်တည်း ခြေဟန်လက်ဟန်တွေနဲ့ စကားပြောဆိုအော်ဟစ်နေတဲ့ ကျော်ဇေကို တွေ့လိုက်ရတော့တယ်။ ဒီလိုနဲ့ ဆရာ့ဆီကို ရောက်လာခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ကျော်ဇေက ၁၀တန်း မအောင်ဘူး၊ ၁၀တန်း ဖြေချင်စိတ်မရှိတော့ဘူးဆိုတာနဲ့ မိဘတွေကလည်း တစ်ဦးတည်းသော သားလေးကို အလိုလိုက်ပြီး မဖြေခိုင်းတော့ဘူး။ ကွန်ပျူတာ ဝါသနာပါတယ်ဆိုတာနဲ့ ကွန်ပျူတာသင်တန်းလေး တက်ခိုင်းထားပြီး အိမ်ကအခန်းထဲမှာ ကွန်ပျူတာဝယ်ပေးထားတော့ နေ့နေ့ညည အခန်းအောင်းနေတာကို ကွန်ပျူတာသုံးနေတာထင်တယ်ဆိုကာ မိဘတွေက လွှတ်ထားလိုက်ပါတယ်။

“ကျွန်မတို့နှစ်ယောက်စလုံးကလည်း တစ်နေကုန်အလုပ်သွားရတော့ သူ့ကို သေချာစောင့်မကြည့်နိုင်ဘူးဆရာ . .သူကလည်း ခပ်အေးအေးနေတာပဲဆိုတော့ ဒီလိုဖြစ်နေမှန်းမသိခဲ့ဘူး . .ဖျားတာကတော့ ၂၀၁၆၊ ၁၀ လပိုင်းမှာ အကြီးအကျယ် ဖျားဖူးပါတယ်”လို့ ကျော်ဇေရဲ့မိခင်ဖြစ်သူက ပြောပြပါတယ်။

ကျော်ဇေကလည်း သူခံစားနေရတာတွေ၊ ဖြစ်နေတာတွေကို အသေးစိတ်ပြောပြခဲ့ပါတယ်။

“ညည လေတိုးသံကြားတယ်။ ကိုယ်ပေါ်ကို ပုရွက်ဆိတ်လို အကောင်လေးတွေတက်တယ်။ ဒါပေမဲ့ မြင်တော့မမြင်ရဘူး။ တစ်ချိန်လုံး တံတွေးတွေ ထွေးချင်နေပြီး တံတွေးတွေလည်း ထွေးနေမိတယ်။ အတွေးဆိုးတွေဝင်နေတယ်။ တစ်ရက်မှာ လက်ကို ဓားနဲ့လှီးချင်စိတ်တွေပေါ်လာပြီး အဲဒီအတွေးတွေ ထပ်ခါထပ်ခါဝင်လာတာနဲ့ မထိန်းနိုင်တော့ဘဲ ကျွန်တော့်လက်ကို ဓားနဲ့လှီးပစ်လိုက်တယ်ဆရာ။ တစ်ယောက်ယောက်က လာသတ်မယ်လို့ထင်တယ်၊ တစ်ယောက်ယောက်က ဓားနဲ့လာခုတ်မယ်လို့ထင်တယ်”

“ထင်ရုံတင်ပဲလား၊ တကယ်လာသလား”လို့ ဆရာက မေးလိုက်တော့-

“ထင်ရုံတင်မကပါဘူး ဆရာ၊ အဲဒီ ကျွန်တော်မမြင်ဖူးတဲ့ လူကြီးတစ်ယောက်က ဝင်လာပြီး ကျွန်တော့်ကို ဓားနဲ့ခုတ်ဖို့ ကြိုးစားတယ်။ ကျွန်တော် မနည်းကို ခုခံကာကွယ်လိုက်ရပါတယ် ဆရာ”

ဒီလိုစကားတွေကို ကျော်ဇေက ဖြည်းဖြည်းချင်း ပြောပြနေခဲ့ပါတယ်။

ကျော်ဇေကို သွေး၊ ဆီး၊ ဝမ်းအပြင် တခြားလိုအပ်တဲ့ အထွေထွေကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး အသေးစိတ် စမ်းသပ်စစ်ဆေးလိုက်တဲ့အခါမှာ သွေးအားနည်းနေတာနဲ့ တချို့ဓာတ်ဆားတွေ လျော့နည်းနေတာကို တွေ့ရပါတယ်။ လှုံ့ဆော်မှုမဲ့ အာရုံမှားတွေ၊ ယုံမှားလွန်တာတွေနဲ့ ထပ်ခါတလဲလဲဝင်နေတဲ့ အတွေးဆိုးတွေ၊ စိတ်မထိန်းနိုင်ဘဲ ပြုမူတတ်တာတွေ ရှိနေတာကြောင့် ဆေးရုံတင်ပြီး လိုအပ်တဲ့ကုသမှုတွေကို စနစ်တကျ ပေးနေရပါတယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top