Healthy Life Ad
Women

ပဋိသန္ဓေတားနည်းများ (၁)(Different Methods of Contraception)

ဒေါက်တာတင့်ဆွေ

(၁)

Combined Oral Contraceptive (COC) pill ဆေးနှစ်မျိုးတွဲ စားဆေးများ

(၂)

Progestogen-only pill (POP) ဟော်မုန်း တစ်မျိုးတည်းပါတားဆေး

(၃)

Depo-Provera (ဒီပို) ထိုးဆေး

(၄)

Male condom ကျား(ကွန်ဒွမ်)များ၊

(၅)

Female condoms အမျိုးသမီးသုံး(ကွန်ဒွမ်)

(၆)

Emergency contraception အရေးပေါ် တားဆေး၊

(၇)

Contraceptive patch အရေပြားကပ်ထားရ တဲ့ ဆေးကပ်ခွာ၊

(၈)

Diaphragms and caps သားအိမ်အဝအဖုံး များ၊

(၉)

Centchroman ဟော်မုန်းမပါတဲ့ စားဆေး၊

(၁၀)

Contraceptive implant အရေပြားအောက် ထည့်ထားရတဲ့ဆေးချောင်း၊

(၁၁)

Intrauterine Contraceptive Device (IUCD or IUD) သားအိမ်ထဲထည့်ပစ္စည်း၊

(၁၂)

Spermicides သုက်ပိုးသတ်ဆေး၊

(၁၃)

Vaginal rings သန္ဓေတား သားရေကွင်း၊

(၁၄)

Male and female sterilization ကျား-မ သားကြောဖြတ်ခြင်း၊

(၁၅)

Intrauterine system (IUS) သားအိမ်ထဲ ထည့်တာရှည်ခံဆေး၊

(၁၆)

Natural family planning သဘာဝနည်းများ၊
Calendar method ပြက္ခဒိန်နည်း၊
Withdrawal method ပြင်ပစွန့်ထုတ်နည်း၊
Breastfeeding ကလေးနို့တိုက်ခြင်းနည်း၊

(၁၇)

Contraceptives Analysis တားဆေး-တားနည်းများ ဆန်းစစ်ချက်များ

(၁) Combined Oral Contraceptive (COC) pill ဆေးနှစ်မျိုးတွဲ စားဆေးများ

လူအများဆုံးသုံး၊ ဝယ်လို့လည်းလွယ်၊ ဈေးလည်း မကြီးဘူး။ နာမည်တွေ များတယ်။ မြန်မာပြည်မှာ မြားကတ်၊ လက်ညှိုးကတ်ဆိုပြီး ခေါ်ကြတယ်။ (အီစထိုဂျင်)နဲ့ (ပရိုဂျက်စတိုဂျင်) ဟော်မုန်းနှစ်မျိုး ပူးတွဲပါတယ်။ မ-မျိုးဥ အိမ်ကနေ လတိုင်း ထွက်ရမယ့် မ-မျိုးဥထွက်မလာအောင် တားဆီးပေးတယ်။ သားအိမ်အဝရှိတဲ့ ချွဲရည် ကိုထူပြစ်စေတာမို့ မ-မျိုးဥ ထွက်စေဦးတော့ ကျား-သုက်ပိုးနဲ့ တွေ့ဖို့ ခက်ခဲစေပြီး သားအိမ်အတွင်း နံရံကို ပါးစေတာကြောင့်လည်း သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်ဘူး။

စနစ်တကျသုံးရင် ၉၉ရာခိုင်နှုန်းစိတ်ချရတယ်။ လစဉ်ရာသီ စတင်လာတဲ့နေ့ကစ ဆေးသုံးရမယ်။ တကတ်မှာ ၂၈လုံးပါတယ်။ ၂၁လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး။ ၂၁ ရက်ကြာ နေ့တိုင်း ၁ ပြားသောက်ပါ။ နောက်ဆုံး သောက်ရမယ့် အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။ သွေးဆင်းတာနည်းမယ်။ ရက်လည်းတိုမယ်။ သွေးဆင်းရက်မှန်မယ်။
ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းတယ်။ ဝက်ခြံ၊ အလုံး-အကျိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေနည်းနိုင်တယ်။ ကိုယ်ဝန်တားဖို့ မဟုတ်တာအတွက်လည်း သုံးနိုင်တယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းကိုက်၊ ပျို့-အန်၊ ကြားရက်သွေးဆင်း၊ ရင်သားတင်း၊ ရှားရှားပါးပါး သွေးဖိအားတက်တာ၊ သွေးခဲတာ၊ သားအိမ်အဝ-ကင်ဆာတို့ဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ရောဂါ၊ အသည်း-သည်းခြေရောဂါ၊ ဆီးချိုရောဂါရှိနေရင် မသုံးသင့်ပါ။

(၂) Progestogen-only pill (POP) ဟော်မုန်း တမျိုးထဲပါတားဆေး
Progestogen ခေါ် မ-ဟော်မုန်း တမျိုးတည်း ပါတဲ့စားဆေးဖြစ်တယ်။ Minipill လို့လည်း ခေါ်တယ်။ အမျိုးအစား အမျိုးမျိုးရှိတယ်။ သားအိမ်အဝရှိ ချွဲကျိတဲ့အရည်က ပြစ်စေးလာလို့ သုက်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားတယ်။ သားအိမ်အတွင်း သားနံရံကို ပါးလွှာစေလို့ သန္ဓေဥ တွယ်ကပ်တာကိုလည်း တားတယ်။ သတိထားသုံးရင် ၉၉ ရာခိုင်နှုန်း ထိရောက်တယ်။ ရာသီစဆင်းတဲ့ရက်ကစပြီး တစ်နေ့၁ပြား သောက်ပါ။ နေ့တိုင်း သောက်နေကျအချိန်မှာအချိန်တူသောက်ပါ။ ဆေးကတ်တခုကုန်ရင် နောက်ကတ်သစ် တခု စသောက်ပါ။ ရာသီက ၂ လမှ တခါသာ လာမယ်။ ကိုယ်ဝန်ပျက်-ဖျက်သူတွေလည်း သွေးဆင်းတဲ့ ပဌမရက်နေ့မှာ ဆေးပြားစသောက်ပါ။

ကလေးနို့တိုက်နေချိန်လည်း သောက်နိုင်တယ်။ ဆေးဖြတ်တာနဲ့ ကလေးပြန်ရဖို့ လွယ်တယ်။
ရာသီနဲ့ဆက်စပ်နေမယ့် Sickle cell disease ရောဂါနဲ့ Dermatitis ရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။ သွေးဆင်နည်းလို့ သွေးအားနည်းတာ သက်သာမယ်။ ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်သူတွေလည်း သောက်နိုင်တယ်။ နှလုံးရောဂါရှိသူတွေအတွက် စိတ်ချနိုင်တယ်။ သွေးခဲတာ နည်းတယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ ရောဂါကို အဖြစ်နည်းစေတာတော့ ဟော်မုန်း ၂ မျိုးတွဲ တားဆေးနဲ့ အတူတူပဲ။
ခါတိုင်းဆေးသောက်ချိန်ထက် ၃ နာရီ နောက်ကျသွားရင် ၄၈ နာရီ အတွင်း အတူမနေပါနဲ့။ နေဖြစ်ရင် အရေးပေါ်တားဆေး သောက်ပါ။ တရက်နောက်ကျသွားရင် နောက်ရက်မှာ ဆေး ၂လုံး သောက်ပါ။ ၄၈ နာရီ အတူမနေပါနဲ့။ ဒါမှမဟုတ် (ကွန်ဒွမ်) သုံးပါ။ ဆေးတကတ် ကုန်တာနဲ့ ရာသီ လာလာ-မလာလာ၊ နောက်ဆေးတကတ် ဆက်သောက်ပါ။ အတူမနေဖြစ်သေးလည်း ဆက်သောက်ပါ။ ၁-၇ ရက်အထိ နောက်ကျရင် ကွန်ဒွမ်သုံးပါ။ ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် နောက်၁လုံးသောက်ပါ။

ဘေးထွက်-ဆိုးကျိုးတွေ = ဆေးစသောက်ကာစ အစောပိုင်းလတွေမှာ ရာသီတချို့နည်းမယ်၊ တချို့ များတယ်။ ရာသီ မလာဘဲနေတာလည်း ဖြစ်နိုင်တယ်။ ဝက်ခြံထွက်မယ်၊ ပျို့ချင်မယ်၊ ခေါင်းကိုက်မယ်၊ ရင်သားတင်း-နာမယ်၊ လူက ဝလာနိုင်တယ်။ ဆီးချိုရှိ နေသူတွေ သတိထားပေးရမယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ (မိုင်ဂရင်း)ရောဂါ၊ သွေးတိုး၊ ပန်းနာရှိသူတွေက သတိထားသောက်ရမယ်။ လိင်စိတ်နည်း၊ စိတ်မူပြောင်း၊ စိတ်ဓာတ်ကျ။
Norethindrone ပါတဲ့ဆေးတွေက Ortho Micronor, Errin, Aygestin, Nor-QD, Camila, Jolivette, Nora-BE ဖြစ်တယ်။ Norgestrel ပါတဲ့ ဆေးက Ovrette ဖြစ်တယ်။

(၃) Depo-Provera (ဒီပို) ထိုးဆေး
Progestogen ဟော်မုန်းတမျိုးတည်းပါတဲ့ ထိုးဆေး ဖြစ်တယ်။ Depo-Provera 150mg ၃ လခံ၊ Noristerat ၂လခံ အမျိုးအစားတွေရှိတယ်။ ၃ လခံ ကိုသာလူသုံးများတယ်။ ၉၉ ရာခိုင်နှုန်း ထိရောက်တယ်။ နို့ထွက်မနည်း စေဘူး။ ရာသီမဆင်းခင် ခံစားရတာတွေသက်သာတယ်။ ကိုယ်ဝန်ရှိနေရင်၊ဆေးဖြတ်ပြီးနောက် ၁ နှစ်အကြာ ကလေးလိုချင်ရင်၊ သွေးကြောကျဉ်းရောဂါရှိရင်၊ ယခု ဒါမှမဟုတ် လွန်ခဲ့တဲ့ ၅ နှစ်က ရင်သား-ကင်ဆာရှိရင်၊ ဆီးချိုရောဂါရှိရင်၊ (မိုင်ဂရင်း) ရောဂါရှိရင် မသုံးသင့်ဘူး။ Depo-Provera ကို ၇ နှစ်ကြာထိုးထားတဲ့ အမျိုးသမီးပေါင်း ၄၀ဝ၀ လောက်ကို စမ်းသပ်ခဲ့ပါတယ်။ ၅ ရာခိုင်နှုန်း ကျော်ကျော်မှာ ရာသီမမှန် (နည်းသူ + မလာသူ)၊ ဗိုက်နာ၊ ကိုယ်အလေးချိန် ပြောင်းလဲ၊ ခေါင်းမူး၊ စိုးရိမ်၊ ၁ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်း ဆက်ဆံလိုစိတ်နည်း၊ ဆက်ဆံလိုစိတ်ပို၊ ဗိုက်အောက်ပိုင်းနာ၊ ခါးနာ၊ ရင်သားနာ၊ ခြေထောက်နာ၊ စိတ်ကျ၊ အနီပြင်ထွက်၊ ပျို့၊ အိပ်မပျော်၊ အဖြူဆင်း၊ ခြေထောက်ရောင်၊ ဝက်ခြံထွက် ၊၁ရာခိုင်နှုန်းထက်နည်းသူတွေမှာ အသားဝါ၊ ဆီးလမ်း-မွေးလမ်းရောင်၊ တက်၊ အစားပျက်၊ ဝမ်းမမှန်၊ ဝမ်း သွေးပါ၊ ဆက်ဆံချိန်နာ၊ ရင်ပတ်နာ၊ အလာဂျီရ၊ အိပ်ချင်၊ ဖျား၊ ချမ်း၊ အသားအရေခြောက်၊ ပန်းနာ၊ ရင်ခုန်မြန်၊ ချွေးပိုထွက်၊ အာခေါင်ခြောက်၊ လေဖြတ်၊ ရေငတ်၊ အသက်ရှူမဝ၊ ရာသီလာစဉ်နာ၊ ကိုယ်ဝန်ရှိသလို ခံစား၊ မထင်မှတ်ဘဲ ကိုယ်ဝန်ဆောင်၊ ကလေးပြန်မရ၊ သွေးပြန်ကြောရောင်၊ နို့ထွက်နည်း၊ ရင်သားအရွယ်ပြောင်း၊ ရင်သားထိပ်က သွေးထွက်၊ ရင်သားကင်ဆာ။

(၄)Male condom ကျား (ကွန်ဒွမ်)များ
ကျား-သုက်ပိုးတွေကို မ-မျိုးဥနဲ့ မတွေ့စေအောင် ကြားခံပေးထားတဲ့ အဆီးအတားမျိုးဖြစ်တယ်။ Latex (Rubber) or Polyurethane (Plastic) ပစ္စည်းတမျိုးမျိုးနဲ့ လုပ်ထားတယ်။ ညွှန်ကြားချက် အတိုင်းသုံးတတ်ရင် ၉၅-၉၈ ရာခိုင်နှုန်း စိတ်ချရတယ်။ HIV-AIDS အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်တယ်။
အင်္ဂါချင်းမထိစပ်မီ၊ မာတင်းလာတဲ့ ကျားရဲ့ အင်္ဂါကို ကျကျနန စွပ်ဖုံးထားပြီး သုံးရမယ်။ အဆုံးသပ်ရင် ကျားအင်္ဂါလုံးဝ နဂိုအနေအထားကို ပြန်မရောက်ခင် ချွတ်ယူရမယ်။ တခုဟာ တခါသုံးသာဖြစ်တယ်။

(၅) Female condoms အမျိုးသမီးသုံး (ကွန်ဒွမ်)
အမျိုးသမီးရဲ့ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲမှာ သက်သောင့်သက်သာ အဝကိုအပြင်၊ အပိတ်ကိုအတွင်းမှာ အနေအထားနဲ့ ထည့်သွင်းရမယ်။ ဆက်ဆံမှုပြီးဆုံးရင် အပြင်အဝကို စုစည်းပိတ်ပြီး၊ အထဲရှိနေတဲ့ ကျားသုက်တွေ ဖိတ်မကျအောင် ပြန်ထုတ်ပြီး စွန့်ပြစ်ရမယ်။ သုံးနေတုန်းမှာ အသံထွက်လို့ တချို့က မကြိုက်ဘူး။ ရောဂါ တွေကာကွယ်နိုင်ပြီး ယောကျာ်းက (ကွန်ဒွမ်)မသုံးတဲ့ အခါမျိုးအတွက် ကောင်းတယ်။ ဈေးချိုတဲ့ အမျိုးသမီးသုံး (ကွန်ဒွမ်)ကိုလည်း FDA က အသိအမှတ်ပြုလိုက်ပြီ။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top