Healthy Life Ad
Life Style

အသည်းကွဲစရာ မလိုပါ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ထွန်းထွန်းတစ်ယောက် သဉ္ဇာကိုချစ်မြတ်နိုးနေပါတယ်။ သဉ္ဇာက သိပ်လှလို့လား၊ သိပ်ကြည့်ကောင်းနေလို့လား . . ဟင့်အင်း . . ကမ္ဘာပေါ်မှာ အလှဆုံး၊ အချောဆုံးနဲ့ အပြစ်ကင်းဆုံး မိန်းကလေးတော့လည်း မဟုတ်ပါဘူး။ ဒါဆိုရင် ကျက်သရေရှိလို့လား၊ ကိုယ်လုံးကိုယ်ပေါက်က စွဲမက်စရာအလှမျိုးလား . . ဒီလိုဆိုတော့လည်း စာဖွဲ့ရလောက်အောင် မဟုတ်ပြန်ဘူး၊ ဒါပေမဲ့ ထွန်းထွန်းအတွက်တော့ သဉ္ဇာက အရာရာတိုင်းထက်ပိုပြီး ချစ်မြတ်နိုးစရာကောင်းနေခဲ့ပါတယ်။ အတွေးတိုင်းမှာလည်း သဉ္ဇာပါသလို ညအိပ်တိုင်းလည်း သဉ္ဇာကို အိပ်မက်မက်လေ့ရှိတဲ့ ထွန်းထွန်းကတော့ ကျန်ရှိနေတဲ့ သူ့ဘဝသက်တမ်းတစ်လျှောက် သဉ္ဇာနဲ့ကုန်ဆုံးသွားဖို့ပဲ အမျှော်လင့်ကြီး မျှော်လင့်နေပါတော့တယ်။

ထွန်းထွန်းဟာ နေ့နေ့ညည သဉ္ဇာကိုစွဲလမ်းစိတ်နဲ့ ရူးသွပ်နေတော့ သူ့သူငယ်ချင်းတွေက-

“ဒီလောက်တောင် ချစ်နေရင်လည်း သူ့ကိုဖွင့်ပြောလိုက်လေ”လို့ အကြံဉာဏ်ပေးကြပါတယ်။

ထွန်းထွန်းလည်း တစ်ရက်မှာတော့ သူငယ်ချင်းတွေ အကြံပေးတဲ့အတိုင်း သဉ္ဇာကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမဲ့ သူထင်သလို သဉ္ဇာက သူ့အချစ်ကို လက်မခံခဲ့ပါဘူး၊ ခါးခါးသီးသီးကို မတူမတန်သလိုမျိုး ငြင်းပယ်ခဲ့တာပါ။

သဉ္ဇာကို အရူးအမူးစွဲလမ်းနေတဲ့ ထွန်းထွန်းတော့ သဉ္ဇာငြင်းလိုက်တဲ့အတွက် အတော်လေးခံစားသွားရပြီး အရက်သောက်လိမ့်မယ်၊ မူးယစ်ဆေးသုံးလိမ့်မယ်၊ ကလပ်သွားလိမ့်မယ် . . ဒီလိုနဲ့ ထွန်းထွန်းတော့ ဘဝပျက်သွားတော့မှာပဲလို့ သူငယ်ချင်းတွေက ထင်မြင်ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက ထွန်းထွန်းက လုံးဝစိတ်ဓာတ်မကျခဲ့ပါဘူး။ ပုံမှန်အတိုင်းနေထိုင်ပြီး ဘာဝေဒနာမှမခံစားရသလိုပါပဲ။

ဟန်မပျက်တဲ့ ထွန်းထွန်းကိုကြည့်ပြီး သူငယ်ချင်းတွေက မနေနိုင်၊ မထိုင်နိုင် ဖြစ်လာတယ်။ ဒါနဲ့ “မင်းက သဉ္ဇာကို အရမ်းချစ်မှန်း ငါတို့သိထားတော့ ဝမ်းနည်းနေမယ်ထင်နေတာ၊ မင်းနည်းနည်းလေးမှ စိတ်မကောင်းမဖြစ်ဘူးလား”လို့ မေးလိုက်ပါတယ်။

“ငါက ဘာလို့စိတ်မကောင်းဖြစ်ရမှာလဲ၊ တကယ်တော့ ငါ့ကို လုံးဝမချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားရုံပဲလေ. . သူကမှ သူ့ကိုတကယ်ချစ်ပြီး တစ်ဘဝလုံး ဂရုစိုက်ကြင်နာမယ့်သူကို ဆုံးရှုံးသွားခဲ့တာ”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top