Healthy Life Ad
International

အလုပ်စားပွဲရှင်းရာမှ အစာဟောင်းအိမ်ကင်ဆာဖြစ်ကြောင်း သိခဲ့သည့် တီဗီအစီအစဉ်ဖန်တီးသူ

၊ မိုးမင်းထွန်း ၊

အိုင်ယာလန်မှ အသက် ၃၃ နှစ်အရွယ် မီရှဲလ်သည် အလုပ်စားပွဲရှင်းရင်း ကျန်းမာရေးအာမခံဆီမှ စာရွက်စာတမ်းအချို့နှင့် လက်ကမ်းစာစောင်တစ် ခုတွေ့ခဲ့ရာ ထိုစာရွက်တွင် ဖော်ပြထားသည့် အစာဟောင်းအိမ်ကင်ဆာ လက္ခဏာများအနက် နုံးချည့် ညောင်းညာခြင်း၊ စွမ်းအင်မရှိသလို ခံစားရခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းသွားစဉ်သွေးပါခြင်း စသည့် လက္ခဏာအတော်များများ ခံစားနေရကြောင်း သတိပြုမိ သွားခဲ့သည်။ သို့ရာတွင် တီဗီအစီအစဉ်ဖန်တီးသူ ဖြစ်သည့် မီရှဲလ်သည် စိတ်ဖိစီးမှုများလှသော သူ၏ အလုပ်အကိုင်ကြောင့် ထိုလက္ခဏာများ ဖြစ်ပေါ်သည်ဟု ယခင်က ထင်ခဲ့သည်။
၂၀၁၆ခုနစ်၊ ဇန်နဝါရီလက အဆိုပါလက္ခဏာ များခံစားနေရကြောင်း ဆရာဝန်အားပြောပြကာ စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ပြီးနောက် သူမတွင် အစာဟောင်းအိမ်ကင်ဆာ အဆင့် (၃) ခံစားနေရပြီး ပြန်ရည်ကျိတ်သုံးခုသို့ ပြန့်နှံ့နေကြောင်း၊ ကိုယ်တွင်းအင်္ဂါ များသို့ပင် ရောက်လုနီးနေကြောင်း တွေ့ရှိခဲ့ရသည်။ ထို့နောက်ခွဲစိတ်ကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံးတို့ကို ခံယူခဲ့ရသည်။

“ကင်ဆာဆေးသွင်းတာ ငါးကြိမ်လုပ်ပြီးချိန်မှာ ဘာစားစား အချိန်တိုင်း ရင်ပူတဲ့ ဝေဒနာကို ပြင်းပြင်း ထန်ထန်ခံရပါတယ်။ ရေဓာတ်ခမ်းခြောက်တယ်၊ မောပန်းတယ်၊ နာကျင်တယ်၊ ကိုယ်အလေးချိန်ကလည်း သိသိသာသာကျသွားပါတယ်”ဟု မီရှဲလ်က ဆိုသည်။အံ့သြစရာကောင်းလှစွာပင် ၂၀၁၇ ဧပြီလတွင် မီရှဲလ်၏ ကျန်းမာရေးအခြအနေ ကောင်းမွန်လာခဲ့သည်။

အစာဟောင်းအိမ်ကင်ဆာ၏ အဓိက လက္ခဏာသုံးရပ်မှာ ဝမ်းထဲတွင် သွေးပါခြင်း၊ မကြာခဏ ဝမ်းသွားခြင်း၊ ဝမ်းပျော့လွန်းခြင်းကဲ့သို့ အူလမ်းကြောင်း အလေ့အထပြောင်းလဲလာခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်ပြီး ဖြစ်ရသည့် အကြောင်းအရင်းအတိအကျမသိသေးသော်လည်း ဖြစ်နိုင်ခြေများသည့် အကြောင်းရင်းများမှာ အသက်ကြီးခြင်း (အူမကြီးကင်ဆာဖြစ်သူ ၁၀ဦးအနက် ၉ ဦးမှာ အသက် ၆၀ကျော် အရွယ်ဖြစ်ခြင်း)၊ အစားအသောက် မဆင်ခြင်ခြင်း (အနီရောင်အသား၊ ပြုပြင်ထားသောအသား၊ အမျှင်ဓာတ်နည်းသော အစာတို့ကို စားသုံးမှုများ ခြင်း)၊ ကိုယ်အလေးချိန်များခြင်း (အူမကြီးကင်ဆာ ဖြစ်သူတို့သည် ကိုယ်အလေးချိန်များသူ/အဝလွန် သူတို့အဖြစ်များခြင်း)၊ လေ့ကျင့်ခန်း (ကိုယ်လက် လှုပ်ရှားမှုမရှိခြင်း)၊ အရက်နှင့် ဆေးလိပ်သောက် နှုန်းများခြင်း၊ ကင်ဆာမျိုးရိုးရှိခြင်းတို့ ဖြစ်ကြသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top