Healthy Life Ad
International

ငါးနှစ်ကြာ သံခြေချင်းခတ်ထားခံရသော စိတ်မနှံ့သည့် တရုတ်ကလေးမလေး ဆေးကုသမှုခံယူနိုင်တော့မည်

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၇ နှစ်အရွယ် ရှောင်ရှင်လီဆိုတဲ့ ကလေးမလေးဟာ လွန်ခဲ့တဲ့ငါးနှစ်လုံး အိမ်ထဲမှာ သံခြေချင်းခတ်ခံထားခဲ့ရပါတယ်။ အသက်နှစ်နှစ်အရွယ်မှာ အဖျားရောဂါနဲ့ဆေး ရုံတက်ခဲ့ရပြီးနောက် ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်ဖြစ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆရာဝန်တွေက နောက်ထပ်စမ်းသပ်မှုခံယူဖို့နဲ့ ပစ္စည်းကိရိယာပိုပြည့်စုံတဲ့နေရာမှာ သွားရောက်ဆေးကုသမှုခံယူဖို့ တိုက်တွန်းခဲ့ကြပေမယ့် နယ်လှည့်ဆောက်လုပ်ရေးလုပ်သားမိဘနှစ်ပါးက ဆေးဖိုးမတတ်နိုင်တာကြောင့် ဆက်လက်မကုသခဲ့ကြပါဘူး။ မိဘတွေက နယ်လှည့်အလုပ်လုပ်နေစဉ် ရှောင်ရှင်လီဟာ အဘွားဖြစ်သူနဲ့အတူ နေထိုင်ခဲ့ပါတယ်။ မကြာခင်မှာ ကျောပိုးလမ်းလျှောက်နေစဉ် အဘွားဖြစ်သူရဲ့နောက်ကျောကို ကုတ်ခြစ်ကိုက်ဖဲ့တာစတဲ့ မူမမှန်တဲ့အပြုအမူတွေ စတင်လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဘွားဖြစ်သူဟာ လယ်ထဲဆင်းအလုပ်သွားတိုင်း သူ့ဟာ သူနဲ့ပတ်ဝန်းကျင်ကို ရန်ပြုမိမှာစိုးတာကြောင့် ကလေးကို အိမ်တွင်းသံခြေချင်းခတ်ထားခဲ့ရပါတယ်။ ရှောင်ရှင်လီရဲ့ သနားစရာဘဝအကြောင်းကို ရွာအုပ်ချုပ်ရေးကော်မတီက တရုတ်ပြည်သူ့ဖူလုံရေးဌာနနှင့် ကြက်ခြေနီအသင်းတို့ထံ သတင်းပို့ပေးခဲ့ရာမှာ ယခုအခါ ကလေးငယ်ရဲ့ ဆေးဝါးကုသစရိတ်ကို အကုန်အကျခံပေးတော့မယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင် ၇ရက်မှာ ဒေသတွင်းဆေးရုံတစ်ရုံမှာ ကလေးငယ်ရဲ့ရောဂါကို စစ်ဆေးပေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top