Healthy Life Ad
Health Tips

အလွန်အမင်း ကြောက်လန့်ခြင်း

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဦးနှောက်လျှပ်စစ်လှိုင်း

“မစ္စက်ကေက အသက် ၃၅ နှစ်၊ ရုံးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ အလုပ်စားပွဲမှာထိုင်ပြီး ရုံးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် အသက်ရှူမဝခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ ခြေလက်တုန်တုန်ယင်ယင် ဖြစ်ခြင်းနဲ့ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်း လက္ခဏာတွေကို ဗြုန်းကနဲခံစားရတယ်။ “နှလုံးလေဖြတ်တာဖြစ်မယ်၊ ငါသေတော့မှာပဲ” စတဲ့ အတွေးတွေလည်း ဖြစ်ပေါ်လာတယ်။ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတွေက မစ္စက်ကေကို ဆေးရုံအရေးပေါ်ဌာနကို ခေါ်ဆောင်လာပါတယ်။

အရေးပေါ်ဋ္ဌာနမှာ သမားတော်ကြီးက မစ္စက်ကေကို လိုအပ်သလို စစ်ဆေးစမ်းသပ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးက ကောင်းမွန်နေတာ တွေ့ရှိရတယ်။ ဒါကြောင့် အလုပ်သင်ဆရာဝန်က စာရေးသူကို အကြောင်းကြားပြီး စစ်ဆေးပေးဖို့ လွှဲပြောင်းပေးလိုက်တာပါ။

ကျွန်တော်မေးမြန်းကြည့်တော့ ဗြုန်းကနဲ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်တဲ့ အလားတူအဖြစ်အပျက်မျိုး လွန်ခဲ့တဲ့တစ်လအတွင်း နှစ်ကြိမ်ဖြစ်ဖူးတယ်လို့ မစ္စက်ကေက ပြောပါတယ် ဒေါက်တာအုန်း”

“ဒီတော့ ခင်ဗျား ဘာရောဂါလို့ ထင်သလဲ”

“အလွန်အမင်း ကြောက်လန့်ခြင်းရောဂါ (Panic Disorder) လို့ ထင်ပါတယ်”

“မစ္စက်ကေ ဒီနေ့ခံစားရတာက “အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်းတိုက်ခိုက်မှု” (Panic Attack) ဖြစ်ပါတယ်။ အလွန်အမင်း ကြောက်လန့်ခြင်းရောဂါလို့ ပြောဆိုသတ်မှတ်နိုင်ဖို့ စုံစမ်းမေးမြန်းရမယ့် အချက်အလက်တွေ ရှိသေးတယ်။

အလွန်အမင်း ကြောက်လန့်ခြင်းတိုက်ခိုက်မှု ခံစားရတိုင်း ခန္ဓာကိုယ်ရောဂါလက္ခဏာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်”

“အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်တဲ့ အချိန်မှာ တွေ့ရှိရတဲ့ ခန္ဓာကိုယ်လက္ခဏာတွေကို သိလား”

“သိပါတယ်။ နှလုံးခုန်ရင်တုန်ခြင်း၊ ချွေးပြန်ခြင်း၊ ခြေလက်တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ အသက်ရှူမဝသလို၊ အသက်ရှူကျပ်သလို ခံစားရခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ ပျို့အန်ချင်သလို ဖြစ်ခြင်း၊ မူးဝေခြင်း၊ ယိမ်းယိုင်ပြီး လဲကျမလိုဖြစ်ခြင်း၊ ကိုယ်ပူသလို ချမ်းစိမ့်စိမ့်ရှိသလို ခံစားရခြင်း၊ ခြေလက်ထုံကျဉ်ခြင်း စတဲ့ လက္ခဏာတွေပါ”

“မှန်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေက . . . ”

“အလွန်အမင်း ထိန်းမနိုင်သိမ်းမရ ကြောက်စိတ်ဖြစ်ပေါ်လာခြင်း၊ တစ်စုံတစ်ခု အန္တရာယ်ဖြစ်တော့မလို အသက်သေဆုံး သွားတော့မလို ခံစားရတာတွေပါ။ မစ္စက်ကေ ခံစားရသလိုပေါ့။ တချို့ကတော့ အလွန်အမင်း ထိတ်လန့်နေချိန်မှာ ရူးသွပ်သွားမှာကို ကြောက်တဲ့စိတ်ရှိပါတယ်။ နောက်ပြီး မိမိ ဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာ မဝေခွဲနိုင်ဘဲ ဇဝေဇဝါ ဖြစ်တတ်ပါတယ်။ စိတ်နဲ့ခန္ဓာ ကင်းကွာသွားသလိုလည်း ခံစားရတာ ရှိပါတယ်”

“အလွန်အမင်းကြောက်လန့်ရောဂါ ဖြစ်ပွားဖို့ အလားလာများတဲ့ အချက်အလက်တွေ ရှိပါတယ်။ မိသားစုဝင်ထဲမှာ ဒီလိုရောဂါရှိရင် ကျန်မိသားစုဝင်တွေထဲမှာ အလားတူရောဂါဖြစ်ပွားနှုန်းက ၄၃ ရာခိုင်နှုန်းဖြစ်တယ်။ ငယ်စဉ်က ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လိင်အဓမ္မပြုမူခံရခြင်း စတဲ့ ဖိစီးမှုဒဏ်ကြောင့် အလွန်အမင်းကြောက်လန့်ရောဂါ ရရှိနိုင်တယ်” . . .

“အလွန်အမင်း ကြောက်ရွံ့့ထိတ်လန့်တဲ့ အဖြစ်အပျက်က ဘယ်လောက်ကြာရှည်နိုင်သလဲ”

“မိနစ်ပိုင်းအတွင်း အပြင်အထန် ခံစားရပြီး အရှိန်တက်နေတာက မိနစ် ၂၀ မှ မိနစ် ၄၀ အတွင်း ကြာနိုင်တယ်။ ပြီးရင် လူနာက မောပန်းနွမ်းနယ်ခြင်း၊ စိတ်တင်းကျပ်ခြင်း စတဲ့ လက္ခဏာတွေ နာရီပေါင်းများစွာ ခံစားနေရပါတယ်။ မစ္စက်ကေ ဆေးခန်းရောက်လာတော့ မောပန်းနွမ်းနယ်နေသလိုပါပဲ”

“မစ္စက်ကေ ဒီရောဂါစဖြစ်တာ ဘယ်လောက်ကြာပြီလဲ”

“ခြောက်လကျော်ရှိပြီလို့ သိရပါတယ်။ တစ်လမှာ နှစ်ကြိမ်-သုံးကြိမ် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်တဲ့ အဖြစ်အပျက် ခံစားရပါတယ်”

“ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိတဲ့ နေ့ရက်တွေမှာ ဘယ်လိုရောဂါလက္ခဏာတွေကို တွေ့ရှိရသလဲ”

အလုပ်သင်ဆရာဝန်က ဝန်ခံပြောကြားတယ်။

“အဲဒါတော့ ကျွန်တော်မေးမကြည့်ရသေးပါဘူး”

“ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိတဲ့ နေ့တွေမှာ လူနာက ကြိုတင်စိုးရိမ်ပူပင်စိတ် ရှိနေတတ်တယ်။ ကြောက်ရွံ့ထိတ်လန့်တဲ့ အဖြစ်အပျက် ခံစားလာရမှာကို ကြိုတင်ပူပင်စိတ်၊ ဒီရောဂါကြောင့် ငါစိတ်ဖောက်ပြန်ရူးသွပ်သွားမှာလား ဆိုတဲ့ စိုးရိမ်စိတ် စတဲ့ လက္ခဏာတွေရှိတယ်။ နောက်ပြီး လူရှေ့သူရှေ့မှာ ကြောက်ရွံ့ထိတ်လန့်လာမှာကို ကြောက်လို့ လူတွေကိုရှောင်တဲ့ အကျင့်ပေါ်လာတယ်။ အိမ်ကုပ်ဖြစ်လာတယ်။ အဲဒါ အလွန်အမင်း ကြောက်လန့်ရောဂါရဲ့ လက္ခဏာတစ်ခုပဲ”

“အလွန်အမင်း ကြောက်လန့်ရောဂါ ဖြစ်ပွားမှုနှုန်းက များလို့လား ဒေါက်တာအုန်း”

“လူထုအတွင်းမှာ တစ်နှစ်အတွင်း အလွန်အမင်းကြောက်လန့်ရောဂါ ခံစားနေရသူ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိတယ်။ လူ့သက်တမ်းတလျှောက် ကြည့်လိုက်ရင်တော့ လူတစ်ရာမှာ ၂ မှ ၆ ရာခိုင်နှုန်းအထိ ဒီရောဂါဖြစ်ပွားလာတာ တွေ့ရှိရတယ်။ အလွန်အမင်း ကြောက်လန့်ရောဂါက ဆယ်ကျော်သက်အရွယ်နဲ့ အသက် ၃၀ အတွင်း စတင်ဖြစ်ပွားတာ များတယ်။ အသက် ၄၅ နှစ်ကျော်မှ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်း စတင်ခံစားရရင် ခန္ဓာကိုယ်ရောဂါ တစ်ခုခုကြောင့် ဖြစ်နိုင်တာကို ဦးစားပေး စဉ်းစားရမယ်”

“ဘယ်လိုရောဂါတွေလဲ”

“သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုများတဲ့ Hyperthyroidism ရောဂါမှာ စိုးရိမ်စိတ်လွန်ကဲတာ၊ အလွန်အမင်း ကြောက်လန့်တာ ရှိတယ်။ Adrenal Gland အကျိတ်ရောဂါ (Pheochromocytoma) မှာ “ပြေး-တိုက်လှုံ့ဆော်မှု (Flight-Fight) ဟော်မုန်း”အထွက်များလို့ ကြောက်ရွံ့ထိတ်လန့်ခြင်း ဖြစ်တတ်တယ်။ အင်ဆူလင်ဟော်မုန်း အထွက်များတဲ့ Insulinoma ရောဂါမှာ သွေးထဲမှာ သကြားဓာတ် ဗြုန်းကနဲ ကျဆင်းသွားရင် ကြောက်ရွံ့ထိတ်လန့်တာ ဖြစ်နိုင်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နာတာရှည်အဆုတ်ပြွန်ပိတ်ရောဂါ(COPD) တွေမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းနဲ့ ခွဲခြားဖို့ခက်တဲ့ လက္ခဏာတွေ ရရှိနိုင်တယ်။ ပန်းနာရောဂါရှိသူတွေလည်း ဒီအတိုင်းပဲ။ စိတ်ကြွမူးယစ်ဆေး၊ ကိုကိန်းမူးယစ်ဆေး၊ ဆေးခြောက်မူးယစ်ဆေး သုံးစွဲသူတွေထဲမှာ အဆင်မသင့်ရင် ကြောက်ရွံ့ထိတ်လန့်တဲ့စိတ် ဖြစ်ပေါ်လာနိုင်တယ်”

“သမားတော်ကြီးကပြောတော့ မစ္စက်ကေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးက ကောင်းတယ်တဲ့။ စိတ်ကြောင့်ဖြစ်တာလို့ မှတ်ချက်ချပါတယ်”

“မှန်ပါတယ်။ တခြားစိတ်ရောဂါတွေကြောင့် အလွန်အမင်း ကြောက်လန့်တဲ့ အဖြစ်အပျက် ရရှိနိုင်တယ်။ မစ္စက်ကေကို ကျွန်တော်တို့ ဆက်လက်စစ်ဆေးရမှာပါ”

“ဘယ်လိုစိတ်ရောဂါတွေမှာ အလွန်အမင်း ကြောက်လန့်တာ ဖြစ်တတ်သလဲ”

“ဘေးအန္တရာယ်ကြုံပြီးဖြစ်တဲ့ စိတ်ဖိစီးမှုရောဂါ (PTSD)၊ အစွဲအလန်းကြီး ထပ်တလဲလဲ ပြုမူရောဂါ(OCD)နဲ့ အထွေထွေစိုးရိမ်ပူပင်စိတ် လွန်ကဲရောဂါတွေမှာ ဗြုန်းကနဲ ကြောက်လန့်တတ်တာရှိတယ်။ ဂနာမငြိမ်စိတ်ကျရောဂါခံစားရရင် အလိုလိုနေရင်း ကြောက်လန့်နေတဲ့စိတ်ရှိတယ်။ စိတ္တဇရောဂါ (Psychosis) ဖြစ်ပွားစမှာ ထူးခြားတဲ့ စိတ်အာရုံတွေ ခံစားရတဲ့အခါ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ခြင်းကို တွေ့ရှိရမယ်။ အရက်စွဲသူ အရက်ဖြတ်စမှာ ဘိန်းဖြူစွဲသူဆေးဖြတ်စမှာ ဆေးပြတ်လက္ခဏာတွေနဲ့အတူ စိုးရိမ်စိတ် ကြောက်စိတ်ကိုလည်း ခံစားရပါတယ်။ အဲဒီတော့ မစ္စက်ကေမှာ တခြားစိတ်ရောဂါတွေ ရှိ၊ မရှိ စစ်ဆေးကြရမယ်”

အလုပ်သင်ဆရာဝန်နဲ့အတူ မစ္စက်ကေကို စာရေးသူကိုယ်တိုင် စစ်ဆေးမေးမြန်းပါတယ်။

“မစ္စက်ကေမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းကို ဖြစ်စေတဲ့ တခြားစိတ်ရောဂါတွေ မရှိဘူး။ အလွန်အမင်း ကြောက်လန့်ရောဂါလို့ပဲ သတ်မှတ်နိုင်ပါတယ်”

“အလွန်အမင်း ကြောက်လန့်ရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေ ရှိသလား”

“အလွန်အမင်း ကြောက်လန့်ရောဂါ ဖြစ်ပွားဖို့ အလားအလာများတဲ့ အချက်အလက်တွေ ရှိပါတယ်။ မိသားစုဝင်ထဲမှာ ဒီလိုရောဂါရှိရင် ကျန်မိသားစုဝင်တွေထဲမှာ အလားတူရောဂါ ဖြစ်ပွားနှုန်းက ၄၃ ရာခိုင်နှုန်းဖြစ်တယ်။ ငယ်စဉ်က ညှင်းပန်းနှိပ်စက်ခံရခြင်း၊ လိင်အဓမ္မပြုမူခံရခြင်း စတဲ့ ဖိစီးမှုဒဏ်ကြောင့် အလွန်အမင်း ကြောက်လန့်ရောဂါ ရရှိနိုင်တယ်။ မိသားစုဝင်တစ်ဦးဦး သေဆုံးခြင်း၊ အိမ်ထောင်ပျက်ခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း စတဲ့ အတွေ့အကြုံနဲ့ ရင်ဆိုင်ရလို့ အလွန်အမင်းကြောက်လန့်ရောဂါ စတင်ဖြစ်ပွားတတ်ပါတယ်။

ဘယ်လိုအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ် မကြာခဏ ကြောက်လန့်တဲ့ လက္ခဏာရှိရင် စိတ်ကျန်းမာရေး စစ်ဆေးသင့်ပါတယ်။ ထိရောက်တဲ့ကုထုံးတွေ ရှိပါတယ်”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

Most Popular

Healthy Life Ad
To Top