Healthy Life Ad
Life Style

မရတော့ဘူးဆိုတဲ့ မမျိုးဥအိမ်ကင်ဆာ အဆင့်(၄)ဝေဒနာရှင် ဒေါ်ယု ကျန်းမာတာလေးနှစ်ရှိပြီ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာမှ အလယ်တန်းပြဆရာမ ဒေါ်ယုသည် အသက် ၄၃ နှစ်အရွယ် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ဗိုက်ဖောင်းပြီး လေအောင့်သောဝေဒနာကို စတင်ခံစားခဲ့ရသည်။

“၂၀၁၃ ခုနစ်၊ ၉ လပိုင်းမှာ ဗိုက်ကဖောင်းလာတယ်။ ပြီးတော့ လေအောင့်တယ်။ လေထိုးတယ်ပဲထင်ပြီး အဲဒါကိုပဲ ကုနေတာ။ နှစ်ပတ်-သုံး ပတ်လောက်ကြာသွားတယ်။ ကျောတွေဘာတွေ အောင့်လာတော့ သူနာပြုဆရာမတွေ ဖြစ်တဲ့ တူမတွေက “အန်တီ . . ဒီအတိုင်းတော့မဖြစ်ဘူး၊ မန္တလေးမှာ ဆေးစစ်မှဖြစ်မယ်” ဆိုတာနဲ့ မန္တလေးက မြို့တော်ဆေးခန်းမှာ သွားစစ်တယ်။ စစ်လိုက်တော့ ဘယ်ဘက်မမျိုးဥအိမ်မှာ အကျိတ်ရှိတယ်၊ ပြီးတော့ အသည်းတွေ ဘာတွေလားဆိုပြီး စစ်တော့လည်း ဘာပိုးမှမရှိဘူး၊ အသည်းကလည်း ကောင်းနေတယ်။ ဒါနဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးဆီလွှဲတာနဲ့ CA125 စစ်လိုက်တယ်။ CA125 က ၅၃၆ ရှိနေတာနဲ့ “မမျိုးဥအိမ်ကင်ဆာဖြစ်နေပြီ၊ မမျိုးဥအိမ်နဲ့ သားအိမ်ထုတ်ရမယ် . . သဘောတူသလား”လို့မေးပါတယ်။ သဘောတူကြောင်း လက်မှတ်ထိုးလိုက်တော့ ချက်ချင်းပဲ ခွဲစိတ်ခန်းဝင်ရပါတယ်”ဟု ဆရာမဒေါ်ယုက ဆိုသည်။

ခွဲစိတ်ခန်းအတွင်းသို့ ဒေါ်ယုဝင်ခဲ့ရသော်လည်း တကယ်တမ်းတွင် ခွဲထုတ်ခွင့်မရခဲ့။ ခွဲစိတ်ကုသမှုပြုလုပ်နေစဉ် ဆရာမကြီးက လူနာရှင်များဖြစ်သော အစ်ကို၊ အစ်မ၊ တူမ (သူနာပြုဆရာမလုပ်ကိုင်နေသူ)အားတွေ့ဆုံ၍ သားအိမ်တွင် အခြားအစိတ်အပိုင်းများအား တွယ်ကပ်နေ၍ ထုတ်ယူမရနိုင်သေးကြောင်း၊ တွယ်ကပ်နေသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် Omentum ကိုသာ ထုတ်လိုက်နိုင်ကြောင်း၊ ကင်ဆာဆရာဝန်နှင့်လွှဲ၍ လိုအပ်သည့်ကုသမှုများ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း ရှင်းပြသည်ဟုဆိုသည်။ ပထမအကြိမ်ခွဲခန်းဝင်သည့်အချိန်တွင် မောင်နှမ၊ ဆွေမျိုးများအားလုံး ငိုကြွေးကြသည်ဟု ပြန်လည်ကြားသိရသည်။ ပထမအကြိမ် ခွဲစိတ်မှုမှ အသားစများကို ဓာတ်ခွဲစစ်ဆေးသော ရလဒ်များအရ ကင်ဆာမှာ အဆင့်လေးဖြစ်ကြောင်း ဆရာဝန်မကြီးမှ ရှင်းလင်းပြောကြားခဲ့သည်ဟုဆိုသည်။

“ဒါပေမဲ့ ဒီအကြောင်းတွေကို မသိခဲ့ပါဘူး။ အခုအချိန် နေကောင်းမှပြန်သိတာ။ ဆရာမကို လိုက်ပြုစုပေးခဲ့တဲ့ အစ်မနဲ့ အစ်ကိုပဲ သိခဲ့တာပါ။ ခွဲစိတ်ထုတ်လိုက်ရင် အမြစ်တွေကပွားပြီး သိပ်ကြာကြာနေရမှာ မဟုတ်တော့ဘူးဆိုပြီး မထုတ်ခဲ့ဘူး။ ဆေးရုံတက်ပြီး ၆ ရက်မြောက်နေ့ကျတော့ ကင်ဆာအထူးကု ဆရာဝန်ကြီးနဲ့ ဆက်သွယ်ပေးပါတယ်။ အဲဒီမှာ သိလိုက်ရတာက ဆရာမဖြစ်နေတဲ့ ကင်ဆာက အဆင့် (၄)လို့ သိခဲ့ရတာပါ။ ၉ ရက်မြောက်နေ့မှာ ကင်ဆာဆေး စသွင်းပါတယ်”ဟု ဆရာမဒေါ်ယုက သူ၏ကင်ဆာခရီးလမ်းကို ပြန်လည်ပြောပြခဲ့သည်။ ကင်ဆာဟု သိရချိန်တွင် ဆရာမဒေါ်ယုသည် ဝမ်းနည်းကာ ငိုကြွေးခဲ့သော်လည်း စိတ်ဓာတ်ကျခြင်း ကြီးမားစွာမဖြစ်ပေါ်ခဲ့ပေ။ ကင်ဆာဆေးကိုလည်း ၂၁ရက်လျှင် တစ်ကြိမ်၊ ခြောက်ကြိမ်တိတိ သွင်းဖြစ်ခဲ့ကြောင်း သိရသည်။

“ကင်ဆာဆေးသွင်းခါစတုန်းကတော့ ကြီးကြီးကျယ်ကျယ်တော့ သိပ်မဖြစ်ဘူး။ ညနေခင်းလောက် ခေါင်းလေးကိုက်ရင် နောက်နေ့ညနေလောက်အထိ ခေါင်းကိုက်တာလောက်ပဲဖြစ်တယ်။ ဘာမှမစားချင်၊ မသောက်ချင်ဘူး၊ ဟင်းနံ့မခံချင်ဘူး။ ဒါနဲ့ ထမင်းစားတဲ့အခါ ပဲပြုတ်သုပ်၊ ငရံပတူရွက်သုပ်၊ မယ်ဇလီဖူးသုပ် . . အဲဒီလို အရွက်သုပ်လေးတွေနဲ့ပဲ စားဖြစ်တယ်။ အဲဒီထက်ပိုပြီး ဆိုးဆိုးရွားရွားတော့ မခံခဲ့ရဘူး”ဟု ဆရာမဒေါ်ယုက ပြောပြခဲ့သည်။ ကင်ဆာဆေးသွင်းစဉ် ဆေးမြီးတိုများကို လုံးဝမကုသခဲ့ဘဲ လင်ဇီး၊ ပန်းဝတ်မှုန်စသည့် ဆေးများကိုမူ သောက်ဖြစ်ခဲ့ကြောင်း ဒေါ်ယုကဆိုသည်။

၂၀၁၄ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဆေးစစ်ပြီး ခွဲထုတ်၍ရပြီဟု သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးက ဆိုသဖြင့် ဒုတိယအကြိမ် ခွဲစိတ်ကာ မမျိုးဥအိမ်၊ သားအိမ်တို့ကို ဖယ်ထုတ်ခဲ့ကြောင်း၊ ထိုအချိန်တွင် အသားစယူစစ်ဆေးခဲ့ရာ ကင်ဆာဆဲလ်မရှိတော့သည်ကို တွေ့ရကြောင်း သိရသည်။

ဆရာဝန်က ‘ကင်ဆာအဆင့် နောက်ဆုံးအဆင့်ဖြစ်လို့ မရတော့ဘူး၊ ဘေးဘက်ကိုလည်း ပြန့်နှံ့နေပြီလို့ထင်တဲ့ လူနာ အခုလိုမျိုးကောင်းနေတာကို အံ့သြပါတယ်’လို့ ပြောလိုက်ပါတယ်။ တစ်နှစ်နေမှပြန်လာပြတော့လို့လည်း မှာလိုက်ပါတယ် . . .

“အဲဒီနောက်ပိုင်း ဆရာဝန်ချိန်းရင် ချိန်းသလို တစ်လခွဲတစ်ကြိမ်၊ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်၊ လေးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသဖြင့်သွားပြခဲ့ပါတယ်။ အခု ၂၀၁၇ ဇွန်လဆန်းတုန်းက နောက်ဆုံးတစ်ခေါက်သွားပြတော့ လုံးဝကောင်းသွားပြီဆိုတဲ့ အဖြေကိုရခဲ့ပါတယ်။ ဆရာဝန်က “ကင်ဆာအဆင့် နောက်ဆုံးအဆင့်ဖြစ်လို့ မရတော့ဘူး၊ ဘေးဘက်ကိုလည်း ပြန့်နှံ့နေပြီလို့ထင်တဲ့လူနာ အခုလိုမျိုး ကောင်းနေတာကို အံ့သြပါတယ်”လို့ ပြောလိုက်ပါတယ်။ တစ်နှစ်နေမှ ပြန်လာပြတော့လို့လည်းမှာ လိုက်ပါတယ်”

ရောဂါဖြစ်စက ဆရာမဒေါ်ယု၏ အခြေအနေကို ဒေါ်ယုနှင့်မိဘနှစ်ပါးကမသိသော်လည်း အစ်ကို၊ အစ်မတို့၏ ပြောပြချက်အရ အိမ်နီးနားချင်းများက သိထားကြောင်း၊ သို့ဖြစ်ရာ ယခုလို ပြန်လည်ကျန်းမာလာသည့်အပေါ် အားလုံးအံ့အားသင့်ကြကြောင်း သိရသည်။ “အခုကျတော့အိမ်နီးနားချင်းတွေဆီ အလည်သွားတိုင်း” အဲဒီတုန်းက နင်ကသေတော့မှာတဲ့၊ နင့်အခြေအနေက နောက်ဆုံးအဆင့်တဲ့။ ငါတို့မှာ နင့်အစ်မဆီက သတင်းကြားတော့ သနားပြီး စိတ်မကောင်းဖြစ်နေကြတာ . . အခုလို ကျန်းမာလာတာ ဝမ်းသာလိုက်တာဆိုပြီး “ဝိုင်းပြောကြတယ်”ဟု ဒေါ်ယုက ရယ်မောစွာပြောပြခဲ့သည်။

ကင်ဆာလူနာတို့အတွက် ကင်ဆာဝေဒနာကို ကျော်လွှားရာတွင် မိသားစု၊ ဆွေမျိုးသားချင်းနှင့် မိတ်ဆွေသူငယ်ချင်းများ၏ အထောက်အပံ့များက လွန်စွာအရေးပါလှပေသည်။ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်ရှိသည့် အပျိုကြီး ဆရာမဒေါ်ယုသည် ကံကောင်းသူပင်။ “အစ်ကိုက မန္တလေးမှာနေတော့ အစ်ကို့အိမ်မှာတည်းပြီး ဆေးကုတယ်။ အစ်မကဆေးရုံမှာ လိုက်ပြုစုပေးတယ်။ သူငယ်ချင်းမိတ်ဆွေတွေ၊ တပည့်တွေကလည်း အားပေးကြတယ်။

ကင်ဆာလို့ သိပေမယ့် သိပ်မကြောက်ခဲ့ဘူး။ မျက်ရည်တော့ ကျမိပေမယ့် တုန်လှုပ်မသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်နီးနားချင်းထဲမှာ ရင်သားကင်ဆာဖြစ်ဖူးတဲ့သူရှိတယ်။ ဆရာမကင်ဆာဖြစ်တဲ့အချိန်မှာ သူရင်သားကင်ဆာ ကုသအောင်မြင်တာ လေးနှစ်ရှိပြီလေ. .သူကတစ်အိမ်ကျော်မှာရှိတာဆိုတော့ သူ့ကိုတွေ့ပြီး ကိုယ်လည်းပျောက်မှာဆိုတဲ့ စိတ်ကရှိနေပြီးသား . . .

ကင်ဆာလို့ သိပေမယ့် သိပ်မကြောက်ခဲ့ဘူး။ မျက်ရည်တော့ ကျမိပေမယ့် တုန်လှုပ်မသွားဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်နီးနားချင်းထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့သူရှိတယ်။ ဆရာမကင်ဆာဖြစ်တဲ့အချိန်မှာ သူရင်သားကင်ဆာ ကုသအောင်မြင်တာ လေးနှစ်ရှိပြီလေ. . သူကတစ်အိမ်ကျော်မှာရှိတာဆိုတော့ သူ့ကိုတွေ့ပြီး ကိုယ်လည်းပျောက်မှာဆိုတဲ့ စိတ်ကရှိနေပြီးသား”ဟု ဆရာမဒေါ်ယုက ဆိုသည်။

နီးစပ်သော မျိုးရိုးထဲတွင် ကင်ဆာမျိုးရိုးဟုမရှိဘဲ အဒေါ်ဝမ်းကွဲကသာ ကင်ဆာဖြစ်ဖူးကြောင်း၊ အစားအသောက်ဆိုလျှင်လည်း ဒေသထွက် အစားအသောက်ကိုသာ စားဖြစ်ပြီး ဆိုးဆေးအစာများ၊ ဆီကြော်စာများကိုလည်း မစားဖြစ်သလောက် နည်းပါးကြောင်း ဆရာမဒေါ်ယုက ပြောသည်။ “စာတွေဖတ်ကြည့်တော့ အပျိုကြီးဖြစ်လို့၊ ကံတရားကြောင့် စသဖြင့် ပြောကြတယ်။ ကင်ဆာကုနေတုန်းမှာ ဘာသာတရားအနေနဲ့ သံဗုဒ္ဓေဂါထာကို ရွတ်ဖြစ်တယ်။ ဘုရားတရားလုပ်ဖြစ်တယ်။ ပြောရရင် ကင်ဆာကုပြီးတော့လည်း ဆရာမက ပိန်မသွားဘူး၊ ပုံမှန်ပဲ။

အခုအချိန်မှာလည်း အပြင်စာတွေမစားဘဲ အိမ်မှာချက်ပြုတ်ထားတဲ့ ပဲပြုတ်၊ အရွက်သုပ် စတဲ့ ဒေသထွက်အစာတွေပဲ စားဖြစ်ပါတယ်။ ကြက်သားနဲ့ ငါးကိုပဲ များများစားဖြစ်တယ်”ဟု ဆရာမဒေါ်ယုက လက်ရှိသူ့နေထိုင်မှုပုံစံကို ပြောပြခဲ့သည်။

ကင်ဆာဝေဒနာရှင်များ၊ ကင်ဆာကုသနေသူများအား ဆရာမဒေါ်ယုက-

“ကင်ဆာဖြစ်လည်း မကြောက်ပါနဲ့။ ကုလို့ရသလောက် ကုရမယ်လေ။ ဆရာမဆိုရင် နောက်ဆုံးအဆင့်ကလည်း ဖြစ်ထားပြီး မရတော့ဘူးထင်တာကနေ အသက်ရှင်လာတော့ မေးကြတယ်။ ဘယ်လိုကုသခဲ့လဲဆိုပြီးမေးတိုင်း သေချာပြောပြပါတယ်။ အခုခေတ်ကဆေးတွေလည်းကောင်းတယ်၊ ပျောက်ပါတယ်။ ဒါကြောင့် မကြောက်ပါနဲ့”ဟု အားပေးစကားပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top