Healthy Life Ad
Life Style

ရာသီအကူးအပြောင်းကာလများတွင် ဖြစ်တတ်သည့် တုပ်ကွေးနှင့် အခြားရောဂါဝေဒနာများ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ရာသီအကူးအပြောင်းကာလတွေမှာ ဘယ်လိုရောဂါဝေဒနာတွေ ဖြစ်တတ်ပါသလဲဆရာ။

ဖြေ. ရာသီအကူးအပြောင်းကာလတွေမှာ အဖြစ်များတဲ့ ရောဂါက တုပ်ကွေးဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ ရင်ကျပ်ပန်းနာရှိရင် ပိုဖြစ်တတ်ပါတယ်။ ရာသီအကူးအပြောင်းကာလတွေမှာ ဖျားတာက ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖျားတာဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသသင့်တယ်။ ပဋိဇီဝပိုးသတ်ဆေး သောက်သင့်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖျားတာဆိုရင်တော့ နွေးနွေးထွေးထွေးနေတာ၊ ရေများများသောက်တာ၊ အစာအာဟာရပြည့်ဝအောင်စားတာ စတဲ့နည်းတွေနဲ့ ဂရုစိုက်လိုက်ရင် အလိုလိုသက်သာသွားနိုင်ပါတယ်။

မေး. ရာသီအကူးအပြောင်းကာလတွေမှာ ဖျားခဲ့ရင် ဗိုင်းရပ်စ်ကြောင့်ဖျားတာလား၊ ဘက်တီးရီးယားကြောင့် ဖျားတာလားဆိုတာကို လူနာက ဘယ်လိုခွဲခြားသိနိုင်မလဲဆရာ။

ဖြေ. လူနာကတော့ သိဖို့ခဲယဉ်းတယ်။ ဆရာတို့ကတော့ စက်နဲ့သွေးဖောက် စစ်ဆေးလေ့ရှိပါတယ်။ သွေးဖြူဥ (WBC)နဲ့ သွေးဥမွှား (Platelets)က နည်းလွန်းရင် ဗိုင်းရပ်စ်ကြောင့် ဖျားတာဖြစ်ပါတယ်။ တုပ်ကွေးမှာ ဗိုင်းရပ်စ်ကြောင့် ဖျားတာ (Virus Fever)ဆိုရင် အဖျားက ငါးရက် – ခုနစ်ရက်လောက်ကြာမယ်။ အဖျားကြီးမယ်။ ကိုယ်အပူချိန်က ၁၀၄- ၁၀၅လောက် ဖြစ်တတ်တယ်။ ကိုယ်တွေလက်တွေ ကိုက်ခဲတတ်တယ်။

Influenza တုပ်ကွေးဆိုရင် နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေ ဖြစ်တတ်တယ်။ ဝက်သက် (Measles virus) ဆိုရင် အဖျားက ၅-၇လောက် ကြာတတ်တယ်။ ငါးရက်လောက်နေမှ အဖျားကျတတ်တယ်။ အနီစက်ပေါ်တတ်တယ်။ အနီစက်ပေါ်လာပြီး နှစ်ရက်-သုံးရက်လောက်ကြာရင် ပျောက်သွားတတ်တာကြောင့် Recovery Rash လို့ခေါ်ပါတယ်။

ဂျိုက်သိုး (German Measles)ဆိုရင် ခံစားရတဲ့လက္ခဏာတွေက ဝက်သက်နဲ့တူတယ်။ အရေပြားမှာထွက်တဲ့ အနီကွက်တွေကကြီးတယ်။ ပြန်ရည်ကျိတ်တွေက ရောင်နေတတ်တယ်။ သွေးလွန်တုပ်ကွေးဆိုရင် ကလေးငယ်တွေမှာ အဖြစ်များတယ်။ လူကြီးမှာလည်း ဖြစ်တတ်တယ်။ ခြင်ကိုက်လို့ ဖြစ်တယ်။ ထူးခြားချက်က Day 5 မှာ ဖျားလည်းဖျား၊ သွေးပေါင်လည်းကျတတ်တယ်။ မှိန်းနေတတ်တယ်။ ကော်ဖီရောင်တွေ အန်တတ်တယ်။ ဒီလိုလက္ခဏာတွေပြရင် ဆေးရုံကို ချက်ချင်းသွားသင့်ပါတယ်။

မေး. ရာသီအကူးအပြောင်းကာလတွေမှာ ရောဂါဝေဒနာတွေမရအောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. ရာသီအကူးအပြောင်းကာလတွေမှာ ရောဂါဝေဒနာတွေမရအောင် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ ရေကိုများများသောက်ပါ။ နွေးနွေးထွေးထွေးနေရပါမယ်။ မိုးမိတဲ့အခါတွေမှာ အအေးမိမခံပါနဲ့။ သစ်သီးဝလံတွေကို များများစားပေးပါ။ ဒီနည်းတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်နေစေပါတယ်။

မေး. ရာသီအကူးအပြောင်းကာလတွေမှာဖြစ်တဲ့ ရောဂါဝေဒနာတွေက စိုးရိမ်ရပါသလားဆရာ။

ဖြေ. ရာသီအကူးအပြောင်းတွေမှာ တုပ်ကွေးက အဖြစ်များတယ်။ ကလေးတွေမှာဖြစ်တဲ့ သွေးလွန်တုပ်ကွေးကိုတော့ ဂရုစိုက်ဖို့လိုပါတယ်။ လူကြီးတွေမှာလည်း သွေးလွန်တုပ်ကွေး ဖြစ်တတ်ပါတယ်။

မေး. ရာသီအကူးအပြောင်းကာလတွေမှာ အအေးမိတာ၊ တုပ်ကွေးဖျားတာ၊ ချောင်းဆိုးတာတွေ ဖြစ်လွယ်ကြပါတယ်။ အဲဒါ ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ။

ဖြေ. ရာသီဥတုအပြောင်းအလဲကာလတွေမှာ တုပ်ကွေးပိုးတွေက ပိုအတွေ့များတာကြောင့်ပါ။ ပြီးတော့ ရာသီဥတုက ပူရာကနေ အေးသွားတာ၊ အေးရာကနေ ပူသွားတာတွေ ဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပူအအေးကို လိုက်လျောညီထွေရှိနိုင်စွမ်းက နည်းသွားတဲ့အတွက် ရာသီအကူးအပြောင်းမှာ ဝေဒနာတွေ ခံစားရတာပါ။

မေး. ရာသီအကူးအပြောင်းကာလတွေမှာ ရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ဆေးထိုးနှံထားလို့ ရပါသလား ဆရာ။

ဖြေ. Influenza တုပ်ကွေးပိုးက မျိုးကွဲပေါင်း အများကြီးရှိပါတယ်။ တစ်နှစ်နဲ့တစ်နှစ်မှာတွေ့ရတဲ့ တုပ်ကွေးပိုးအမျိုးအစားကလည်း မတူပါဘူး။ အဲဒီလိုဆိုတော့ ဒီတစ်နှစ်မှာ ဘယ်လိုတုပ်ကွေးပိုးမျိုးကွဲရှိသလဲဆိုတာကို အရင်လေ့လာရပါတယ်။ မျိုးကွဲနံပါတ်ကို သိရင်အဲဒီမျိုးကွဲကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးကို ထိုးလို့ရပါတယ်။ ဥပမာ ဒီနှစ်မှာ တုပ်ကွေးက ပိုးအမျိုးအစား Type A ကြောင့် ဖြစ်တာဆိုရင် Type A ကို ကာကွယ်နိုင်မယ့်ဆေးကို ထိုးလို့ရပါတယ်။

မေး. ဘယ်လိုလူတွေက ရာသီအကူးအပြောင်းကာလတွေမှာ ရောဂါဝေဒနာတွေ ပိုအဖြစ်များတတ်ပါသလဲ ဆရာ။

ဖြေ. ခန္ဓာကိုယ်ခုခံစွမ်းအားနည်းတဲ့သူ (ဥပမာ- အသက်အရွယ်ကြီးသူတွေ)၊ ကလေးငယ်တွေ၊ ခုခံအားကျဆင်းတဲ့ ရောဂါရှိသူ(ဥပမာ- HIV ရှိတဲ့သူ)၊ ကင်ဆာရောဂါရှိသူ၊ Prednisolone လို့ခေါ်တဲ့ စတီးရွိုက်ဆေးတွေကို အကြာကြီးသောက်နေရတဲ့သူ (ဥပမာ-ရင်ကျပ်ပန်းနာရှိသူ)၊ နာတာရှည်အဆုတ် ပွလေပြွန်ကျဉ်းရောဂါ (COPD)၊ ဆီးချိုသွေးချိုရောဂါရှိသူတွေက ရာသီအကူးအပြောင်းကာလတွေမှာ တုပ်ကွေးအဖြစ်များတတ်ပါတယ်။ ဒီလိုလူတွေက ကာကွယ်ဆေး ထိုးနှံထားသင့်ပါတယ်။

ကာကွယ်ဆေးမှာ နှစ်မျိုးရှိတယ်။ Pneumococcal Vaccine နဲ့ Influenza Vaccine ဆိုပြီး နှစ်မျိုးရှိတယ်။ Pneumococcal Vaccine က ငါးနှစ်တစ်ကြိမ်ပဲထိုးရပြီး Influenza Vaccine က တစ်နှစ်တစ်ကြိမ်ထိုးရတယ်။ နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါရှိတဲ့သူတွေဆိုရင် Pneumococcal Vaccine ကိုထိုးဖို့ ညွှန်ကြားလေ့ရှိတယ်။ နမိုးနီးယားအဆုတ်ရောင်ရာဂါမရအောင် ကာကွယ်ပေးနိုင်လို့ပါ။

ရာသီအကူးအပြောင်းမှာ တုပ်ကွေးဖြစ်ရင် ဖျားပါတယ်။ အဖျားကျအောင်နဲ့ အမြန်သက်သာအောင် ခုခံစွမ်းအားတက်ဖို့ ကြိုးစားရမယ်။ ရေကိုများများသောက်ရမယ်။ လူတွေကဖျားရင် အစာကိုဖြတ်ပစ်တတ်တယ်။ အာဟာရချို့တဲ့ရင် ပြန်ကောင်းဖို့မလွယ်ဘူး။ တကယ်က ကိုယ်ခံစွမ်းအားတက်လာအောင် အစာအာဟာရ ပြည့်ပြည့်ဝ၀ စားပေးရပါမယ် . . .

မေး. ရာသီအကူးအပြောင်းကာလတွေမှာ ရောဂါဝေဒနာတွေဝင်ရင် အမြန်သက်သာအောင် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲဆရာ။

ဖြေ. ရာသီအကူးအပြောင်းမှာ တုပ်ကွေးဖြစ်ရင် ဖျားပါတယ်။ အဖျားကျအောင်နဲ့ အမြန်သက်သာအောင် ခုခံစွမ်းအားတက်ဖို့ ကြိုးစားရမယ်။ ရေကို များများသောက်ရမယ်။ လူတွေကဖျားရင် အစာကို ဖြတ်ပစ်တတ်တယ်။ အာဟာရချို့တဲ့ရင် ပြန်ကောင်းဖို့မလွယ်ဘူး။ တကယ်က ကိုယ်ခံစွမ်းအားတက်လာအောင် အစာအာဟာရပြည့်ပြည့်ဝ၀ စားပေးရပါမယ်။ အဖျားကျအောင် ရေပတ်တိုက်ပေးပြီး ပါရာစီတမောကို တစ်နေ့သုံးကြိမ်ခန့် သောက်ပေးလို့ရပါတယ်။

မေး. ရာသီအကူးအပြောင်းကာလမှာ အိမ်သားတစ်ဦး မကျန်းမာဖြစ်ခဲ့ရင် ကျန်အိမ်သူအိမ်သားတွေမှာ မကူးစက်အောင် ဘယ်လိုနည်းလမ်းတွေကို လိုက်နာသင့်ပါသလဲဆရာ။

ဖြေ. တုပ်ကွေးပိုးက လေထဲမှာ ပျံ့နှံ့ရင်ကူးစက်တတ်တာကြောင့် ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ထားသင့်တယ်။ လက်ကိုင်ပဝါ အလွယ်တကူမရှိရင် လက်တံတောင်နဲ့ အုပ်သင့်ပါတယ်။ ဒါကို Cough Etiquette လို့ ခေါ်ပါတယ်။ အဖျားမြန်မြန်ပျောက်အောင် လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေရပါမယ်။ အခန်းတံခါးပိတ်၊ စောင်ခြုံပြီးနေရင် ပိုဆိုးနိုင်ပါတယ်။ ထူထဲတဲ့ အဝတ်အစားတွေ မဝတ်သင့်ပါဘူး။ ချောင်ချိတဲ့ အဝတ်အစားကိုပဲ ပေါ့ပေါ့ပါးပါးဝတ်သင့်တယ်။ ကိုက်ခဲနေရင် ပါရာစီတမောသောက်လို့ရတယ်။ ရေပတ်တိုက်လို့ရတယ်။ ဓာတ်ဆားရည် သောက်သင့်ပါတယ်။

မေး. အခုလိုအချိန်မှာ ဖျားနာသူတွေများနေပါတယ်။ သူတို့အနေနဲ့ ကျောင်း/အလုပ်ကို သွားသင့်ပါသလား၊ အိမ်မှာပဲ အနားယူသင့်ပါသလားဆရာ။

ဖြေ. တုပ်ကွေးဖျားတဲ့သူက လူထူထပ်တဲ့နေရာကိုသွားရင် သူတစ်ပါးကို ကူးစက်နိုင်တာကြောင့် မကူးစက်အောင် အိမ်မှာပဲ နားနေသင့်ပါတယ်။

မေး. ရာသီအကူးအပြောင်းကာလ ကျန်းမာရေးကောင်းဖို့အတွက် အများပြည်သူကို ပညာပေးလိုတဲ့ အကြောင်းတွေရှိရင် ပြောပြပေးပါဆရာ။

ဖြေ. ကိုယ်ခံစွမ်းအားက မြင့်တက်နေရင် ဖျားနိုင်ခြေနည်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါတယ်။ ရေကိုများများသောက်ပါ၊ သစ်သီးဝလံတွေ များများစားပါ။ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ပေးပါ။ နွေးနွေးထွေးထွေးနေပါ။ ချောင်းဆိုး၊ နှာချေတဲ့သူနဲ့ နီးနီးကပ်ကပ် မျက်နှာချင်းဆိုင်ပြီး မနေပါနဲ့။ ရောဂါဖြစ်လာရင် ဆေးမြီးတိုတွေ မသောက်ပါနဲ့။ ဖျားတာက သုံးရက်လောက်ကြာလို့မှမပျောက်ရင် တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖျားတယ်ဆိုရင် ခုနစ်ရက်ထက် မကျော်တတ်ပါဘူး။ ခုနစ်ရက်ထက်ကျော်တယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top