Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင် ဝေဒနာ (Pregnancy Pains)

ဒေါက်တာတင့်ဆွေ

မေး. ဆရာရှင့် ကျွန်မအသက် ၃၆ နှစ်ရှိပါပြီ။ အခု ကိုယ်ဝန် ၂၇ ပတ်ရှိပါပြီ။ ကျွန်မ ခြေတွေ၊ လက်တွေ တအားနာတယ်ဆရာ။ ခြေတွေလည်း ရောင်တယ်။ လမ်းလျှောက်လည်း ခြေတွေတအားနာတယ်။ လက်ချောင်းတွေလည်း နာတယ်ဆရာ။ ကျေးဇူပြုပြီး ဖြေပေးပါနော်ဆရာ။

၁။ ရင်သားအပြောင်းအလဲများ (Pregnancy Breast Changes)

– ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မယ့် ဂလင်းလေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။

– တချို့မှာနာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွားခါနီးမှာ သိသာတယ်။

– သွေးကြောတွေလည်းများလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေ မြင်လာရမယ်။

– နို့သီးအရောင်လည်း ရင့်လာ၊ မည်းလာမယ်။

– Colostrum ဆိုတဲ့ ကနဦး-နို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်။

– Bra ဘရာချောင်တာသာဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ဖြစ်ပါစေ။ ချည်ထည်နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဘရာအရွယ်အစားကြီးကြီးလာဖို့လိုမယ်။ နေ့ရောညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် ဘရာအတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။

– နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။

၂။ ကိုယ်ဝန်ဆောင်စဉ် အားယုတ်ခြင်း (Pregnancy Fatigue)

– ကိုယ်ဝန်ဆောင်လာရင် အားကုန်တယ်။ အင်နာဂျီပိုလိုလို့ပါ။

– သွေးအားနည်းရောဂါ (Anemia) မရှိအောင် ဆေးစစ်ပါ။ ကုသပါ။

– ကောင်းကောင်းနားပါ။ စောစောအိပ်ရာဝင်ပါ။ နေ့ခင်းလည်း ခဏတဖြုတ်အိပ်ပါ။ ဖြစ်နိုင်သရွေ့ အချိန်ဇယားလုပ်ထားပါ။ အလုပ်လုပ်တာနဲ့ နားတာမျှပါစေ။

– ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်ဝန်ဆောင်တော့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။ ကိုယ်ဝန် ဆောင်စမှာသာ အဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။ အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ် . . .

၃။ ကိုယ်ဝန်ဆောင်စဉ် ပျို့-အန်ခြင်း (Pregnancy Nausea or Vomiting)

– ကိုယ်ဝန်ဆောင်တော့ ဟော်မုန်းအပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။

– ကိုယ်ဝန်ဆောင်စမှာသာအဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။

– အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ်။ ဒါကြောင့် Morning sickness မောနင်း-ဆစ်ကနက်စ်လို့ ခေါ်ကြတယ်။ ၄ လရောက်ရင် မဖြစ်တော့ဘူး။

– မနက်ထမှာ ခပ်ခြောက်ခြောက်အစာစားပါ။ ဥပမာ အနှံတွေကလုပ်တဲ့ စားစရာတွေဖြစ်တဲ့ ပေါင်မုန့်၊ ခရက်ကာစတာမျိုး၊ နောက်ပြီး ပရိုတင်းများတာ ဥပမာ- အဆီလွတ်အသား၊ ချိစ်ကိုညမအိပ်ခင်စားပါ။

– အစာကို တစ်ခါစားရင် သိပ်မများစေဘဲ ၂-၃ နာရီ တစ်ခါစားသောက်ပါ။ ဖြေးဖြေးချင်း အချိန်ယူစားပါ။

– အရည်တွေ တစ်နေကုန်သောက်ပါ။ ဗိုက်ကယ်အောင် မသောက်ပါနဲ့။ အေးနေတဲ့ ကြည်နေတဲ့ ပန်းသီးရည်၊ စပျစ်သီးရည်တွေက ပိုသင့်တယ်။

– စပ်တဲ့၊ ပူတဲ့အစာတွေရှောင်ပါ။

– ဗီတာမင် ဘီ-၆ (Vitamin B6) သောက်ပါ။

– အန်တာမသက်သာရင် ဆရာဝန်ကို အကူအညီတောင်းပါ။

၄။ ဆီးခဏခဏသွားခြင်း (Pregnancy Frequent Urination)

– ကိုယ်ဝန်ဆောင်စလတွေမှာ ကြီးလာနေတဲ့ သားအိမ်က သူ့ရှေ့မှာနေတဲ့ဆီးအိမ်ကို ဖိသလိုဖြစ်လို့ ခဏခဏဆီးသွားချင်လာမယ်။

– အတွင်းခံမှန်သမျှ ကျပ်မနေပါစေနဲ့။

– Urinary tract infection ဆီးကပူမယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်နိုင်တယ်။

၅။ ခေါင်းကိုက်ခြင်း (Pregnancy Headaches)

– စိတ်ဖိအားများတာ၊ ဝမ်းချုပ်တာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်တယ်။ တချို့မှာ PET သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။

– နဖူး၊ ကုပ်ပိုးနေရာ ရေခဲတင်ပေးပါ။

– အလင်းရောင် မများတဲ့နေရာ-အခန်းမှာ နားပါ၊ ငြိမ်နေပါ။ မျက်စိမှိတ်ပြီး စိတ်လျှော့ပေးပါ။

– လိုအပ်ရင် ပါရာစီတမောဆေးပြားသောက်ပါ။

– ပျို့တာနဲ့ ခေါင်းကိုက်တာတွဲဖြစ်ရင် ဆရာဝန်ပြပါ။

၆။ ဝမ်းချုပ်ခြင်း (Pregnancy Constipation)

– ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ၊ ဗီတာမင်တွေနဲ့ သံဓာတ်အားဆေးတွေကြောင့် ဝမ်းချုပ်နိုင်တယ်။

– သားအိမ်ကနေ နောက်မှာနေတဲ့ အစာဟောင်းအိမ်ကို ဖိနေလို့လည်း ဖြစ်နိုင်တယ်။

– ဖိုက်ဘာများတဲ့ ဖြူနေအောင်ချွတ်မထားတဲ့ အမှုန့်နဲ့လုပ်တဲ့အစာတွေ၊ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။

– ရေ-အရည်ပိုသောက်ပါ။ တစ်နေ့မှာ ရေ ၆-၈ ခွက်၊ ဖျော်ရည် ၁-၂ ခွက်။

– မနက်ခင်းမှာ ခပ်နွေးနွေးအရည်သောက်ပါ။

– ကိုယ်လက်လေ့ကျင့်ခန်း (Exercise) လုပ်ပါ။

– ရေအိမ်သွားချိန် အလေ့အကျင့်လုပ်ပေးပါ။

– ဝမ်းနုပ်ဆေး (Laxative) ဆရာဝန်ပေးတာသောက်ပါ။ သဘာဝ ဝမ်းပျော့-ဝမ်းသွားစေတာသုံးပါ။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်၊ ကန်စွန်းရွက်။

၇။ မူးဝေခြင်း (Pregnancy Dizziness)

– ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ခေါ်တဲ့ ပရိုဂျက်စတီရုံးကနေ သွေးကြောတွေကို ကျယ်စေတယ်။ ခြေထောက်ပိုင်းမှာ သွေးတွေစုလာစေတယ်။ သားအိမ်ဆီလည်း သွေးပိုရစေတယ်။ သွေးဖိအားကျစေတယ်။ အထူးသဖြင့် အနေအထား ရုတ်တရက်အပြောင်းမှာဖြစ်တယ်။ ခေါင်းမူးနိုင်တယ်။

– အစာစားချင်စိတ်ကို ပြောင်းစေတယ်။ သွေးထဲမှာ သကြားဓာတ်နည်းရင်လည်း ခေါင်းမူးစေမယ်။

– မတ်တပ်အနေအထားမှာ ကြာကြာနေရရင် ဟိုဟိုဒီဒီသွားလာနေပါ။

– ဘယ်ဘက်ကို စောင်းအိပ်ပြီး နားပါ။

– အနေအထားပြင်တာမှာ ဖြေးဖြေးသာလုပ်ပါ။

– သကြားဓာတ်မနည်းစေအာင် အစာကို မကြာမကြာစားပေးပါ။

၈။ အိပ်မပျော်ချင်ဖြစ်လာခြင်း (Difficulty Sleeping)

– အိပ်ဆေးမသောက်ပါနဲ့၊

– အိပ်ရာဝင်ချိန်မှာ နွားနို့အပူသောက်ပေးပါ၊

– အိပ်ရာမဝင်ခင် ရေနွေးချိုးပါ၊

– ခေါင်းအုံးအပိုသုံးကြည့်ပါ၊ ဘေးတစောင်းအိပ်ပါ။

၉။ အစာမကြေ-ဗိုက်အောင့်ခြင်း (Pregnancy Heartburn or Indigestion)

– အစာခြေစနစ်က အလုပ်နှေးလို့ဖြစ်တယ်။ ကြီးလာနေတဲ့ သားအိမ်ကလည်း အစာအိမ်ကိုဖိတယ်။ ဟော်မုန်းတွေအပြောင်းအလဲကြောင့်လည်း ပါတယ်။

– အစာကိုနည်းနည်းချင်း ခဏခဏစားပါ။ ဖြေးဖြေးသာစားပါ။

– ရေနွေး၊ ရေနွေးကြမ်းသောက်ပါ။

– ပူ-စပ်တာ၊ မစာမကြေလွယ်တာ၊ ကြော်ထားတွေရှောင်ပါ။ စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။

– အိပ်တာ၊ လှဲတာ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ခေါင်း၊ ပခုံးအောက်က ခေါင်းအုံးခုခံထားနိုင်တယ်။

– အချိုနဲ့အဆီ တစ်ခါတည်း တွဲမစားပါနဲ့။

၁၀။ လိပ်ခေါင်း (Pregnancy Hemorrhoids)

– စအိုမှာ သွေးပြန်ကြောလေးတွေဖောင်းပြီး ဝမ်းသွားတဲ့အခါ အပြင်ကိုစုထွက်လာတာဖြစ်မယ်။ ကိုယ်ဝန်ကနေ မွေးလမ်းနဲ့ အစာဟောင်းအိမ်တွေအပေါ်မှာ ဖိအားသက်ရောက်လို့၊ သွေးလျှောက်တာလည်း ပိုလာလို့ဖြစ်ရတယ်။

– ဝမ်းအချုပ်မခံပါနဲ့။ ဝမ်းသွားတဲ့အခါမညှစ်ရစေနဲ့။

– အကြာကြီးထိုင်တာ၊ ရပ်တာ ရှောင်ရှားပါ။ အနေအထားမကြာမကြာ ပြောင်းပေးပါ။

– လိပ်ခေါင်းနေရာကို ရေခဲတစ်လှည့်၊ ရေနွေးတစ်လှည့်တင်ပေးပါ။ အတွင်းခံကျပ်မနေပါစေနဲ့။

– လိုအပ်ရင် ဆရာဝန်ပြပါ။

၁၁။ သွေးပြန်ကြောထုံးခြင်း (Pregnancy Varicose Veins)

– ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ဖောင်းကြွပြီး ထုံးနေသလို ထင်-မြင်ရတယ်။ တချို့ကတော့ အရင်ကတည်းက ရှိနေတတ်တယ်။

– မတ်တပ်ရပ်တာ၊ ထိုင်နေတာ အကြာကြီးမလုပ်ပါနဲ့။ ရွေ့လျှားသွားလာပေးပါ။ ခြေနှစ်ချောင်းချိတ်ထိုင်တာ မကောင်းပါ။

– နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။

– ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

– ကိုယ်အောက်ပိုင်း အဝတ်အစား တင်းကြပ်မနေစေပါနဲ့။

၁၂။ ကြွက်တက်ခြင်း (Pregnancy Leg Cramps)

– ကယ်လ်စီယမ်များတဲ့ အစားအသောက် ပိုစားပါ။ နွားနို့၊ ဒိန်ခဲ၊ အရိုးပါစားလို့ရတဲ့ငါး။

– ဖိနပ်မကြပ်စေနဲ့၊ ခုံမြင့်ဖိနပ်မစီးပါနဲ့။

– နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။

– ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။

– ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

– အိပ်ရာမဝင်ခင် ခြေဆန့်-လက်ဆန့်လုပ်ပေးပါ။

– ပက်လက်အိပ်တာ နည်းပါစေ။

– ခြေထောက်တွေကို နှိပ်နယ်ပေးပါ။

၁၃။ နှာခေါင်းပိတ်ခြင်း (Pregnancy Nasal Congestion)

– အအေးမိသလိုနေတယ်။ ကိုယ်ဝန်ဆောင်-ဟော်မုန်းကြောင့်ဖြစ်ရတယ်။

– ပါး-နှာခေါင်းနေရာကို ရေနွေးဝတ်တင်ပါ။

– Nasal sprays ဆေးမသုံးပါနဲ့။

– ရေ-အရည် များများသောက်ပါ။ တစ်နေ့မှာ ၆-၈ ခွက်။

– ခေါင်းအုံးအပိုသုံးပါ။

– Humidifier or Vaporizer သုံးနိုင်တယ်။

၁၄။ အသက်ရှူမဝခြင်း (Shortness of Breath)

– လမ်းလျှောက်နေရင်းဖြစ်ရင် အရှိန်လျှော့ချလိုက်ပါ။ နားလိုက်ပါ။

– လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။

– အိပ်ရင် ခေါင်းပိုင်းက မြင့်နေပါစေ။

၁၅။ အကြောပြတ်ခြင်း (Pregnancy Stretch Marks)

– ကြီးထွားလာတဲ့ အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းက လိုသလောက်မလိုက်နိုင်လို့ဖြစ်တယ်။ ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အများဆုံးဖြစ်တယ်။ နောင်မှာ လုံးဝပျောက်မသွားပေမယ့် မှေးမှိန်လာမယ်။

– Vitamins C နဲ့ E တွေသောက်ပေးပါ။

– Skin lotion လိမ်းပါ။

– ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၁၆။ ခြေထောက်ရောင်ခြင်း (Swelling in the Feet and Legs)

– ခြေထောက်ကသွေးကြောနဲ့ သွေးပြန်ရည်ကြောတွေအပေါ်မှာ ကြီးလာတဲ့သားအိမ်က ဖိနေလို့ဖြစ်တယ်။

– မတ်တပ် အကြာကြီးမရပ်ပါနဲ့။

– ရေ-အရည် များများသောက်ပါ။ တစ်နေ့မှာ ၆-၈ ခွက်။

– ငန်တဲ့အစာတွေရှောင်ပါ။ ဆိုဒီယမ်များတဲ့ ဆား၊ ငါးခြောက်၊ ငါးပိ၊ ငန်ပြာရည်၊ ဟင်ချိုမှုန့်၊ ဆော်ဒါ ရှောင်ပါ။

– ခြေထောက်ပိုင်းမြှင့်ကာ နားပါ။

– အဝတ်အစား၊ ဖိနပ် တင်းကြပ်မနေစေပါနဲ့။

– ပရိုတင်းများများစားပါ။

– မျက်နှာပါရောင်ရင် ဆရာဝန်ပြပါ။ သွေးဖိအားများရင် ဆရာဝန်ပြပါ။ ဆီးထဲအနည်ပါရင် ဆရာဝန်ပြပါ။ PET သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။

၁၇။ မွေးလမ်းက စိုနေခြင်း (Vaginal Discharge)

– သွေးလှည့်တာနဲ့ ဟော်မုန်းများလာလို့ဖြစ်တယ်။

– အဖြူရောင် ကြည်လင်နေတယ်။ မယားဘူး၊ အနေရမခက်ဘူး။

– ချည်ထည်အတွင်းခံသာသုံးပါ။ အတွင်းခံ တင်းကြပ်မနေစေနဲ့။

– Douche ဗဂျိုင်းနားဆေးကြောနည်း မလုပ်ပါနဲ့။ ဆပ်ပြာနဲ့ရေသာသုံးပါ။ သန့်ရှင်းရေးလုပ်တိုင်း လက်ကို ရှေ့ကနေ နောက်ဖက်ကိုသာ ဦးတည်လုပ်ပါ။

– ဆင်းနေတာက ပူလောင်၊ ယားယံ၊ အနံ့ရှိလာရင် ဆရာဝန်ပြပါ။

၁၈။ ခါးနာခြင်း (Pregnancy Backaches)

– ဖိနပ်မမြင့်ပါစေနဲ့။ အလေးအပင် မမပါနဲ့။

– အောက်ကျတာတစ်ခုခုကောက်ချင်ရင် ဒူးကိုအရင်ကွေးပါ။ ခါးကို နောက်မှကွေးပါ။

– မတ်တပ်အကြာကြီးမရပ်ပါနဲ့။ ထိုင်ရင် နောက်ကျောမှီစရာပါတာနဲ့သာထိုင်ပါ။ ထိုင်နေရင်းလည်း ခြေထောက်ကို တစ်ခုခုပေါ်မှာ တင်ထားပါ။

– အိပ်ရာအောက်ခံမာနေပါစေ။ ကြိုးကုတင်၊ စပရင် ကုတင်မသုံးပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ပါနဲ့။

– ခါးနာတဲ့နေရာကို အပူကပ်ပေးပါ။ အပူဆေး ကပ်ခွာသုံးနိုင်တယ်။ နှိပ်နယ်ပေးပါ။

– မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးတာ ကိုယ့်အရပ်နဲ့ အနေတော်ရေစင်၊ ကြွေခွက်ဖြစ်ပါစေ၊

– စတီးရွိုက်မပါတဲ့ အနာသက်သာဆေးသောက်ပါ။

၁၉။ ဗိုက်အောင့်ခြင်း (Abdominal Pain or Discomfort)

– ကိုယ်ခန္ဓာ အနေအထားပြင်ပေးပါ။

– သက်သောင့်သက်သာရှိပါစေ။ ရေနွေးအိတ်ကပ်ပါ။

– ပါရာစီတမော လိုအပ်ရင်သောက်ပါ။

– မသက်သာရင် ဆရာဝန်ပြပါ။

၂၀။ ကလေးလှုပ်ခြင်း (Brzxton-Hicks Contractions)

– ကိုယ်ဝန် ၅ လကျော်ရင် ကလေးလှုပ်တာ သိသာလာမယ်။

– သက်သောင့်သက်သာ နေထိုင်ပါ။ လူအနေအထား ပြုပြင်ပေးပါ။ မွေးချင်သလား အထင်မှားတတ်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top