Healthy Life Ad
Q & A

ဒူးနာတဲ့သူ လှေကားအဆင်းအတက်လုပ်ရတဲ့အခါ

မေး ။ ကျွန်တော်က ခြောက်လွှာက တိုက်ခန်းမှာ နေရသူပါ။ ဒူးနာတဲ့ ဝေဒနာလည်းရှိတဲ့အတွက် လှေကား အဆင်းအတက်လုပ်ရတဲ့အခါမှာ ဘယ်လို အကြံဉာဏ်ပေးနိုင်ပါသလဲ ခင်ဗျာ။
ဦးကံကောင်း၊ အလုံ။

ပါမောက္ခဦးနေဝင်း (အရိုးအထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ လှေကား အဆင်းအတက်ကို အနည်းဆုံး ဖြစ်အောင်ရှောင်ပါ။ လှေကားတက်ရင်လည်း လှေကား လက်ကိုင်ကို သေချာကိုင်ပြီး ကောင်းတဲ့ ဒူးနဲ့အရင်တက်ပြီးမှ မကောင်းတဲ့ဒူးနဲ့တက်ပါ။ အဆင်းမှာတော့ မကောင်းတဲ့ခြေထောက်နဲ့ အရင်ဆင်းပြီးမှ ကောင်းတဲ့ခြေထောက်ကို လိုက်ဆင်းပါ။

နောက်တစ်ခုကတော့ ဖိနပ်စီးတာနဲ့ပတ်သက်ပြီး ပြောပြချင်ပါတယ်။ လမ်းလျှောက်တဲ့အခါမှာ အရှိန်နဲ့ ဖိအားရှိပါတယ်။ အဲဒီဖိအားတွေ လျော့ကျသွားအောင် ဖိနပ်ထူထူပျော့ပျော့လေးတွေ ဥပမာ Walking Shoe တွေ စီးစေချင်ပါတယ်။ ခွာသေးတဲ့ ဖိနပ်တွေကိုတော့ မစီးစေချင်ပါဘူး။ ခွာထူတဲ့ဖိနပ်တွေက ဒူးနာတာကို နည်းနည်းသက်သာစေပါတယ်။

လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ အလွန်အမင်းလည်းအနားမယူပါနဲ့၊ အပြင်းအထန်လည်း လေ့ကျင့်ခန်းကို ပိုမလုပ်ပါနဲ့။ ဒူးနာတဲ့အခါ လေ့ကျင့်ခန်းကို ပိုလုပ်လိုက်ရင် သက်သာမယ်ဆိုတဲ့ အတွေးကို လည်း ဖျောက်ပစ်စေချင်ပါတယ်။

နောက်ပြီးတော့ ဒူးနာတာကို ဆေးလိမ်းတဲ့အခါ အလွန်အမင်း ပူလွန်းတာကိုလည်း ဂရုစိုက်ပါ။ ပူလွန်းတာကိုလည်း မလိမ်းပါနဲ့။
နောက်ဆုံးအနေနဲ့ ဒူးနာဝေဒနာ ရှိသူတွေကို ပြောချင်တာကတော့ ဒူးနာနေရင် စိတ်ဓာတ်မကျပါနဲ့။ စိတ်ဓာတ်ကျပြီး Depression ဝင်သွားရင် ဒူးက ပိုနာတတ်ပါတယ်။ ဒူးနာတယ်ဆိုတာ တခြားရောဂါတွေနဲ့ ယှဉ်ရင် သိပ်မဆိုးပါဘူး။ ဒီထက်ဆိုးတဲ့ ရောဂါတွေအများကြီးရှိပါတယ်။

ဒူးနာတာလောက်လေးနဲ့ စိတ်ဓာတ်မကျ လိုက်ပါနဲ့။ ကိုယ့်ရဲ့လုပ်နိုင်ကိုုင်နိုင်တဲ့ အတိုင်းအတာကို ကြည့်ပြီး လုပ်နိုင်ကိုင်နိုင်တဲ့အလုပ်ကိုဆက်လုပ်ပါ။ လူကောင်းအတိုင်း နေပါဆိုတာလေးကိုပြောပြလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top