Healthy Life Ad
Child

အစားအသောက်မသန့်ခြင်းကြောင့်ဖြစ်သည့် ဝမ်းကိုက်ခြင်း (Dysentery)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး။ ။ ဝမ်းကိုက်တဲ့အခါ ဘယ်လိုလက္ခဏာပြတတ်ပါသလဲ ဆရာ။
ဖြေ။ ။ ဝမ်းကိုက်တယ်ဆိုတာ အူရောင်ရမ်းတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ဝမ်းကိုက်တဲ့အခါ သွားတဲ့ ဝမ်း ထဲချွဲနဲ့ သွေးတွေပါတတ်ပါတယ်။ လိပ်ခေါင်းနဲ့ မတူတာက လိပ်ခေါင်းဖြစ်ရင် သွေးတွေကျတာပါ။ ဝမ်း ကိုက်လို့သွားတဲ့ ဝမ်းက သွေးနဲ့ချွဲပါ တွဲပါတတ်ပါတယ်။ ဝမ်းလျှောတာနဲ့မတူတဲ့အချက်က ဝမ်းကိုက်လို့သွားတဲ့ ဝမ်းက နည်းနည်းပဲပါပါတယ်။ ဝမ်းကိုက်လို့ ဝမ်းသွားချင်ရင် ဗိုက်ရစ်နာတတ်ပါတယ်။ သိပ်ဆိုးလာရင် ဖျားတတ်ပါတယ်။

မေး။ ။ ဘာကြောင့် ဝမ်းကိုက်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အဓိကကတော့ မသန့်ရှင်းတဲ့ အစားအသောက် တွေစားသောက်မိတာကြောင့် ဝမ်းကိုက်တတ်ပါတယ်။

မေး။ ။ ဝမ်းကိုက်တဲ့ အမျိုးအစားတွေကို သိပါရစေဆရာ။
ဖြေ။ ။ ဝမ်းကိုက်တာက အမျိုးအစားနှစ်မျိုးရှိပါတယ်။
(၁) ရှီဂဲလားဆိုတဲ့ ဘက်တီးရီးယားကြောင့် ဝမ်းကိုက်တာ (Bacillary Dysentry) နဲ့
(၂) အမီးဗားပိုး(Entamoeba histolytica)ကြောင့် ဝမ်းကိုက်တာ (Amoebic Dysentry) ဆိုပြီးနှစ်မျိုး ရှိပါတယ်။

အစားအသောက်ရောင်းတဲ့သူတွေမှာ ဝမ်းကိုက် ရောဂါရှိနေရင် သူတို့ပြင်ဆင်တဲ့ အစားအသောက် တွေမှာပါတတ်ပါတယ်။ လက်မသန့်တာကြောင့် အဓိကဖြစ်တတ်လို့ လက်အိတ်ဝတ်ပြီး အစား အသောက်တွေကို ပြင်ဆင်ရောင်းချသင့်ပါတယ်။ ဝမ်းကိုက်ပိုးဟာ အစားအသောက် မသန့်ရှင်းတာကြောင့် အဓိက ရရှိတတ်ပါတယ်။

မေး။ ။ ဒီအမျိုးအစား နှစ်မျိုးက ဘာကွာခြားမှုရှိပါသလဲ ဆရာ။
ဖြေ။ ။ ဘက်တီးရီးယားကြောင့် ဝမ်းကိုက်ရင် ပိုပြင်းထန်ပါတယ်။ ဝမ်းသွားတဲ့ အကြိမ်ရေက များတတ် ပါတယ်။ အကြမ်းအားဖြင့် ဝမ်းသွားတဲ့ အကြိမ်ရေက ၁၀ ခါ-၁၂ခါလောက်ဖြစ်တတ်ပြီး တစ်ကြိမ်သွားရင် ဝမ်းကနည်းပါတယ်။ ဖျားလည်း ဖျားတတ်ပါတယ်။ လူကို ကြည့်လိုက်ရင် ဖျော့တော့နေတတ်ပါတယ်။

သွေးဖြူဥကို ဖောက်စစ်လိုက်လို့ သွေးဖြူဥက များနေရင် ဘက်တီးရီးယားကြောင့် ဝမ်းကိုက်တာဖြစ်ဖို့ များပါတယ်။ ဝမ်းစစ်ကြည့်လိုက်လို့ ပရိုတိုဇွကို မတွေ့ရဘဲ Pus Cell နဲ့ Mucus ကိုပဲ တွေ့ရတတ်ပါတယ်။ ဒါဆိုရင် ပဋိဇီဝပိုးသတ်ဆေးတွေ ပေးရပါတယ်။ လိုအပ်ရင် Drip ချိတ်ပေးရပါတယ်။

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝမ်းကိုက်တာက ပြင်းထန်ပါတယ်။ ဒါပေမဲ့ ပိုးသတ်ဆေးကောင်း ကောင်းပေးလိုက်ရင် ပြန်ကောင်းသွားပါတယ်။ နောက်ဆက်တွဲဆိုးကျိုးက သိပ်မရှိပါဘူး။ ဘက်တီးရီးယား ကြောင့်ဖြစ်ရင် ပိုးကူးစက်ခံရပြီး တစ်ရက်ကနေ သုံးရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။

အမီးဗားပိုးကြောင့် ဝမ်းကိုက်ရင်တော့လာရင် ဝမ်းထဲ သွေးနဲ့ အချွဲတွေပါတတ်ပါတယ်။ ဝမ်းသွားတဲ့ အကြိမ်က သိပ်မများဘူး၊ ဖျားလည်း သိပ်မဖျားတတ်ပါဘူး။ သွေးဖြူဥကိုဖောက်စစ်လိုက်ရင်ပုံမှန်ပဲ ရှိနေတတ်ပြီး ဝမ်းစစ်လိုက်ရင် အမီးဗားပိုးတွေကို တွေ့ရတတ်ပါတယ်။
အဓိကကတော့ Metronidazole နဲ့ Doxycycline ပေးရပါတယ်။ အဲဒီဆေးတွေကို သတ်မှတ်ထားတဲ့ ကာလအထိ ပြည့်အောင် ပေးရပါတယ်။ ဒါကို မကုရင် အသည်းမှာ ပြည်တည်တာ (Amoebic Liver Abscess) ဖြစ်တတ်ပါတယ်။ မကုဘဲထားရင် တစ်ကိုယ်လုံးကို ပိုးပျံ့နှံ့သွားနိုင်ပါတယ်။ ဒါကြောင့် မဖြစ်မနေကုဖို့ အရေးကြီးပါတယ်။

တစ်ခါတလေ အမီးဗားပိုးက Cyst အနေနဲ့ ရှိတတ်ပြီး လူ့မစင်ထဲမှာပါပြီး ခန္ဓာကိုယ်အပြင်ကို ထွက်သွားပါတယ်။ ဒါကို သေအောင် သတ်ရပါတယ်။ မသတ်ရင် ပြန်ပြန်ဖြစ်တတ်လို့ပါ။ အပြင်ထွက်သွားတဲ့အခါ အိမ်သာတက်ပြီး လက်ကိုသေချာဆေးကြောမှု မရှိဘဲ အစားအသောက်တွေ ပြင်ဆင်ရင် အဲဒီအစာကို စားမိတဲ့သူထံ ကူးစက်သွားတတ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမှသာ ဝမ်းကိုက်ပိုးကူးစက်ခံရနိုင်ခြေ လျော့ကျသွားမှာပါ။

မေး။ ။ ဝမ်းကိုက်နေတဲ့ လူနာတွေအနေနဲ့စစချင်း ကိုယ့်ဘာသာ ဘယ်လိုစောင့်ရှောက်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အဓိကကတော့ ဓာတ်ဆားရည်သောက်ပေးဖို့နဲ့ အရည်များများသောက်ပေးဖို့ လိုပါတယ်။ ဝမ်းကိုက် နေချိန်မှာ အန်တာနဲ့ ဝမ်းလျှောတာတို့ကြောင့် ရေဓာတ်ခမ်းခြောက်မှု အဖြစ်များလို့ပါ။

မေး။ ။ ဝမ်းကိုက်ခြင်း မဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ။ ။ အစားအသောက် ရောင်းတဲ့ သူတွေမှာ ဝမ်းကိုက်ရောဂါရှိနေရင် သူတို့ပြင်ဆင်တဲ့ အစားအသောက် တွေမှာပါတတ်ပါတယ်။ လက်မသန့်တာကြောင့် အဓိကဖြစ်တတ်လို့ လက်အိတ်ဝတ်ပြီး အစားအသောက် တွေကို ပြင်ဆင်ရောင်းချသင့်ပါတယ်။ ဝမ်းကိုက်ပိုးဟာအစားအသောက် မသန့်ရှင်းတာကြောင့် အဓိက ရရှိတတ်ပါတယ်။ အိမ်မှာ အစားအသောက်ပြင်ဆင်မယ်ဆိုရင်လည်း လက်ကိုအရင်ဆုံး သန့်စင်အောင် ဆေးကြောဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top