Healthy Life Ad
Life Style

အဆုတ်ကင်ဆာ အဆင့်(၃)ကို ကုသအောင်မြင်ထားသူ ပြင်သစ်ဧည့်လမ်းညွှန် ဒေါ်သီတာထွန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ပြင်သစ်ဧည့်လမ်းညွှန်အဖြစ် ၂၁နှစ်တာ အတွင်း ခရီးများသွားရင်း တက်ကြွပျော်ရွှင်စွာအလုပ်လုပ်ကိုင်နေသူ ဒေါ်သီတာထွန်းသည် အသက် ၅၀ အရွယ် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခရီးသွားစဉ် မောပန်းသည့်ဝေဒနာကို စတင်ခံစားခဲ့ရသည်။

“ပြင်သစ်ဘာသာ ဧည့်လမ်းညွှန်အဖြစ် တက်တက်ကြွကြွအလုပ်လုပ်နေရင်း အရင်နှစ် ဖေဖော် ဝါရီလလောက်မှာ ခရီးသွားရင်း မောတတ်လာတယ်။ ဘာကြောင့် အဲဒီလောက်မောတာလဲဆိုပြီး ကိုယ် ကိုယ့်ကိုယ်ဆန်းစစ်ကြည့်တယ်။

ညဘက်ကောင်းကောင်း အိပ်မပျော်ခဲ့တာလည်း သုံးနှစ်လောက်ရှိပြီ။ ခေါင်းတခြမ်းလည်း မကြာခဏကိုက်တာနဲ့ ဦးနှောက်နဲ့ အာရုံကြော ဆရာဝန်သွားပြီးပြတော့ ဒေါက်တာက တစ်ကိုယ်လုံး ကျန်းမာရေးစစ်ဆေးမှု(Body Check-up) လုပ်ခိုင်းတယ်။ အဖြေအရ ခေါင်းမှာက ထိပ်ကပ်နာရှိတယ်။ ပြီးတော့ ကွန်ပျူတာစကင် (CT Scan) အဖြေအရ အဆုတ်က အကျိတ်က အတော်ကြီးနေတယ်။ ကင်ဆာကျိတ်ဖြစ်နိုင်တယ်လို့ ထွက်လာတယ်”

ထိုအချိန်တွင် ဒေါ်သီတာထွန်းသည် တုန်လှုပ်ခြင်း မရှိဘဲ အဆုတ်ကင်ဆာအကျိတ်ကို ချက်ချင်းခွဲမလား၊ ထပ်စစ်မလား စဉ်းစားပြီး ကင်ဆာဖြစ်ကြောင်း သေချာသိရှိရန် စစ်ဆေးဦးမည်ဆိုပြီး ဘန်ကောက်သို့ သွားရောက်ခဲ့သည်။

Bumrungrad ဆေးရုံမှာ ၁၀ရက်လောက် ဆေးစစ်၊ Biopsy လုပ်ပြီး အဖြေထွက်လာတာ ကင်ဆာအဆင့် (၃)A လို့ သိရတယ်။ ထိုင်းကို သွားတာ ဆေးစစ်ရုံဆိုတော့ ပြန်လာပြီး ရောက်တာနဲ့ ခွဲစိတ်ဆရာဝန်ကြီး ဦးမောင်မောင်ခင်က ကင်ဆာဆရာဝန်နဲ့ အရင်တိုင်ပင်ပါဆိုလို့ ဆရာကြီး ပါမောက္ခဦးစိုးအောင်နဲ့ ဆွေးနွေးတော့ Pet CT Result အရ သွေးပြန်ကြောမနဲ့ နီးနေလို့ ချက်ချင်းခွဲမရဘူး။ ကင်ဆာဆေး ၆ခါ အရင်သွင်းကြည့်မယ် လို့ပြောတယ်၊ ဒါနဲ့ ၂၀၁၆ မေလဆန်းမှာ ကင်ဆာ ဆေးစသွင်းပြီး အကျိတ်အရွယ်အစား နည်းနည်း ကျုံ့သွားမှ စက်တင်ဘာလကုန်မှာ အဆုတ်ခွဲစိတ်ရပါတယ်”ဟု ဒေါ်သီတာထွန်းက ဆိုသည်။

ခွဲပြီး အကျိတ်အသားစအဖြေအရ ပါမောက္ခ ဦးစိုးအောင်က
Crizotinib သောက်ဆေး တစ်နှစ် ဆက်သောက်ခိုင်းထားရာ ယခု ဆေးသောက်သည်မှာ ၆လရှိနေပြီဖြစ်ကြောင်း၊ ဆေးသောက်ရင်း၊ နောက်ဆက်တွဲ စစ်ဆေးမှုများ ခံယူရင်းဖြင့်ပင် ခွဲစိတ်ပြီး လေးလမြောက်အကြာ ၂၀၁၇ခုနစ်၊ ဇန်နဝါရီလတွင် အလုပ်များ ပြန်လုပ်နေကြောင်း၊ ကုသပေးသူ ဆရာဝန်ကြီးများနှင့် ဆေးရုံဝန်ထမ်းများက ဒေါ်သီတာထွန်း၏ ခံနိုင်ရည်ကို ချီးကျူးအံ့အားသင့်ကြကြောင်း သိရသည်။
“ဆေးစကုကတည်းက Crizotinib ဆေးမသောက်ခင်အချိန်အထိ နေ့စဉ် ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးတွေသောက်သလို နေ့လယ်ပိုင်းမှာ သင်္ဘောရွက် ၈ရွက် မှ ၁၀ ရွက်ခန့် ကြိတ်သောက်ခဲ့ပါတယ်။ အခုတော့ ဒီသောက်ဆေးရဲ့ အစွမ်းကို ထိခိုက်မှာစိုးလို့ သင်္ဘောရွက်ကို ဖြတ်ထားလိုက်ပြီး မုန်လာဥနီနှစ်ဆယ့်ငါးကျပ်သားလောက်ကို ပန်းသီး၊ တရုတ်နံနံတို့နဲ့ ရောပြီး ကြိတ်သောက်နေပါတယ်။

ကင်ဆာဆေးသွင်းချိန်မှာတော့ အဆီအနှစ်တွေ၊ အချိုစာတွေကို လုံးဝ စားချင်စိတ် မရှိတော့ဘူး။ အဲဒါနဲ့ ဥရောပအစားအစာလို ပန်းဂေါ်ဖီစိမ်းပြုတ်၊ ဟင်းသီးဟင်းရွက်သုပ်လေးတွေကိုပဲ အများအားဖြင့် စားဖြစ်ခဲ့ပါတယ်”ဟု ဒေါ်သီတာထွန်းက ဆေးကုသစဉ် နေထိုင်စားသောက်ဖြစ်ပုံကို ပြန်လည် ပြောပြခဲ့သည်။

လူအများစုသည် ကင်ဆာဆိုသော စကားကို ကြားသည်နှင့် အနည်းနှင့် အများဆိုသလို စိတ်ထိ ခိုက်ဝမ်းနည်းစမြဲပင်။ သို့ရာတွင် ဒေါ်သီတာထွန်းကမူ ရောဂါသိရစဉ်ကစ၍ ကုသပြီးသည့် ယနေ့အချိန် အထိ စိတ်အေးသက်သာရှိနေခဲ့သည်မှာ အံ့သြဖွယ်ရာ ကောင်းလှသည်။
‘ကင်ဆာရောဂါကို စသိချိန်က ခရီးသွားအလုပ် လုပ်နေရင်းအချိန်ဖြစ်တယ်။ မိမိရဲ့ ခရီးသွားအုပ်စုမှ ပြင်သစ်ဆရာဝန်တွေကလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်လို့ အတည်ပြုကြတယ်။ သူတို့အတွက် ခရီးကို ပြီးဆုံးအောင် ပျော်ပျော်ပဲ ဆက်သွားနိုင်၊ အေးအေးဆေးဆေး နှစ်လလောက် အလုပ်ဆက်လုပ်နေတော့ သူတို့ အံ့သြကြတယ်။

ရောဂါစရစဉ်ရော၊ ကုသစဉ်ရော ယနေ့အထိ တစ်ခါမှ ငါ့ကျမှဖြစ်ရလေခြင်း စိတ်မဖြစ်ခဲ့ဘူး၊ ကံ တရားပါလာတယ်။ ဘဝနေထိုင်မှုနဲ့လည်း ဆိုင်မယ်၊ ခန္ဓာမှာ ရောဂါဖြစ်ရင် ဆေးကုပေးရမှာပဲလေ။ ဒါ သဘာဝပဲ၊ စိတ်ကတော့ အရမ်းကြီး မခံစားခဲ့ရဘူး၊ ခန္ဓာဒုက္ခလို့ပဲ မြင်လိုက်တွေးလိုက်တယ်။ ငယ်စဉ် ကတည်းက တရားအားထုတ်ရတာ စိတ်ပါခဲ့တယ်။ အားထုတ်ခဲ့တဲ့ ဝိပဿနာတရားရဲ့ အထောက်အပံ့ကြောင့် ရောဂါဖြစ်ကြောင်း သိစဉ်မှစ၊ ကုသစဉ်နှင့် အခုအချိန်အထိ တစ်နှစ်လုံး စိတ်ကို အမြဲသတိနဲ့ ရှုမှတ်နေခဲ့တယ်။ ရောဂါကုသမှုကို ကိုယ်လုပ်စရာ ရှိတဲ့အလုပ်တစ်ခုလုပ်တဲ့သဘောနဲ့ ဆေးကုခံတယ်။ ကင်ဆာဆေးတစ်ခါသွင်းတုန်းက သတိလစ်တဲ့အထိ ဖြစ်တယ်။ ဖြစ်လာတဲ့ ခန္ဓာ့ဒုက္ခဝေဒနာကို စိတ်ကို မကူးစေဘူး၊ ရုပ်ရဲ့ဒုက္ခကို အမှတ်သတိလေးနဲ့ တရားသဘောအတိုင်းပဲလို့ ရှုမှတ်ရင်း တစ်နှစ်လုံး ကုသမှုကို စိတ်ဆင်းရဲခြင်းကင်းစွာ ကျော်လွှားခဲ့တယ်။ ဒီလိုစိတ်အားတွေရှိအောင် ကျင့်ကြံနိုင်အောင် လမ်း ညွှန်သင်ပြပေးခဲ့တဲ့ ဆရာတော်များကို ကျေးဇူးအထူးတင်ပါတယ်၊ ဆေးကုစဉ်တောက်လျှောက်လည်း မိမိရဲ့စိတ်နဲ့ရုပ်အခြေအနေကို ဆရာတော်ဆီတရား လှမ်းလှမ်းလျှောက်ပြီး မိမိရဲ့အကျင့်မှန်၊ မမှန်မေး မြန်းနေခဲ့တယ်”ဟု ဒေါ်သီတာထွန်းက ဝိပဿနာတရားအားထုတ်ရင်း ကင်ဆာဆိုသော ရောဂါဆိုးကို အေးဆေးသက်သာကျော်လွှားနိုင်ခဲ့ပုံကို ပြောပြခဲ့သည်။

ကင်ဆာရောဂါ ကျော်လွှားရာတွင် အိမ်ထောင်ဖက်၊ မိသားစုဆွေမျိုးမောင်နှမများ၊ မိတ်ဆွေသူငယ်ချင်းများ၏ အားပေးစကားနှင့် ပြုစုစောင့်ရှောက်မှုတို့က များစွာ အရေးပါလှပေသည်။ ထိုကူညီထောက်ပံ့ အားပေးမှုများ ရရှိခဲ့သည့် ဒေါ်သီတာထွန်းက-
‘မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ အကူအညီဟာလည်း တကယ့်ကို အထောက်အပံ့ကြီးတစ်ခုပါပဲ၊ မိဘတွေက အသက်ကြီးတော့ စိတ်ပူကြပြီး ဝမ်းနည်းကြ၊ ငိုကြတော့ ကိုယ်ကပြန်အားပေးရတယ်။ သဘာဝတရားကိုငြင်းလို့မရဘူးဆိုပြီး သူတို့ကို အားပေးရတယ်။ အမျိုးသားကတော့ အချိန်ပြည့်သူနာပြုပေါ့၊ အချိန်တိုင်း သူ့ကိုနာ့စ်လို အားကိုးလိုက်တယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေက တစ်ပတ်တစ်ခါ လောက်ကိုလာပြီး လူနာစိတ်ပျော်အောင် လုပ်ပေးတယ်။ တကယ်ဝေဒနာဖြစ်လာရင် အခင်ဆုံးမိတ် ဆွေတွေရဲ့အားပေးမူနဲ့ မိသားစုရဲ့ အကူအညီကလည်း ခွန်အားတစ်ခုပါပဲ။ ဒီအားပေးမှုတွေ အပြည့်အဝရခဲ့တာကလည်း ကျွန်မကံကောင်းတယ်လို့ တွေးမိပါတယ်’ဟု ပြောပြခဲ့သည်။

ဒေါ်သီတာထွန်း၏ အဘွားဖြစ်သူသည် သားအိမ်နှင့် အူလမ်းကြောင်း ကင်ဆာဖြစ်ခဲ့ဖူးသော်လည်း အဆုတ်ကင်ဆာဖြစ်ဖူးသည့် မျိုးရိုးမရှိကြောင်း၊ အနေအထိုင်၊ အစားအသောက် ဆင်ခြင်သည့်အတွက် ကင်ဆာဖြစ်လာခြင်းကို လူတိုင်းအံ့အားသင့်ကြကြောင်း ဒေါ်သီတာထွန်းက ယခုလို ပြောပြခဲ့သည်။

“ရောဂါဖြစ်လာတော့ လူတိုင်းက အံ့သြတယ်။ ဘာကြောင့်လဲဆို ကျွန်မဟာ အဘွားဖြစ်သူက သားအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာဖြစ်ဖူးခဲ့တော့ ကင်ဆာကိုကြောက်ခဲ့တယ်။ မိမိကိုယ်တိုင်လည်း ငယ်ငယ်က ရင်သားအကျိတ်ခွဲဖူးတော့ ရင်သားကင်ဆာဖြစ်မှာကြောက်ခဲ့လို့ အစားအသောက်၊ အနေအထိုင် အရမ်းဆင်ခြင်ခဲ့တယ်။

အိမ်ထောင်ကျတဲ့အချိန် လွန်ခဲ့တဲ့ အနှစ် ၂၀ ကစပြီး အချိုမှုန့်၊ ကြက်သားမှုန့် မစားခဲ့ဘူး၊ ခြေလေးချောင်းသား မစားတာ အသက် ၁၀နှစ်ကျော် ကတည်းကပါ။ အိမ်မှာချက်စားတဲ့အစားအစာ ပိုမက်တယ်၊ မုန့်ဟင်းခါးချက်စားရင် ကိုယ်စားမယ့် မုန့်ဖတ်ကိုထပ်ပြုတ်စားတယ်။ ငရုတ်သီးအစိမ်း မှုန့်ကအစ အမေကြိတ်ပေးတာပဲ စားတယ်၊ ဒါပေမဲ့ ကိုယ့်အလုပ်က ခရီးသွားလုပ်ငန်းဆိုတော့ နိုင်ငံခြားသားတွေနဲ့ ခရီးသွားရင် သူတို့ကို ကျွေးတဲ့ စားသောက်ဆိုင်ကြီးတွေမှာတော့ စားရတယ်။

ကိုယ့်အလုပ်ကခရီးသွားလုပ်ငန်းဆိုတော့ နိုင်ငံခြားသားတွေနဲ့ ခရီးသွားရင် သူတို့ကိုကျွေးတဲ့ စားသောက် ဆိုင်ကြီးတွေမှာတော့ စားရတယ်။ ဘယ်လိုနာမည်ကြီး ဆိုင်ကြီးဖြစ်ပါစေ၊ ဟင်းသီးဟင်းရွက်ဆေးတာကအစ သန့်ရှင်းမှုက အိမ်မှာလို မဟုတ်ဘူးလေ၊ ကိုယ်ကလည်း တစ်နှစ်မှာ ရက်ပေါင်းနှစ်ရာလောက် ခရီးသွားနေရတာဆိုတော့ အပြင်စာကို မရှောင်နိုင်ခဲ့ဘူး။ လုပ်ငန်းသဘောအရ Strees တွေလည်း ရှိခဲ့မှာပေါ့။ အားလုံး ပေါင်းပြီး ရောဂါဖြစ်ချိန်တန်တော့ ဖြစ်လာတာပါပဲ . . .

ဘယ်လိုနာမည်ကြီး ဆိုင်ကြီးဖြစ်ပါစေ၊ ဟင်းသီး ဟင်းရွက်ဆေးတာကအစ သန့်ရှင်းမှုက အိမ်မှာ လိုမဟုတ်ဘူးလေ၊ ကိုယ်ကလည်း တစ်နှစ်မှာ ရက်ပေါင်းနှစ်ရာလောက် ခရီးသွားနေရတာဆိုတော့ အပြင်စာကို မရှောင်နိုင်ခဲ့ဘူး။ လုပ်ငန်းသဘောအရ Strees တွေလည်း ရှိခဲ့မှာပေါ့။ အားလုံးပေါင်းပြီး ရောဂါ ဖြစ်ချိန်တန်တော့ ဖြစ်လာတာပါပဲ”

“အခုလက်ရှိ သောက်ဆေးသောက်နေရင်း၊ ဆေးစစ်နေရင်းနဲ့ပဲ မိမိစိတ်ကို ရှင်းအောင် ကြိုးစားနေပါတယ်။ ကျွန်မရဲ့ ဘဝနေထိုင်နည်းက အမြဲအလုပ်လုပ်နေတတ်တဲ့ ဘဝမို့ အလုပ်တွေ ဆက်လုပ်နေပါတယ်။ တရားစခန်းလည်း ဝင်တယ်။ ဒါပေမဲ့ လောကီရေးမှာလည်း အောင်မြင်အောင် ဆက်အလုပ်လုပ်နေတယ်။ လူ့ဘဝမှာ စိတ်ချမ်းသာစွာ နေထိုင်ရင်း မိသားစုတာဝန်ကျေအောင် ကြိုးစားသလို လောကုတ္တရာရေးလည်း အချိန်အတော်များများမှာကျင့်ကြံဖြစ်ပါတယ်။ ရောဂါကတော့ သူ့သဘောပေါ့။ တချို့တွေလည်း ကင်ဆာ တစ်နေရာကုပြီး ခန္ဓာရဲ့ နောက်တစ်နေရာမှာ ထပ်ဖြစ်တတ်တော့ ကိုယ့်ကုသိုလ်ကံနဲ့ ကိုယ့်ရုပ်သဘာဝပေါ် မူတည်ပြီး ဖြစ်လာ ရင်လည်း ဆက်ကုရမှာပေါ့လေ”

အဆုတ်ကင်ဆာအဆင့် (၃)ကို ကျော်လွှား အောင်မြင်ခဲ့သည့် အသက် ၅၁ နှစ်အရွယ် ဒေါ်သီတာထွန်းသည် ယခုအခါ သူဝါသနာပါသည့်ပြင်သစ် ဧည့်လမ်းညွှန်အလုပ်ကိုလည်း ဆက်လက်လုပ်ကိုင် ရင်း ပျော်ရွှင်အေးချမ်းစွာနေထိုင်လျက်ရှိသည်။
“ကင်ဆာရောဂါကုသမှုခံယူနေသူများကိုပြောချင်တာက ဒီရောဂါဆိုတာ သိတာနဲ့ စိတ်ဓာတ်မကျပါနဲ့၊ မကြောက်ပါနဲ့၊ ကင်ဆာကုသပျောက်ကင်းဖို့မှာ ကုသမှုတွေနဲ့အတူ စိတ်အားက ၅၀ ရာခိုင်နှုန်း လောက် အထောက်အကူ ဖြစ်ပါတယ်။ စိတ်စွမ်းအား ရှိရင် ကင်ဆာဆေးပြင်းတွေရဲ့ ဒဏ်ကို ခံနိုင်မှာပါလို့ ပြောချင်ပါတယ်”ဟု သူ့အတွေ့အကြုံကို အခြေခံ၍ အခြားကင်ဆာဝေဒနာရှင်များအားလုံးသို့ အားပေး စကားပြောကြားလိုက်ပါသည်။

(မှတ်ချက်။ ။ဓာတ်ပုံများကို ဒေါ်သီတာထွန်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top