Healthy Life Ad
Life Style

သင်္ဘောလိုက်စဉ် ဖြစ်ပေါ်ခဲ့တဲ့ ကင်ဆာကို ကုသအောင်မြင်ခဲ့သူ ကိုစိုးမိုးကျော်ရဲ့ အတွေ့အကြုံ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက် ၄၅ နှစ်အရွယ် Electrical-Engineer ကိုစိုးမိုးကျော်သည် သင်္ဘောလိုက်နေစဉ် ၂၀၁၃ တွင် အစာအိမ်နာသည့် ဝေဒနာကို စတင်ခံစားခဲ့ရသည်။
“ပထမစဖြစ်တုန်းက အစာအိမ်လို့ ထင်တယ်၊ ကင်ဆာမှန်းမသိခင် နှစ်လလောက်အလိုမှာ အစာအိမ်အနာ လိုလို ဗိုက်အောင့်လာတယ်၊ အစာလေး နည်းနည်းစားလိုက်ရင်ပြန်ပျောက်သွားတယ်။ မနက်စာစားပြီး အစာနဲ့ နည်းနည်းဝေးရင် ဗိုက်က နာနာလာတတ်တယ်။ အဲဒါနဲ့ မြန်မာဆေးလေး ဘာလေး စားသေးတယ်။ တစ်လ လောက်ကြာတဲ့အထိ မပျောက်ဘူး”ကျန်းမာရေးလိုက်စားသော ကိုစိုးမိုးကျော်သည် တစ်လကြာသည်အထိ အရှင်းမပျောက်သော ဗိုက်နာဝေဒနာ အတွက် သင်္ဘောစင်္ကာပူသို့ ဆိုက်ရောက်ချိန်တွင် ကုမ္ပဏီဆေးခန်းသို့ သွားပြခဲ့သည်။

“ဆေးခန်းမှာပြတော့လည်း အစာအိမ်အနာအတွက် ဆေးတွေပေးတယ်။ သက်သာလာတယ်။ ဒါပေမဲ့

သင်္ဘော က စင်ကာပူမှာ ဝင်ချိန်-ထွက်ချိန် မမှန်တော့ စားချိန်သောက်ချိန်က မမှန်ဘူး။ ည ၂ နာရီ-၃ နာရီဆိုလည်း လက်ဖက်ရည်ပဲ ဖျော်သောက်ဖြစ်နေတယ်။ အစာဘာမှ မရှိဘဲ လနဲ့ချီပြီး ဒီလိုပဲ နေနေခဲ့တယ်။ ဖြစ်ချင်တော့ ငရုတ်သီးစပ်တဲ့အစာ တွေကို စားကောင်းကောင်းနဲ့ စားလိုက်တာ ဝမ်းသွားရင်းသွေးတွေ ပါလာတယ်။ အဲဒီအချိန်မှာ ခေါင်းအရမ်းမူးတာနဲ့ တိုင်းကြည့်လိုက်တော့ သွေးပေါင်က တော်တော်ကျနေတယ်။ ဝမ်းကလည်း မည်းနေတယ်


”ဟု ကိုစိုးမိုးကျော်က ဆိုသည်။

ကံကောင်းထောက်မစွာဖြင့် ကိုစိုးမိုးကျော်တို့ သင်္ဘောက စင်ကာပူတွင် နှစ်ရက် ရပ်နားခိုက် ကြုံခဲ့ရာ ဆေးခန်းသွားပြခဲ့သည်။
“ဆရာဝန်က ချက်ချင်းပဲ လူနာတင်ယာဉ် ခေါ်လိုက်တယ်။ “မင်း အခြေအနေ မကောင်းဘူး၊ တစ်ရက်-နှစ်ရက် လောက် နောက်ကျရင် သေတောင် သေနိုင်တယ်”ဆိုပြီး အရေးပေါ်ကို ပို့လိုက်တယ်။ အစ်ကိုက ဘာမှမသိ တော့ဘူး၊ သတိမေ့နေပြီ။ သွေးတွေ တောက်လျှောက်သွင်းပေးကြတယ်။ သွေးသွင်းပြီး စင်ကာပူအထွေထွေကု ဆေးရုံရောက်မှ အစာအိမ်မှန်ပြောင်းကြည့်စစ်တယ်။အသားစက ဖောင်းထွက်နေတာနဲ့ အသားစယူ စစ်ဆေးမှု (Biopsy)လုပ်တယ်။ စက်တင်ဘာ ၉ ရက်နေ့မှာ ကင်ဆာဆိုတဲ့ အဖြေထွက်လာတယ်”ဟု ကိုစိုးမိုးကျော်က ဆိုသည်။

ကိုစိုးမိုးကျော် ဖြစ်သည့် ကင်ဆာမှာ အစာအိမ် ကင်ဆာမဟုတ်ဘဲ Lymphoma ဟု ခေါ်သည့် ပြန်ရည်ကျိတ် ကင်ဆာအမျိုးအစားဖြစ်ပြီး အစောပိုင်းအဆင့်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြန်ရည်ကျိတ်ကင်ဆာ၏ သဘောက လည်ပင်း၊ ချိုင်း(ဂျိုင်း)၊ ပေါင်ခြံ အစရှိသည့် ပြန်ရည်ကျိတ်ရှိသည့် နေရာများတွင် လက္ခဏာများ ပြလေ့ရှိသော်လည်း ကိုစိုးမိုးကျော်တွင်မူ အစာအိမ်၌ လက္ခဏာပြခဲ့ခြင်း ဖြစ်သည်။

“ကံကောင်းတယ်ပဲ ပြောရမယ်။ တကယ်လို့ မသိဘဲ သင်္ဘောပြန်ထွက်သွားရင် စင်ကာပူကနေ အင်ဒိုနီးယား အထိ ကမ်းကပ်မယ့်အချိန်က လမ်းမှာ ငါးရက်လောက် ကြာဦးမှာ . .ပင်လယ်ထဲမှာဆိုရင် သေချင် သေသွားနိုင်တယ်”၂၀၁၃ စက်တင်ဘာ ၁၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ မောင့်အဲလိဇဘတ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူပြီး တစ်ပတ်ကြာနေခဲ့ရသည်။“ခွဲတုန်းကလည်း တစ်ယောက်တည်းဖြစ်တော့ မိသားစုနဲ့ကလည်း အရမ်းကို တွေ့ချင်နေပြီ။ ကင်ဆာ ဆေးသွင်းကုသဖို့ပြောပေမယ့် အဲဒါကို နောက်မှ စဉ်းစားမယ်ဆိုပြီး တစ်ပတ်အကြာမှာ မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်”

ထိုအချိန်တွင် ကိုစိုးမိုးကျော်၏ ဇနီးဖြစ်သူ မမင်းမင်းအေးနှင့် သမီးလေးမမင်းမဒီကျော်တို့သည် စိတ်ပူပန်စွာဖြင့် ကြိုဆိုနေခဲ့ကြသည်။
“အစ်မက အရမ်းစိတ်ပူသွားတာ၊ လူက ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။ လိုက်သွားမယ်ဆိုတော့လည်း အစ်ကိုကမလိုက်ခိုင်းဘူး၊ ဒါနဲ့ စင်ကာပူမှာရှိတဲ့ ဆွေမျိုးမောင်နှမတွေကို ဖုန်းဆက်ပြီး ဆေးရုံမှာ သွားကြည့်ခိုင်းရတယ်”ဟု မမင်းမင်းအေးက ဆိုသည်။

ကိုစိုးမိုးကျော်သည် ကင်ဆာဆေးသွင်းကုသမှု ခြောက်ကြိမ်အတွက် ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ သွားရောက် ဆွေးနွေးခဲ့သည်။
“အဲဒီမှာလည်း ဆေးရုံတစ်ခုက စင်ကာပူက ဆေးညွှန်းနဲ့ မကိုက်ညီဘဲ ကင်ဆာဆေးသွင်းကုသမှုကို ၁၂ ကြိမ်သွင်းရမယ်လို့ ပြောတယ်။ အဲဒါနဲ့ အစ်ကိုက ဆေးရုံ ငါးခုကို စုံစမ်းပြီးမှ သဘောအကျဆုံး ဆေးရုံမှာပဲ ကင်ဆာဆေးသွင်းကုသမှု ခံယူဖြစ်ခဲ့တယ်။ လူတွေကို ပညာပေးချင်တာက တကယ်လို့ သေချာချင်တယ်ဆိုရင် ဆေးရုံတစ်ခုတည်းနဲ့ကုသမှု မခံယူဘဲ နောက်တစ်ခုမှာ ဆွေးနွေးကြည့်စေချင်ပါတယ်။ နောက်ဆုံးတော့ ထိုင်းနိုင်ငံက ဆေးရုံတစ်ခုမှာပဲ ကင်ဆာဆေးသွင်းကုသဖို့ ရွေးလိုက်တယ်။ တစ်ပတ်သွင်းပြီး သုံးပတ်နား ရတယ်။ မြန်မာနိုင်ငံကနေ တစ်ရက် ကြိုသွားလိုက်တယ်၊ ဆေးစစ်ပြီး သွင်းတယ်၊ နောက်တစ်ရက်နားတယ်၊ ပြန်လာတယ်။ တစ်ခေါက်ကိုသုံးရက်ပဲနေတယ်။ စုစုပေါင်း ရှစ်လကြာသွားတယ်”ဟု ကိုစိုးမိုးကျော်က ပြောပြခဲ့သည်။

“ကင်ဆာဆေးမသွင်းခင်ကတည်းက ဘာတွေဖြစ်နိုင်တယ်၊ ဘယ်လိုတွေ ရှောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ပေးတယ်။ အဲဒါတွေကို လိုက်နာတယ်။ ပထမတစ်ခေါက်၊ နှစ်ခေါက်တော့ ဆံပင်သိပ်မကျွတ်သေးဘူး။ တတိယအခေါက်ကျတော့ ဆံပင်အကွက်လိုက် ကျွတ်တာ . .ဒါနဲ့ ကတုံးတုံးလိုက်တယ်။ လျှာတွေ ထုံတယ်၊ လက်တွေ ထုံတယ်၊ ပျို့ချင်အန်ချင်ဖြစ်တယ်၊ မစားချင်မသောက်ချင်ဘူး . .သွင်းပြီး တစ်ပတ်က အပြင်းထန်ဆုံး ဆိုတော့ အိမ်ထဲမှာပဲနေတယ်။ စိတ်အရမ်းတိုတော့ ဇနီးနဲ့သမီးက အခံရဆုံးပေါ့။ သမီးဆိုရင် “ဘန်ကောက်သွားရင် စိတ်တိုတဲ့ ဆေးတွေသွင်းမလာပါနဲ့”လို့တောင် ပြောတယ်။ ဘာမှစားလို့မရ၊ နည်းနည်းစားလိုက်တာနဲ့ အန်တယ်၊ စိတ်တိုတယ်”

ကိုစိုးမိုးကျော်သည် စပျစ်သီး၊ ပန်းသီးအစရှိသည့် သစ်သီးများ စားခဲ့ပြီး Bee Pollen ငှက်သိုက် အစရှိသည့် သဘာဝဖြည့်စွက်ဆေးများ မှီဝဲခဲ့ကြောင်း၊ ပင်ကို ကျန်းမာရေးကောင်းသူဖြစ်၍လေးကြိမ်မြောက်တွင် ခံနိုင်ရည်ရှိသွားခဲ့ရာ ဇနီးနှင့်သမီးကိုပင် ဘန်ကောက်သို့ ခေါ်၍ ဘန်ကောက်မြို့တွင်း နှင့် ပတ္တရားကမ်းခြေ သို့ပင် လည်ပတ်နိုင်ခဲ့ကြောင်း သိရသည်။
ကိုစိုးမိုးကျော်သည် ၂၀၁၃ အောက်တိုဘာလတွင် ကင်ဆာဆေးသွင်းကုသမှု စတင်ခံယူခဲ့ကာ ၂၀၁၄ ဖေဖော်ဝါရီလတွင် ပြီးဆုံးသွားခဲ့ပြီး ပြန်လည် စစ်ဆေးမှုအရ ကင်ဆာဆဲလ် ကင်းရှင်းသွားခဲ့ကြောင်းသိရသည်။

“အစ်ကိုရဲ့ ဆေးစစ်ချက်မှတ်တမ်းတွေအရ သင်္ဘောပြန်တက်လို့ ရပြီဆိုပြီး ဆရာဝန်က ထောက်ခံတာနဲ့ ၂၀၁၄ ဒီဇင်ဘာလမှာ သင်္ဘောပြန်တက်ခဲ့တယ်။ အဲဒီအချိန်မှာ တပင်တိုင်မြနန်း၊ စိမ်းပြာရေညှိ ဆေးပြား၊ Green Tea စတဲ့ သဘာဝဖြည့်စွက်ဆေး တွေပဲ ယူသွားတယ်။ ဆေးက ခြောက်လအကြာမှာ ကုန်သွားတော့ သင်္ဘောပေါ်မှာရှိတဲ့ ချင်း(ဂျင်း)ကို စိတ်ပြီး ပျားရည်ထဲ စိမ်ပြီး တစ်ပတ်တစ်ခါ သောက်တယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ ဖျော်ပြီး သံပရာသီးစိတ် ညှစ်ထည့်ပြီး တစ်ပတ်တစ်ခါ သောက်တယ်။ အသီးအရွက်တွေ များများ စားနိုင်ရင် ကောင်းပေမယ့် သင်္ဘောပေါ်မှာတစ်ပတ်လောက်ပဲ ရတဲ့အတွက် ဒီလိုပဲ အဆင်ပြေအောင်စားပြီး နေထိုင်ခဲ့တယ်။

တစ်နှစ်အကြာ ဘန်ကောက်မှာ ဆေးပြန်စစ်လိုက်တော့ ကျန်းမာရေးက ကောင်းတယ်”ဟု ကိုစိုးမိုးကျော်က ဆိုသည်။
မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင်လည်း ကိုစိုးမိုးကျော်သည် လေ့ကျင့်ခန်းလုပ်ခြင်း၊ စိမ်းစိုသော ဟင်းသီးဟင်းရွက် များ စားခြင်းတို့ လိုက်နာခဲ့ရာ ရောဂါဖြစ်စဉ်ကကျသွားခဲ့သော ကိုယ်အလေးချိန် ၁၅ ပေါင် ပြန်တက်လာခဲ့ပြီး ပုံမှန် လူကောင်းကဲ့သို့ပင် ကျန်းမာလျက်ရှိသည်။

ကင်ဆာမျိုးရိုးမရှိဘဲ ကင်ဆာဖြစ်ခဲ့ရခြင်းအပေါ် ကိုစိုးမိုးကျော်က-
“စင်ကာပူမှာ သင်္ဘောကပ်တိုင်း စင်ကာပူက ဗမာဆိုင်တွေကနေ ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးပိ၊ ငရုတ်သီးမှုန့် စတာတွေကို အကုန်ဝယ်လာတယ်။ အဲဒါတွေကို အခန်းထဲ ရေခဲသေတ္တာထဲ ထည့်ထားတယ်။ ဖြစ်ချင်တော့ ရေခဲသေတ္တာက သိပ်မကောင်းဘူး။ ငရုတ်သီးမှာမှိုပါမှာပဲ . .အဲမှိုတွေကြောင့်လည်းပါမယ်၊ စားချိန်သောက်ချိန် မမှန်တာကော အစာအိမ်အနာကောမှိုတွေကော အကုန်ပေါင်းဆုံပြီး ဖြစ်တယ်လို့ထင်တာပါပဲ”ဟု သူ၏ထင်မြင်ချက်ကို ပြောပြခဲ့သည်။

ကင်ဆာကုသအောင်မြင်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း နှစ်ကြိမ်စစ်ဆေးခဲ့ရာ ကျန်းမာရေး ကောင်းမွန်နေပြီး ယခုအခါ အခြားကင်ဆာရောဂါရှင်များကိုပါ သူ၏ အတွေ့အကြုံများ မျှဝေပေးလျက်ရှိသော ကိုစိုးမိုးကျော်က-
“ကင်ဆာကုသရာမှာ အဓိကက စိတ်ဓာတ်က အရေးကြီးဆုံးပဲ။ စိတ်ကြောင့် အတော်များများက ခံရတယ်။ စိတ်မခိုင်ရင် ပိုဆိုးတယ်။ ကင်ဆာလို့ကြားလိုက်ရင် ပြာသွားတတ်တယ်။ ကင်ဆာဆိုတာနဲ့ ယမမင်းမျက်စိထဲ ပြေးမြင်တာကိုး။ ဒါက တစ်ချက်။ နောက်တစ်ချက်က ငွေရေးကြေးရေးကိစ္စ . .ရှိတဲ့သူ ဖြစ်စေ၊ မရှိတဲ့သူဖြစ်စေ ကင်ဆာဆေးတွေက ဈေး ကြီးတော့ပံ့ပိုးမယ့် မိသားစုကလည်း အင်မတန် အရေးကြီးပါတယ် . . ကင်ဆာသမားက ထိခိုက်လွယ်တော့ မိသားစုက နွေးနွေးထွေးထွေး ဆက်ဆံပေးဖို့ လိုတယ်။ အစ်ကိုကျတော့ မိသားစုရဲ့ အားပေးနွေးထွေးမှုကို အပြည့်အဝ ရခဲ့တယ်။

အကုန်လုံးကိုပါးချင်တဲ့စကားက “You never fail until you stop trying.” ဆိုတဲ့ အိုင်းစတိုင်းရဲ့ စကားလေးကိုပြောချင်တယ်။ လက်မလျှော့သရွေ့ မရှုံးဘူး . . ကင်ဆာကို ကိုယ်ကလက်မလျှော့နဲ့၊ သူ ကနိုင်လို့ သေခါမှသေရော . .နိုင်တဲ့အထိ တိုက်ပါ၊ ဒီစကားလုံးကို အစ်ကိုက ကင်ဆာတင်မဟုတ်ဘူး၊ အလုပ်ကိစ္စမှာလည်း သုံးတယ်။

ကင်ဆာသမားတွေ မှာ စိတ်ကိုတင်းထား၊ မလျှော့လိုက်နဲ့၊ စိတ်ခိုင်မာရင် ပိုပြီး ကုသအောင်မြင်တယ်”ဟု အကြံပေးစကား များပြောကြားလိုက်ပါသည်။

(ဓာတ်ပုံများကို ကိုစိုးမိုးကျော်တို့ မိသားစု၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top