Healthy Life Ad
Q & A

အထီး-အမပြင်မရပါ(Baby Sex Determination)

ဒေါက်တာတင့်ဆွေ

မေး ။ ဆရာရှင့်. . ကိုယ်ဝန်လနုချိန်မှာ အစားအစာ နဲ့ ကလေးရဲ့ Sex ကို ပြောင်းလို့ရတယ်ဆိုတာ ဟုတ်ပါသလားရှင်။

ဖြေ ။ မဟုတ်ပါ။ သန္ဓေဖြစ်ကတည်းက ကျား-မ ပြဋ္ဌာန်းပြီးဖြစ်တယ်။ သန္ဓေသားတစ်ခုဟာ ယောကျာ်းလေး ဖြစ်မလား၊ မိန်းကလေးဖြစ်မလားဆိုတာ လူတိုင်းမှာ တစ်စုံစီရှိကြတဲ့ ခရိုမိုဇုမ်းတွေကနေပြဋ္ဌာန်းတယ်။ မိန်းကလေးတိုင်းမှာ XX နဲ့ ယောကျာ်းလေးတိုင်းမှာ XY ပါတယ်။

လူတိုင်းမှာ ခန့်မှန်းချေ ခရိုမိုဇုမ်း ၂၅၀ဝ၀ စီရှိကြတယ်။ ဖခင်ရဲ့သုက်ပိုးတွေထဲမှာ တချို့က X နဲ့ တချို့က Y ကိုသယ်ဆောင်လာကြတယ်။ မိခင်မျိုးဥကို X နဲ့ တွေ့မှာလား၊ Y နဲ့ တွေ့မှာလားအပေါ်မူတည်ပြီး မွေးလာ မယ့်ကလေးဟာ ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဖြစ် လာမယ် ။ တစ်နည်းအားဖြင့် သုက်ပိုးတွေက မမျိုးဥဆီကို ကူးခတ်သွားလာရာမှာ ဘယ်သုက်ပိုးက အရင်ဆုံးရောက်ပြီး ပေါင်းစပ်သလဲဆိုတာ အပေါ်မှာ မူတည်နေတယ်။ အဲလိုဖြစ်မှာကို ဘာနဲ့မှထိန်းချုပ်လို့မရပါ။

အဲဒီနောက်မှာ ကျားဟော်မုန်းနဲ့ မဟော်မုန်းတွေကနေ ပြောင်းလဲမှုတွေကိုဖြစ်လာစေတယ်။ ကိုယ်ဝန် ၇ပတ်မှာအဲလို မတူတော့တာတွေ (ကျားလိင်အင်္ဂါ၊ မလိင်အင်္ဂါ) စဖြစ်တယ်။ အာလ်ထွာဆောင်းရိုက်ရင် ၁၆ ပတ်ထက်စောမသိနိုင်ဘူး။ အသင့်ဆုံးက ၁၈ ပတ်နဲ့ ၂၀ ပတ် မှာ ရိုက်မှသေချာတယ်။

အာလ်ထွာဆောင်းရိုက်ချိန်မှာ ကလေးအနေအထားအပေါ် မူတည်ပြီး ထင်ရှားမှုဖြစ်နိုင်တယ်။ စောသိချင်ရင် Amniocentesis ခေါ်တဲ့ ရေမြွှာရည်စုပ်ယူပြီး ခရိုမိုဇုမ်း (Chromosomes) ကိုစစ်ရတယ်။ ၇ ပတ်မှာစမ်းရင် ၉၅ ရာခိုင်နှုန်း သေချာတယ်။ ၂၀ ပတ်မှာစမ်းရင် ၉၉ ရာခိုင်နှုန်း သေချာတယ်။ ဒီနည်းကို အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ရသူတွေကို လုပ်တယ်။ မျိုးဗီဇချို့ယွင်းချက်တွေပါနေ၊ မနေ သိဖို့ဖြစ်တယ်။ ဥပမာ Down syndrome ဒေါင်းဆင်းဒရုမ်းနဲ့ ကလေး။

မိခင်မျိုးဥဆီက Pronuclei နဲ့ ဖခင်သုက်ပိုးဆီက Pronuclei နှစ်ခုဟာ ထိစပ်ရုံသာဖြစ်တယ်။ တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ကြတာတော့ မဟုတ်ပါ။ ခရိုမိုဇုမ်းတွေလည်း အီကွေတာ မျဉ်းတစ်ဖက်စီမှာ ခုထိစပ်တာသာ ဖြစ်ကြတယ်။ ဆက်ပြီး ခရိုမိုဇုမ်းတွေက အညီအမျှ ခွဲလာရာကနေ ပထမဆုံး ဆဲလ်တွေဖြစ်လာတယ်။ ဆဲလ် ၂ ခုဖြစ်လာဖို့ရာ ၂၂-၂၆ နာရီသာ ကြာတယ်။ အဲလိုဖြစ်လာကို Zygote ခေါ်တယ်။ သန္ဓေလို့ ပြောနိုင်ပြီ။

ဒါကြောင့် အရေးပေါ်ကိုယ်ဝန်တားဆေးသောက်တာနဲ့ပတ်သက်ပြီး သန္ဓေဖြစ်စဉ်ကို တိတိကျကျသိကြသူ တွေက ကိုယ်ဝန်ကိုတားတာဟုတ်၊ မဟုတ်ငြင်းချက်ထုတ်ကြတာဖြစ်ပါ တယ်။ Ecee-2 လို အရေးပေါ်ကိုယ်ဝန်တားဆေးကိုအတူနေပြီး ၇၂နာရီအတွင်းမှာ သောက်ရတာဖြစ်လို့ အဲဒီအချိန်မှာ ရှင်းပြခဲ့တဲ့ ဖြစ်စဉ် အဆင့်ကျော်လာခဲ့ပြီဆိုတာကို မှန်းကြည့်နိုင်ပါတယ်။ ဒါပေမဲ့ သားအိမ်နံရံကိုတော့လာပြီး တွယ်ကပ်တာ မဖြစ်သေးချိန်မို့ အပြစ်ကင်းတယ် လို့ ရှင်းထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top