Healthy Life Ad
International

ကိုယ်ဝန် ၆ လနှင့် မွေးဖွားခဲ့ရသော အမြွှာကလေးငယ်နှစ်ဦးလုံး ကျန်းမာလျက်ရှိ

၊ ကိုထက် ၊

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ လူစီဟောဟာ သူရဲ့ ၆ လသာရှိသေးတဲ့ အမြွှာကိုယ်ဝန်ကို ၂၀၁၇ ခုနှစ်၊ မေလက မွေးဖွားခဲ့ရပါတယ်။ ဆရာဝန်တွေက ကလေးနှစ်ယောက်လုံး မျှော်လင့်ချက်မရှိသလောက် နည်းပါးတယ်လို့ မှတ်ချက်ပေးခဲ့ကြပေမယ့် အံ့သြစရာကောင်းလောက်အောင် ကလေးငယ်နှစ်ယောက်လုံးဟာ အခုအချိန်ထိ ကျန်းမာလျက်ရှိကြပါတယ်။

အိမ်ထောင်သက်တမ်း ၅နှစ်အကြာမှာ ကိုယ်ဝန်ရခဲ့တဲ့ လူစီဟောက ကိုယ်ဝန် ၃လမှာတော့ အမြွှာကလေးလေးတွေဆိုတာကို သိလိုက်ရတဲ့အတွက် ဝမ်းသာခဲ့ကြရပါတယ်။ ဒါပေမဲ့ အမြွှာကလေးငယ်လေး နှစ်ယောက်ဟာ ရှားပါးပြီးဖြစ်ခဲလှတဲ့ သွေးစီးဆင်းမှုမညီမျှတဲ့ ပြဿနာဖြစ်နေပြီး ကလေးတစ်ယောက် မိခင်ထံမှ အာဟာရဓာတ်ကို ပိုရနေပြီး တစ်ယောက်က လျော့ပြီးရနေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတဲ့အတွက် လူစီဟောဟာ အပတ်စဉ် အာထရာဆောင်းရိုက်ပြီး ကလေးတွေကို စောင့်ကြည့်ခဲ့ရပါတယ်။

ဒီလိုနဲ့ သူရဲ့ ကိုယ်ဝန် ၅ လမှာတော့ လူစီဟော ဟာရေမြွှာပေါက်ချင်သလိုဖြစ်လာတဲ့အတွက် ဆေးရုံကို အလောတကြီးရောက်လာခဲ့ပေမယ့် ကိုယ်ဝန် ၆ လအထိ ကလေးမမွေးသေးဘဲ ရသလောက် ထိန်းထားခဲ့ပါသေးတယ်။ မွေးလာတဲ့ ချာလီဟာ ၁ ပေါင် ၆ အောင်စအလေးချိန်သာရှိပြီး ဟာဗီက ၁ပေါင် ၄ အောင်စ ကိုယ်အလေးချိန်သာရှိပါတယ်။ ကလေးနှစ်ယောက်လုံးဟာ လူကြီးလက်ဖဝါးတစ်ခုစာပဲ အရွယ်ရှိခဲ့ပါတယ်။

“ကျွန်မအရမ်းစိတ်ထိခိုက်မှာစိုးတဲ့အတွက် သားလေးနှစ်ယောက်ကို ဆရာဝန်က ချက်ချင်းလာ မပြခဲ့ပါဘူး။ မွေးပြီး ၃နာရီလောက်ကြာမှ ကြည့်ခွင့်ရခဲ့ပြီး ကျွန်မအရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်၊ ကလေးတွေဟာ အရမ်းကိုနုနေတဲ့အတွက် အမေဖြစ်တဲ့ ကျွန်မတောင်ချီခွင့်မရခဲ့ပါဘူး၊ ကလေးတွေကို အောက်ဆီဂျင်ပေးထားပြီး အချိန်ပြည့်စောင့်ကြည့် စစ်ဆေးမှုတွေလုပ်နေတဲ့ စက်တွေတပ်ထားရပါတယ်” လို့ လူစီဟောက ပြောပြခဲ့ပါတယ်။

ဆရာဝန်တွေကတော့ လူစီဟောကို မျှော်လင့်ချက်အများကြီးမထားဖို့ ဖျောင်းဖျပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ကလေးတွေဟာ တဖြည်းဖြည်းနဲ့ ပုံမှန်အတိုင်းဖွံ့ဖြိုးပြီး ကျန်းမာလာခဲ့ပါတယ်။

“ကလေးတွေအသက်ရှင်နိုင်မယ်လို့ မမျှော်လင့်ရဲပေမယ့် ကလေးတစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်လုံးဖြစ်ဖြစ် တစ်ခုခုဖြစ်သွားရင် ဘယ်လိုရင်ဆိုင်ရမလဲ ကျွန်မမသိပါဘူး၊ အရမ်းကို မျှော်လင့်ချက်မဲ့ပြီး အားကိုးရမဲ့နေသလိုခံစားခဲ့ရပါတယ်၊ ဒါပေမယ့် ကလေးတွေက ဒီလိုစိုးရိမ်ရတဲ့အခြေအနေ ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ စပြီးသိရတော့ မျှော်လင့်ချက်တွေအများကြီးပြန်ရခဲ့ပါတယ်”လို့ သမက ပြောပြခဲ့ပါသေးတယ်။

အင်္ဂလန်နိုင်ငံရှိ ဥပဒေအရ ၆လ ထက် စောစီးစွာမီးဖွားခြင်းက ကလေးငယ်တွေရဲ့ ရှင်သန်နိုင်ခြေ အရမ်းနည်းသလို ကိုယ်ဝန်ဆောင်မိခင် အသက်အန္တရာယ်များတဲ့အတွက် တရားဝန်ဖျက်ချနိုင်တယ် လို့သိရပါတယ်။

“၆ လနဲ့ စောပြီးမွေးဖွားပေမယ့် အသက်ရှင်နိုင်ခြေရှိတယ်ဆိုတာကို ဒီကလေးနှစ်ယောက်က သက်သေပြသွားတာပါပဲ၊ ကျွန်တော်တို့ရဲ့ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်ရှိတဲ့ သက်မှတ်ချက်တွေကို ပြန်သုံးသပ်ဖို့တောင်လိုလာပြီထင်တယ်”လို့ မွေးဖွားပေးခဲ့တဲ့ ဆရာဝန်ကပြောပြခဲ့ပါတယ်။ အခုဆိုရင်တော့ လူစီဟောတို့မိသားစုဟာ တခြားမိသားစုတွေကဲ့သိုပင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ဖြတ်သန်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top