Healthy Life Ad
Child

သွေးလွန်တုပ်ကွေးနှင့် ပတ်သက်၍ ကလေးမိဘတိုင်း သိထားသင့်သည်များ

ပါမောက္ခဒေါက်တာ ကျော်ဇင်ဝေ (ကလေးအထူးကုဆရာဝန်ကြီး၊ ရန်ကင်းကလေးဆေးရုံကြီး)

သွေးလွန်တုပ်ကွေးဖြစ်ပွားတဲ့ အုပ်စုမှာ ပြင်းထန်တဲ့ အုပ်စုနဲ့ မပြင်းထန်တဲ့ အုပ်စုဆိုပြီး နှစ်မျိုး ရှိပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် အဖျားဝင်လျှင်
နွေကျရင် သွေးလွန်တုပ်ကွေးက သိပ်မရှိဘူး။မိုးတွင်းကျရင်ခြင်ကိုက်လို့ သွေးလွန်တုပ်ကွေးဆိုတာ ရှိမယ်။ ဆောင်းတွင်းရောက်ရင်လည်း ခြင်ကတော့ ကိုက်နေဦးမယ်။ မိုးတွင်းလောက်တော့ သိပ်မများဘူး။ ပုံမှန်ဖြစ်နေတာပါ။ ဓာတ်ဆားရည်လောက်သောက်ပြီး ကောင်းသွားနိုင်တဲ့အုပ်စုက အများဆုံး။အဆင့်၃-၄က နည်းနည်းလေး၊ အုပ်စုတွေက ထပ်ထပ်ပြီးကွဲသွားတာ။ သွေးလွန်တုပ်ကွေးလို့ ပြောလိုက်တဲ့အခါကျတော့ လူတွေက အများကြီးလို့ ထင်သွားပြီးကြောက်ကုန်တာ။ လန့်ဖျတ်ကုန်တာ။ သူ့ရဲ့ ရာခိုင်နှုန်းအားဖြင့်တော့ ဒီလောက်ပဲ။ သူရဲ့အချိုးကျ ခြင်ကိုက်တာများလို့ ပိုများလာတာပဲရှိတယ်။သွေးလန့်တဲ့အုပ်စုကလည်း ဒီလောက်ပဲ။ သွေးမလန့်တဲ့ အုပ်စုကလည်း ဒီလောက်ပဲ။

လူတွေကြောက်တာက စပြီးဖျားပြီဆိုရင် အဖျားက ၁၀၄၊ ၁၀၅ဖျားတာ။ ဖျားတာကိုကြောက်နေတာ။ အဖျားဝင်တာကို မကြောက်ပါနဲ့၊ အရည်ဝင်အောင်တိုက်ထားပြီး ပါရာစီတမော လေးတိုက်ထားပါ။ ရေဖတ်တိုက်ထားပါ။ သွေးလွန်တုပ်ကွေးက စောစောရောက်လာရင် သွေးလန့်တာက၂၄နာရီအတွင်းမှာပြန်ကောင်းသွားတာ။ လွန်ရော ကျွံရော ၄၈နာရီပေါ့။

သွေးလန့်တဲ့အဆင့် သတိပြုစရာ
“အိမ်မှာသွေးလန့်တဲ့အဆင့်ထက် ၁၂နာရီ ကျော်ကျော်ကြာလာရင် အသက်အန္တရာယ်ထိခိုက်ဖို့ များတယ်။ ကိုယ့်ကလေးကို ဘယ်ဟာက ကြောက်စရာကောင်းတဲ့လက္ခဏာလဲ၊ ဘယ်ဟာက အရေးမကြီးတဲ့လက္ခဏာလဲ သိထားဖို့ပြောတာတွေကို သေသေချာချာနားထောင်ကြပါ။ အခုက သေသေချာချာ နားမထောင်ဘဲနဲ့ အဖျားကို ကြောက်တယ်။ တကယ်က အဖျားကျသွားတဲ့အခါ သတိထားရမှာ။

သွေးလန့်တာက ဆေးရုံကို စောစောရောက်လေ ကောင်းလေပဲ။ သွေးလွန်တုပ်ကွေးသွေးလန့် တာမှမဟုတ်ဘူး။ တခြားဟာတွေလည်း အတူတူပဲ။စောစောကုနိုင်လေ ကောင်းလေပဲ။ သွေးလန့်တဲ့ လက္ခဏာကိုသိအောင်လုပ်ထားပြီး အဖျားကျသွားတဲ့အချိန်မှာ ကလေးကလန်းလန်းဆန်းဆန်းမရှိဘဲ မှိန်းကျနေတယ်၊ ယောက်ယက်ခတ်နေတယ်၊ ခြေတွေလက်တွေကအေးစက်နေမယ်၊ ဘာမှလည်း မစားဘူးဆိုရင် ဆေးရုံကို အမြန်ဆုံးလာခဲ့ပါ။ အဲ့လို မဟုတ်ဘဲနဲ့ ကလေးက အဖျားကျသွားတဲ့အချိန်မှာ လန်းလန်းဆန်းဆန်းနဲ့ စားသောက်ပြီးတော့ထပြီး ဆော့နေပြီဆိုရင် အဲ့ဒါကောင်းသွားတာ။ အဲ့အချိန် မှာခြေတွေ၊ လက်တွေကိုင်ကြည့်ရင် နွေးနေလိမ့်မယ်။ အပေါ့အပါးလည်း ကောင်းကောင်း ပေါက်နေနိုင်မယ်။ အဲ့ဒါကိုပဲ နည်းနည်းခွဲပြီးတော့ သိရှိထားကြပါ။

သွေးလွန်တုပ်ကွေးအုပ်စုများ
ဗိုင်းရပ်စ်ဝင်လာပြီဆိုရင်ဖြစ်နိုင်တဲ့ အုပ်စုတွေက ဘာလဲဆိုတော့ဘာမှလက္ခဏာမပြဘဲနဲ့ ဗိုင်းရပ်စ် ဝင်သွားတဲ့လူတွေလည်း ရှိတယ်။ ဗိုင်းရပ်စ်ဝင်သွား ပြီး လက္ခဏာပြတာလည်း ရှိတယ်။ လက္ခဏာပြတာ မှာလည်း ရောဂါရဲ့ ပြင်းထန်တာက တစ်ဖက်နဲ့ တစ်ဖက်တခြားစီပဲ။ ရိုးရိုးအဖျားကြီးတာ၊ တုပ်ကွေးလိုလို ဖြစ်ပြီး ပြန်ပျောက်သွားတာ . . အဲ့ဒါလည်း သွေးလွန်တုပ်ကွေး အုပ်စုတစ်စုပဲ။
နောက်အုပ်စုတစ်စုကျတော့ အဖျားကြီးမယ်။ သွေးက နည်းနည်းထွက်ချင်ထွက်မယ်။ မထွက်ဘဲနဲ့လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ပြန်ကောင်းသွားတဲ့ အုပ်စုတစ်စုရှိမယ်။

နောက်အုပ်စုကကျတော့ သွေးကြောတွေက ရောင်ပြီးတော့ သွေးကြောထဲကနေ သွေးရည်ကြည်တွေကို ထိန်းမထားနိုင်တော ့သွေးရည်ကြည်တွေက အပြင်ကို စိမ့်ထွက်သွားပြီး သွေးလန့်သွားတဲ့အဆင့် ကိုရောက်သွားတဲ့အုပ်စုက တစ်စုရှိတယ်။ ဆိုးတဲ့ အုပ်စုတွေကနည်းပြီးတော့ မဆိုးတဲ့အုပ်စုတွေက များတာ။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် ဆိုးတဲ့အုပ်စုတွေက လွန်ရောကျွံရော ၅ရာခိုင်နှုန်းပဲရှိမှာ။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက မဆိုးရွားတဲ့ အုပ်စုမှာပဲ ဖြစ်ပွားမှုများပြီး ဆိုးရွားတဲ့ အုပ်စုမှာ ဖြစ်ပွားမှု နည်းတယ်။ ဆိုးတာပဲဖြစ်ဖြစ်၊မဆိုးတာပဲဖြစ်ဖြစ် အဲဒီဗိုင်းရပ်စ်ဝင်လို့ သွေးစစ်လိုက်လို့ရှိရင် Positive လို့ပြောတာနဲ့ လူတွေက သွေးလွန်တုပ်ကွေးလို့ ထင်ကြတယ်။

မိဘအချို့ လုပ်နေကျ အမှားများ
ကျွန်တော်တို့မလုပ်ခိုင်းတဲ့ဟာရှိတယ်။ အဖျား ၁၀၄၊ ၁၀၅ ဖြစ်တဲ့ဟာကို ၉၈ ဒသမ ၆နဲ့ သာမန်ရောက်အောင် ဆေးတွေသောက်နေကြတယ်။ မလိုဘူး။ ၁၀၁၊ ၁၀၂ လောက်ရှိနေမှာ။ ထိန်းထားရုံပဲ ထိန်းထားမှာ။ ထိန်းတဲ့နည်းတွေက ပါရာစီတမော နဲ့ထိန်းမယ်။ ရေဖတ်တိုက်တာနဲ့ထိန်းမယ်။ ကိုယ့်အိမ်မှာ အဲကွန်းရှိရင် အဲကွန်းနဲ့ထိန်းမယ်။ ဒါဘဲလုပ်ရမှာ။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ စိတ်ပူပြီးတော့ ပါရာစီတမောတွေကို ပါးစပ်ကနေလည်း သောက်တယ်။ စအိုထဲကနေပြီးလည်း ထည့်တယ်။ အပေါ်နဲ့အောက်နှစ်ခုဝင်လာလို့ရှိရင် ၂ဆဖြစ်သွားလိမ့်မယ်။ အဲ့လိုဆိုရင် အသည်းက မခံနိုင်ဘူးဖြစ်လိမ့်မယ်။ အဲ့ဒါတွေကြောင့်လည်း သွေးကယိုနိုင်တယ်။ ဆေးတစ်ခုကို သောက်တော့မယ်ဆိုရင် ဘယ်လောက်မီလီဂရမ်ပါလဲဆိုတာ စစ်ဆေးပါ။

ဓာတ်ဆားရည်က နင်းကန်သောက်ရမှာမဟုတ်ဘူး။ တချို့ဆရာဝန်တွေကိုလည်း လွယ်လွယ်ကူကူ မမှာလိုက်ပါနဲ့လို့ ပြောချင်တယ်။ သောက်နိုင်သလောက်သောက်လို့ ပြောလိုက်တဲ့အခါကျတော့ အမေတွေက ကလေးကို ဓာတ်ဆား၄ထုပ်လောက် တိုက်လိုက်တယ်။ အဲဒီကလေး အန္တရာယ်ရှိတယ်။ သူ့ကိုသောက်ခိုင်းတာက တကယ်တမ်း နေ့စဉ်စားသောက်နေတဲ့အစားအသောက်တွေ၊ အရည်တွေ ကိုသောက်တဲ့အပြင် အပိုထပ်ပြီးတော့ ထပ်ဆောင်းသောက်လို့ပြောတာ။ ဓာတ်ဆားချည်းပဲ သောက်ရမယ်လို့ပြောတာမဟုတ်ဘူး။ ဓာတ်ဆားဖျော်တဲ့အခါမှာလည်း သူ့အညွှန်းတိုင်းပဲဖျော်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top