Healthy Life Ad
Life Style

သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် (Tubal reversal)

ဒေါက်တာတင့်ဆွေ

၁။ ဆရာရှင့် . . သားကြောဖြတ်ပြီး ကလေးထပ်လိုချင်တာ ဖြစ်နိုင်ပါ့မလား သိချင်တာပါရှင့်။ အသက် ၃၆၊ ရာသီမှန်။ နောက်ဆုံးမွေးခဲ့တာ ၁၅-၆-၂၀ဝ၆။

၂။ ကျွန်တော့်ဇနီး သာကြောဖြတ်ပြီးပါပြီဆရာ။ ကလေးပြန်လိုချင်ရင် ဘယ်မလိုလုပ်ရပါမလဲ။ လုပ်လို့ကောရလား။

၃။ သားကြောဖြတ်ပြီး ကလေးပြန်လိုချင်ရင်ရော ရနိုင်ပါ့မလား ဆရာ။

၄။ ဆရာရှင့် ၃၇နှစ်ပါ။ Sterilization လုပ်ပြီး ပြွန်ပြန်ဆက်ထားတာ ၃ နှစ်ကျော်ပါပြီ၊ မထူးခြားပါ။ ဘာဆက်လုပ်သင့်ပါလဲရှင့်။ ပြန်ဆက်ပြီး USG recheck ရိုက်တာ တစ်ဖက်ပွင့်တယ်တဲ့။ ပွင့်တဲ့ဖက် tube က fibrin ဖြတ်ထားတဲ့ဖက် ဖြစ်နေပါတယ်။ ကလေးရနိုင်ပါသေးလား ဆရာ။

၅။ ကျွန်မအသက် ၄၆ နှစ်ရှိပါပြီ။ ကလေး ၃ ယောက်ရှိခဲ့ပါတယ်။ သားက ၂၀ဝ၄ မှာ ဆုံးခဲ့ပါတယ်။ ငှက်ဖျားနဲ့ပါ။ အခု ကျွန်မ (- – -) မှာ နေပါတယ်။ ကျွန်မသွေးမဆုံးသေးပါဘူး။ ဘာရောဂါမှလည်း မရှိသေးပါဘူး။ သားလေးတစ်ယောက်လောက် လိုချင်တာပါ။

သားအိမ်ပြွန်တစ်ဖက်ပွင့်နေရင် သီအိုရီအရ ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ဆိုတာ ပြွန်ကောင်းနေတာတစ်ခုတည်းတော့ မကပါ။ မျိုးဥပုံမှန်ထွက်ရမယ်။ အတူနေချိန်ကလည်း မျိုးဥနဲ့တွေ့မယ့်ရက် ဖြစ်ရမယ်။

အမျိုးသမီးသားကြောဖြတ်တယ်ဆိုတာ သားအိမ်ပြွန်ကို ဖြတ်၊ ချည်၊ ချေ တစ်နည်းနည်းနဲ့လုပ်တာပါ။ သားအိမ်ပြွန်မှာ ပြဿနာရှိလို့ ကလေးမရသူ ၂၀-၂၅ ရာခိုင်နှုန်းရှိတယ်။ သူတို့ကိုခွဲစိတ်နည်းနဲ့ ဒါမှမဟုတ် IVF နည်းနဲ့ ကလေးရအောင် ကြိုးစားပေးရတယ်။ IVF နည်းလုပ်ရင် အမေရိကားမှာ ($7,000 – $20,000) + ($2,500 – $3,000) ကုန်ကျတယ်။

သားကြောပြန်ဆက်နည်းကိုတော်တော့ ခွဲစိတ်ဆရာဝန်မလုပ်ပါ။ Laparoscopy and Laparotomy ဆိုတဲ့ ဗိုက်မှာအပေါက်သေးသေးလေးဖောက်ပြီး၊ ကိရိယာနဲ့လုပ်နည်း ကောင်းတယ်၊ ဒါပေမဲ့ အားလုံးမရဘူး။ မရရင် ထုံးစံခွဲနည်း၊ ဗိုက်ကနေခွဲနည်း (Laparotomy) လုပ်ရတယ်။

Advanced Fertility Center of Chicago ရဲ့ ကိန်းဂဏန်းတွေပါ ထည့်ပါရစေ။

– Reconstruct damaged end of tube ပျက်စီးသွားတဲ့ သားအိမ်ပြွန်ပြင်ဖို့ Fimbrioplasty လုပ်တာ ၅၀ ရာခိုင်နှုန်း ကလေးရနိုင်တယ်၊ ၁၂ ရာခိုင်နှုန်းက ပြွန်မှာသန္ဓေတည်တာ ဖြစ်နိုင်တယ်။

– Cut away scar tissue on tubes or on ovary သားအိမ်ပြွန်နဲ့ မမျိုးဥအိမ်က အမာရွတ်တွေရှင်းတာအတွက် Salpingolysis Ovariolysis လုပ်တာ ၄၅ ရာခိုင်နှုန်း ကလေးရနိုင်တယ်၊ ၆ ရာခိုင်နှုန်းက ပြွန်မှာသန္ဓေတည်တာ ဖြစ်နိုင်တယ်။

– Make opening in blocked tube သားအိမ်ပြွန်ပိတ်နေတာအတွက် Neosalpingostomy လုပ်တာ ၂၅ ရာခိုင်နှုန်း ကလေးရနိုင်တယ်၊ ၂၅ ရာခိုင်နှုန်းက ပြွန်မှာသန္ဓေတည်တာ ဖြစ်နိုင်တယ်။

– Resonnect tubes after tubal ligation ပြတ်သွားတဲ့သားအိမ်ပြွန် ပြန်ဆက်တာအောင် Tubal reanastomosis လုပ်တာ ၄၀-၇၀ ရာခိုင်နှုန်း ကလေးရနိုင်တယ်၊ ၄-၁၅ ရာခိုင်နှုန်းက ပြွန်မှာသန္ဓေတည်တာ ဖြစ်နိုင်တယ်။

– In vitro fertilization သားအိမ်ပြင်ပမှာ သန္ဓေရအောင် အသက် ၃၅နှစ်အောက်တွေကို IVF လုပ်တာ ၅၀-၆၀ ရာခိုင်နှုန်း ကလေးရနိုင်တယ်၊ ၁-၅ ရာခိုင်နှုန်းက ပြွန်မှာသန္ဓေတည်တာ ဖြစ်နိုင်တယ်။

သားကြောဖြတ်ချင်သူတွေ ဒီစာကို အရင်ဖတ်ကြစေချင်တယ်။ သားကြောဖြတ်ထားသူကို ကလေးပြန်ရအောင်လုပ်ရတာ အတော်ခက်ပါတယ်။ ခက်တာကိုရအောင် လုပ်နိုင်သူကိုလူတော်လို့ သတ်မှတ်ပါတယ်။ မရနိုင်တော့လို့ သောကများမနေသူဟာလည်း ပညာရှိပါပဲ . . .

မြောက်ကာရိုလိုင်းနားမှာရှိတဲ့ Chapel Hill Tubal Reversal Center က Laparotomy နည်းနဲ့သာခွဲတယ်။ ဓားရာ ၄-၆ လက္မရှည်မယ်။ ဆေးရုံတက်ရမယ်။ အကြီးစား-ခွဲစိတ်ကုသမှုဖြစ်တယ်။ ၂-၆ ပတ်ကြာမှ နာလန်ထမယ်။ အသက် ၃၅ နှစ်အောက်တွေကိုလုပ်ရင် ၁-၂ နှစ်အတွင်း ကိုယ်ဝန်ဆောင်တာ ၄၀-၇၅ ရာခိုင်နှုန်း ရှိတယ်။ ၅-၁၅ ရာခိုင်နှုန်းက ပြွန်ထဲသန္ဓေတည်တာ ဖြစ်နိုင်တယ်။

ခွဲစိတ်နည်း ၃ မျိုးလုပ်တယ်။ Microsurgical techniquesအနုစိတ်ခွဲစိတ်နည်းဖြစ်တယ်။

1. Microsurgical tubal anastomosis

2. Microsurgical Salpingostomy

3. Microsurgical Tubouterine implantation

ကျွန်တော်က ကြံကြံဖန်ဖန်ခွဲစိတ်ရတာကို ဝါသနာပါတော့ အဲလိုပြန်ဆက်ပေးနည်းတွေကို အမျိုးမျိုးကြံဆခဲ့ဖူးတယ်။ လက်တွေ့လုပ်မပေးခဲ့ရပါ။ အားရင် ဘယ်လိုလုပ်ရမလဲ တွေးနေတယ်။ သားကြောဖြတ်ချင်သူတွေ ဒီစာကို အရင်ဖတ်ကြစေချင်တယ်။ သားကြောဖြတ်ထားသူကို ကလေးပြန်ရအောင်လုပ်ရတာ အတော်ခက်ပါတယ်။ ခက်တာကို ရအောင်လုပ်နိုင်သူကို လူတော်လို့ သတ်မှတ်ပါတယ်။ မရနိုင်တော့လို့ သောကများမနေသူဟာလည်း ပညာရှိပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top