Healthy Life Ad
Life Style

အမျိုးသမီး သားသမီးမရတော့အောင်လုပ်ခြင်း (Tubal ligation)

ဒေါက်တာတင့်ဆွေ

– ဆရာခင်ဗျ ကျွန်တော့်အမျိုးသမီး သားကြောဖြတ်ပြီး တစ်နှစ်အတွင်းမှာ ကိုယ်ဝန်ပြန်ရပါတယ်ဆရာ။ ဘာကြောင့်ပါလဲဆရာ။ ဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ ဖြစ်တတ်တယ်လို့လည်းပြောပါတယ်။ သားကြောဖြတ်ပေးတဲ့ ဆရာဝန်ရဲ့ပေါ့ဆမူကြောင့်လားခင်ဗျာ။ အကယ်၍ပေါ့ဆမှုကြောင့်ဆိုလျင် ဖြတ်ပေးသောဆေးရုံနဲ့ ဆရာဝန်ရဲ့တာဝန်ယူမှု၊ တာဝန်ခံမှုက ဘယ်လိုပါလဲဆရာ။ လိုအပ်ရင် သားကြောဖြတ်ပေးထားတဲ့ ဆရာဝန်လက်မှတ်နဲ့ဆေးရုံပါ ပူးတွဲဖော်ပြပါမယ်ဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်ဆရာ။ အခုကျွန်တော့်အမျိုးသမီး ကိုယ်ဝန်နှစ်လရှိပါပြီဆရာ။

ဆောရီး။ ဘယ်နည်းမှ ၁၀ဝ ရာခိုင်နှုန်းဆိုတာမရှိပါ။

WHO ၂၀ဝ၇ ခုနှစ် တားဆေးတားနည်းတွေနဲ့ ကိုယ်ဝန်ရနှုန်း တစ်နှစ်တာဆန်းစစ်ချက်

– အကာအကွယ်မသုံးသူ = ၈၅ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– သုက်ရည်ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– ရက်ရှောင်နည်းသုံးသူ = ၅-၁၂ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ ဒသမ ၃-၈ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

– ထိုးဆေးထိုးသူ = ဝ ဒသမ ဝ၅-၃ ရာခိုင်နှုန်း ကိုယ်ဝန်ရမယ်။

အမျိုးသမီးကို ရာသက်ပန် သားသမီးမရအောင် လုပ်နည်း ၂ နည်းရှိတယ်။ အများဆုံးသုံးပြီး အများလည်းသိတဲ့နည်းကတော့ သားအိမ်ပြွန်ကို ခြည်ဖြတ်နည်းပါ။ သားအိမ်ပြွန်ထဲကို (စပရင်)လို တစ်ခုထည့်ပေးနည်းက နောက်တစ်မျိုးပါ။ မြန်မာပြည်မှာအများဆုံးသုံးတဲ့ ပဌမနည်းကိုပဲရေးပါမယ်။

အမျိုးသမီးတွေဟာ အရွယ်ရောက်ချိန်ကစပြီး သွေးမဆုံးခင်အထိ လစဉ် မ-မျိုးဥအိမ်ကနေ မျိုးဥတစ်လုံးထွက်ပေးနေတယ်။ တကယ်လို့ ကျားသုက်ပိုးဝင်လာမယ်ဆိုရင် သားအိမ်ပြွန်ခေါ်တဲ့ ချိုနဲ့လည်းတူတဲ့ နှစ်ချောင်းလည်းရှိတဲ့ အခေါင်းပါပြွန်ရဲ့ အပြင်ထိပ်ပေါက်နေ မျိုးဥကသားအိမ်ထဲ ဝင်လာလိမ့်မယ်။ ပြွန်ထဲမှာ ဖူးစာဆုံပေါင်းစပ်ရာကနေ သန္ဓေတည်တယ်။ သူတို့တတွေ မတွေ့-မဆုံ-မပေါင်းစပ်နိုင်အောင် ပြွန်လမ်းကို အသေပိတ်လိုက်တဲ့နည်းက Tubal Ligation ဖြစ်ပါတယ်။

ခွဲနည်း ၂နည်းရှိတယ်။ Laparoscope ပစ္စည်းကိရိယာနဲ့ အပြင်လူနာအနေနဲ့ ထုံဆေးနဲ့လုပ်လို့ရတယ်။ တိုင်းပြည်အများအပြားမှာတော့ ဆေးရုံခဏတင်၊ ခါးထုံဆေးနဲ့ ခွဲပေးတတ်တယ်။ မကြာပါဘူး။ ခွဲပြီး ၇ရက်မှာ ချုပ်ရိုးဖြေတာ မစောင့်ချင်ရင် စောစောအိမ်ပြန်လွှတ်မှာပါ။ ကလေးမွေးပြီး ၂ပတ်အတွင်းခွဲရင် ဆရာဝန်အတွက် ပိုလွယ်တယ်။ သားအိမ်က မြင့်နေသေးတာမို့ အောက်အတွင်းထဲအထိနှိုက်စရာမလိုဘူး။ ဘယ်နည်းနဲ့ခွဲခွဲ ခွဲစိတ်တဲ့နေရာက နာတာသက်သာတာနဲ့ အိမ်ထောင်နဲ့အတူ ပြန်နေလို့ရတယ်။ ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။

၉၉ ဒသမ ၅ ရာခိုင်နှုန်းထိရောက်တယ်တယ်။ ဒီအထဲမှာ သားအိမ်ပြင်ပ သန္ဓေတည်တာတော့ ကံမကောင်းရင်ဖြစ်နိုင်တယ်။ အတော်တော့ရှားပါတယ်။ အဲလို ချည်-ဖြတ်ပြီးမှ ပြန်လိုချင်ပြန်လို့ နောက်ထပ်ခွဲစိတ်ပြုပြင်ရသူတွေမှာ အဲလိုဖြစ်တာ ပိုများတတ်တယ်။ ရှားတာလေးတွေလည်းရှိသေးတယ်။ ရာသီဖြစ်စဉ်ပြောင်းသွားလို့ လာတဲ့အချိန်မှာ နာတာ၊ ကြားရက်ဆင်းတာ၊ မလာဘဲနေတာ။ ဒါလည်း ဖြစ်တဲ့သူမများလှပါဘူး။

အားကောင်းချက်တွေ အရင်သိရအောင်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်းထိရောက်တယ်။ မလိုချင်တော့တဲ့ ကလေးရမှာ ကြောင့်ကြမှုကင်းသွားမယ်။ ကုန်ကျစရိတ်မများပါ။ မ-မျိုးဥအိမ်ကင်ဆာဖြစ်တာ နည်းတာကို တွေ့လာရတယ်။ သားကြောဖြတ်ထားသူ အမျိုးသမီးမှာ ဆက်ဆံစိတ်မျိုး ဘာမှထူးခြားပြောင်းလဲစရာမရှိပါ။ တချို့ဆိုရင် ကိုယ်ဝန်ရမှာမျိုး စိုးရိမ်စိတ်မရှိတော့တာမို့ ပိုလို့တောင် စိတ်ဖြစ်ပေါ်လာသေးပါတယ်။ အဲ . . ခင်ပွန်းအပေါ်သစ္စာစောင့်ရပါလိမ့်မယ်။

တစ်ကမ္ဘာလုံးမှာ အမျိုးသမီး ၃၃ရာခိုင်နှုန်းက ဒီနည်းလုပ်ထားကြပါတယ်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ ကြရာနှုန်းပိုများတယ်။ မြန်မာပြည်မှာ ဥပဒေအရ ဘုတ်အဖွဲ့ကနေကျမှသာ လုပ်ခွင့်ရှိတယ်။ လူဦးရေများတဲ့ တိုင်းပြည်တွေမှာ အလကားလုပ်ပေးတယ်။ အားပေးတယ်။ တချို့ဆီမှာ အတင်းအဓမ္မအလုပ်ခိုင်းတယ်။ အားနည်းချက်တွေလည်း သိထားပါ။ ခွဲစိတ်တာခံရမယ်။ ယောကျာ်းတွေကို လုပ်ရတာထက် နည်းနည်းရှုပ်ထွေးတယ်။ ပြန်ဆက်ချင်ရင် ပိုခက်တယ်။ ဆုံးဖြတ်ချက်ကို ခိုင်မာပြီးမှလုပ်သင့်တယ်။ ယောကျာ်းတွေကို လုပ်ကြတာထက် အဆ ၄၀ အမျိုးသမီးတွေမှာလုပ်နေကြပါတယ်။ လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။ ၁၀ဝရာခိုင်နှုန်းတော့ အာမမခံပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top