Healthy Life Ad
Child

သွေးလွန်တုပ်ကွေးရောဂါ

ဒေါက်တာသီရိ (MBBS,MPH,DCH)

သွေးလန့်တာမဖြစ်ခင် အဖျားကျသွားတတ်ပါတယ်။ အဲဒီတော့နေကောင်းသွားပြီထင်ပြီး အန္တရာယ်လက္ခဏာတွေကို လျစ်လျူရှုမိတတ်ပါတယ်။ အန္တရာယ်လက္ခဏာ တွေပေါ်လာပြီးနောက် ၂၄-၄၈နာရီက အင်မတန်အရေးကြီးပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန် တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ Aedes အေးဒီးစ်လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။

– ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ
အသက်သုံးနှစ်ကနေ ၁၅ နှစ်အတွင်း ကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမဲ့ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလည်း အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်း ကွာပါတယ်။

– ရောဂါလက္ခဏာက ဘာတွေလဲ
အများအားဖြင့် ပြင်းထန်တဲ့ တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေ ဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျား လို့တောင်ခေါ်ရလောက်အောင် တစ်ခါတစ်ရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ ခြင်ကိုက်ခံရပြီး သုံးရက်ကနေ ၁၄ ရက်လောက် အတွင်းမှာ ချမ်းတုန်ပြီး အဖျားကြီးခြင်း၊ မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း၊ အကျိတ်တွေ ရောင်လာခြင်း၊ အရိုးအဆစ်ကြွက်သားတွေနာခြင်း၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ပြီး နုန်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတွေလည်းဖြစ်တတ်ပါတယ်။ အရေပြားပေါ် သုံးရက်မြောက်နေ့မှာ အနီစက်တွေလည်း ပေါ်လာတတ်ပါတယ်။ အဖျားကတော့ အများအားဖြင့် တစ်ပတ်လောက်ကြာတတ်ပါတယ်။

– အထူးသတိထားရန်
သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးတွေရဲ့ငါးရာခိုင်နှုန်းလောက်မှာ ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်ကို ရောက်သွားတတ်ပြီးတော့ သွေးယိုတာ၊ သွေးလန့်တာတွေဖြစ်ပြီး အသက်အန္တရာယ်ပါ ရှိနိုင်ပါတယ်။

– အန္တရာယ်လက္ခဏာများ
ဗိုက်အရမ်းနာခြင်း၊
အသက်ရှူမြန်ခြင်း၊
ကော်ဖီရောင် အန်ခြင်း၊
အဆက်မပြတ် အန်ခြင်း၊
သွားဖုံးသွေးယိုခြင်း၊
ကလေးအရမ်းပျော့ခွေနေခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း။ သွေးလန့်တာက အများအားဖြင့် ဖျားပြီး သုံးရက်ကနေ တစ်ပတ်အတွင်းဖြစ်တတ်ပါတယ်။

– အထူးသတိပြုရန်
သွေးလန့်တာမဖြစ်ခင် အဖျားကျသွားတတ်ပါတယ်။ အဲဒီတော့ နေကောင်းသွားပြီထင်ပြီး အန္တရာယ် လက္ခဏာတွေကို လျစ်လျူရှုမိတတ်ပါတယ်။
အန္တရာယ်လက္ခဏာတွေပေါ်လာပြီးနောက် ၂၄-၄၈နာရီက အင်မတန်အရေးကြီးပါတယ်။ ဆေးရုံမှာ ကြပ်ကြပ်မတ်မတ်ကုမှ နောက်ဆက်တွဲဆိုးကျိုးတွေ၊ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။

– ဘယ်လိုကူးတာလဲ
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ရှိနေတဲ့ လူကို နေ့ဘက်မှာကိုက်တဲ့ ရေကြည်ရေသန့်မှာ ပေါက်တဲ့ Aedes လို့ခေါ်တဲ့ ခြင်ကိုက်လိုက်တော့ ခြင်ရဲ့ကိုယ် ထဲမှာ ဗိုင်းရပ်စ်တွေက ပွားနေပါတယ်။ အဲဒီခြင်က ပြန်ကိုက်တဲ့ လူမှာရောဂါဖြစ်စေတာပါ။

– ဘယ်လိုကာကွယ်မလဲ
ခြင်ကိုက်မခံရအောင်-
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးပါ။
ကလေးအိပ်ရင် ခြင်ထောင်ထောင်ပါ။
ဆေးစိမ်ခြင်ထောင်သုံးပါ။
ခြင်မကိုက်အောင်လိမ်းတဲ့ ဆေး (mosquito repellent) လိမ်းပေးပါ။
ကလေးကို အလင်းရောင်ရတဲ့နေရာမှာ ကစားခိုင်းပါ။

– ခြင်မရှိအောင် ဖုံးသွန်လဲစစ်လုပ်ပါ။
ရေစည်၊ ရေအိုး၊ ရေလှောင်ကန်တွကို ဖုံးအုပ် ထားပါ။
ပိုးလောက်လန်းပေါက်ဖွားနိုင်တဲ့ ရေဝပ်နိုင်တဲ့ ချိုင့်ခွက်တွေကို မြေဖို့ပါ။
ပန်းအိုးရေအိုးတွေကို နေ့စဉ်တိုက်ချွတ်ပြီး ရေ လဲလှယ်ပါ။ မိုးရေတင်နိုင်တဲ့ အိုးဟောင်း၊ တာယာ ဟောင်းတွေကို စွန့်ပစ်ပါ။

– ကုသနည်း
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါမို့လို့ ပိုးသတ်ဆေးမလိုပါဘူး။ နာကျင်ကိုက်ခဲတာတွေ ဖျားနာတာတွေအတွက် ပါရာစီတမောတိုက်ပါ။ အရည်များများ တိုက်ပါ။

အန္တရာယ်လက္ခဏာတွေကို အထူးသတိထား စောင့်ကြည့်ပါ။ အကယ်၍ ပေါ်ပေါက်လာပါက၊ မသေချာရင်ဆေးရုံချက်ချင်းသွားပြီး စစ်ဆေးကုသမှုခံ ယူပါ။

– (Reference: Dengue, communicable diseases fact sheet. New South Wales Government Health. Australia. DHF fact sheet. MOH. Myanmar.)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top