Healthy Life Ad
Child

ကလေးအူစွပ်ခြင်း

ဒေါက်တာသီရိ (MBBS,MPH,DCH)

ဘားအံတွင် အသက် ၁၁ လအရွယ် သမီး လေးတစ်ယောက် အူစွပ်ပြီး ဆုံးသွားသည့် အကြောင်းကို မိခင်ဖြစ်သူက ဖေ့စ်ဘွတ်ခ်တွင် တင်လိုက်ရာ လူအများ စိတ်မကောင်းဖြစ်ကြရ သည်။ ကလေးမိဘများလည်း ထိတ်လန့်သွားခဲ့ ကြသည်။ ကလေးမိခင်က သမီးလေးကို ဆေးရုံ သို့ပို့ဆောင်ခဲ့သော်လည်း အတာသင်္ကြန်အခါ သမယဖြစ်နေသောကြောင့် အချိန်မီခွဲစိတ်ခွင့် မရခဲ့၍ ယခုလို သေဆုံးရကြောင်း ဆိုထားသည်။ သို့ဖြစ်ရာ ထိုအကြောင်းနှင့်ပတ်သက်၍ Healthy Life ဂျာနယ်စာဖတ်သူလူကြီးမိဘအားလုံး ပြည့်ပြည့်စုံစုံသိနားလည်စေရန် ကလေး အူစွပ်ခြင်း ဆောင်းပါးကိုဖော်ပြပေးလိုက်ပါသည်။
အယ်ဒီတာ

ကလေးအူစွပ်တယ်ဆိုတာ အရမ်းဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမဲ့ ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မီ သိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ ရတဲ့ ရောဂါပါ။ အများအားဖြင့် အသက်သုံးလကနေ တစ်နှစ် အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။

ဘယ်လိုဖြစ်တာလဲ
ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တစ်ပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်ရှားမှုကမောက်ကမ ဖြစ်ပြီး နောက်အူတစ်ပိုင်းထဲကို တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီစွပ်ဝင်သွားတဲ့ အူရဲ့ သွေးလည်ပတ်မှု နည်းလာပြီး အူနံရံတွေက တဖြည်းဖြည်း ဖောင်းလာကာ နောက်ဆုံးမှာ အူပိတ်သွားတာပါ။ ဖြစ်ရတဲ့အကြောင်းရင်းကို သေချာမသိပါဘူး။

ရောဂါလက္ခဏာတွေက ဘာတွေလဲ
စားလိုက်တဲ့ အစားအစာတွေကို ပုံမှန်အားဖြင့် အူနံရံမှာရှိတဲ့ ကြွက်သားမျှင်တွေရဲ့လှုပ်ရှားမှုနဲ့ တဖြည်းဖြည်း ရှေ့ကိုရွေ့အောင်လုပ်ပေးပါတယ်။ အူကျွံနေတဲ့အခါ ပိတ်နေတဲ့ အူအစိတ်အပိုင်းကို အစာလို့ပဲထင်ပြီး အူနံရံကြွက်သားတွေက အလုပ်ပိုလုပ်ပြီး ရှေ့ကိုပို့နိုင်အောင်ကြိုးစားရင်း အူက ပိုပြီး ကျွံဝင်လာပါတယ်။

ကလေးက ဗိုက်အရမ်းနာတဲ့အတွက်ကြောင့် ဘယ်လိုမှ ချော့မရအောင်ငိုမယ်။ အစပိုင်း အူလှုပ်ရှားမှု နည်းနည်းနည်းပြီး ငြိမ်တဲ့အချိန်မှာ အငိုတိတ်သွားမယ်။ ပြီးရင် တက်မတတ်၊ ချက်မတတ် ပြန်ငိုမယ်။ ထူးခြားချက်ကတော့ အူစွပ်နေတဲ့ကလေးလေးတွေက ငိုပြီဆိုရင် သူတို့ဗိုက်နာတာလေးတွေ သက်သာအောင် ဒူးလေးတွေ ဗိုက်နားအထိကပ်ပြီး အသံကုန်ခြစ်ငိုလေ့ရှိပါတယ်။

ကလေးက အရမ်းနေမကောင်းဖြစ်လာရင်တော့ ဖြူဖျော့ပြီး သိပ်မငိုနိုင်၊ မလှုပ်ရှားတော့ပါဘူး။
အူပိတ်တဲ့အတွက်ကြောင့် သည်းခြေရည်ပါတဲ့ အစိမ်းရောင် အရည်တွေ အန်နိုင်ပါတယ်။ အူပိတ်တဲ့နေရာက တဖြည်းဖြည်းနဲ့ယိုစိမ့်ထွက်လာတဲ့သွေးတွေနဲ့ အကျိအချွဲတွေနဲ့ပေါင်းပြီး အနီရောင်ဂျယ်လီလို ဝမ်းတွေသွားနိုင်ပါတယ်။ ဒါပေမဲ့ဒါက ကုသဖို့နောက်ကျတဲ့ဆိုးဝါးတဲ့ ရောဂါလက္ခဏာပါ။ အန်တာ၊ အစာမစားနိုင်တာ၊ အူတွင်း သွေးယိုတာတွေကြောင့် ကလေးငယ်ဟာ ရေဓာတ်ဆုံးရှုံးမှု အလျင်အမြန် ဖြစ်လာနိုင်ပါတယ်။

ကုသခြင်း
အချိန်မီသိပြီး ကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ Fluid/ air enema စအိုထဲကနေ အရည်တစ်မျိုး / လေကို ဖိအားနဲ့ပေးပြီး စွပ်နေတဲ့အူကို လျော့သွားအောင်လုပ်လို့ရပါတယ်။ တချို့ကလေးတွေမှာတော့ ခွဲစိတ်ကုသမှုအထိ လိုအပ်ပါတယ်။

နောက်ဆက်တွဲပြသနာများ
ကလေးအများစုကတော့ ဘာနောက်ဆက်တွဲ ပြဿနာမှ ဖြစ်လေ့မရှိပါဘူး။ အူစွပ်ဖူးတဲ့ကလေးရဲ့ ၁၀ ရာခိုင်နှုန်းမှာတော့ ပြန်ဖြစ်လေ့ရှိပါတယ်။

Ref: 1. Royal Melbourne clinical guideline, Australian.
2. www.uptodate.com

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top