Healthy Life Ad
Life Style

ဆရာဝန်ညွှန်ကြားချက်ကို တသွေမတိမ်းလိုက်နာရင်း သွေးကင်ဆာကျော်ဖြတ်နိုင်ခဲ့သူ ကိုမျိုးမင်းစိုး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကုမ္ပဏီအလုပ်မှ ထွက်ကာ မိသားစုရုံးသွားရုံးပြန်အကြိုအပို့ ကားမောင်းနေရင်း ကိုမျိုးမင်းစိုးသည် မူးဝေသော ဝေဒနာကို စတင်ခံစားခဲ့ရသည်။ ထိုအချိန်က သူ့အသက် ၃၈နှစ်။ သွေးကင်ဆာဆိုသော ရောဂါကို ကြားဖူးထားသော်လည်း ရောဂါအကြောင်း သေသေချာချာမသိသေး။

“ဒီရောဂါလို့မသိခင် သုံးလလောက်အလိုမှာ ကားမောင်းရင် မူးတယ်၊ ဘာဖြစ်မှန်းမသိဘူး၊ ဆေးတွေ လှိမ့်သောက်နေတယ်။ တစ်လခွဲလောက် ကြာတယ်။ နောက်ပိုင်း မျက်လုံးတွေပါတယ်။ ခေါင်းတွေလည်း ကိုက်လာတယ်။ ခေါင်းကိုက်တာကလည်း ပွင့်ထွက်တော့မယ့်အတိုင်းပဲ။ အဲဒါနဲ့ မျက်စိဆေးခန်းသွားတယ်။ ဆေးခန်းကလည်း မျက်လုံးမှုန်တာ၊ ပြုတာ ဘာမှမဖြစ်ဘူး၊ ကောင်းတယ်လို့ဆိုတယ်။ ပြီးလည်း ပြီးရောလှည်း တန်းက မိသားစုဆရာဝန်နဲ့ပြတယ်။ ဒီရောဂါဖြစ်တယ်လို့ သိဖို့ ၁၀ ရက်လောက် အလိုကျတော့ အရေပြားမှာ အညိုကွက်တွေပေါ်လာတယ်၊ ဆရာမက -“သိပ်မကြိုက်ဘူး၊ သွေးစစ်ကြည့်”ဆိုတာနဲ့ အဲဒီနေ့မှာပဲ စစ်လိုက်တယ်။ အဖြေရလာတော့ ပါမောက္ခဒေါ်အေးအေးကြီးနဲ့ပြဖို့ လွှဲတာနဲ့ ဆရာမကြီးဆီသွားပြဖြစ်ခဲ့တယ်။ ဆရာမ ကြီးက ၄၅ မိနစ်-တစ်နာရီနီးပါး သေချာအချိန်ပေးပြီး ရှင်းပြခဲ့တယ်”ဟု ကိုမျိုးမင်းစိုးက ဆိုသည်။

“သွေးကင်ဆာလက္ခဏာဖြစ်လို့ မနက်ဖြန် ဆေးရုံတက်ပါ”ဆိုသော စကားကြောင့်သာ ဆေး ရုံစတက်ခဲ့ရသော်လည်း ထိုအချိန်က ပြည့်ဖြိုးစို ပြည်သော ခန္ဓာကိုယ်ရှိသူ ကိုမျိုးမင်းစိုးသည် သူ့ကိုယ်သူ သွေးကင်ဆာရှိမှန်း မယုံကြည်နိုင်ခဲ့ပေ။ ထို့အတူ သူ၏ပါရမီဖြည့်ဖက် ဇနီးသည် မနှင်းသီတာအေးကလည်း ထင်မှတ်မထားခဲ့။

“ဆေးရုံကို ဇွန်လ ၂၉ရက်နေ့မှာ တက်တယ်၊ ၃၀ ရက်နေ့ကျတော့ လက်ထိပ်ဖောက်ပြီး စစ်ရင်း တီဗီထဲမှာ ခေါ်ပြခဲ့တယ်။ ဆဲလ်တွေက ဒီလိုတော့ရှိတယ်။ ဒါပေမဲ့ ဂရုစိုက်ပြီးကုရင် ရနိုင်သေးတယ်။ ရိုးတွင်းခြင်ဆီဖောက်ပြီး နိုင်ငံခြားကို ပို့စစ်မလားဆိုတော့ အစ်မတို့က ပို့စစ်လိုက်တယ်။ ၁၀ရက်လောက် ကြာမယ်လို့ ပြောပေမယ့် သုံးရက်နဲ့အဖြေရခဲ့တယ်။ အဲဒီ အဖြေမရသေးခင်မှာ ဆရာမကြီးတို့က အားဆင်းနစ်ထိုးဆေးနဲ့သောက် ဆေးကိုပေးနေပြီ။ အဲဒီမှာရလာတဲ့ အဖြေကလည်း ကုပေးနေတဲ့ ဆေးနဲ့ ကွက်တိဖြစ်နေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အဆိုးထဲက အကောင်းပေါ့။ အဲဒီကုထုံးအတိုင်း တစ်လလောက်ဆက်ကုခဲ့တယ်။ တစ်လပြည့်တော့ ဆရာဝန်က တစ်ပတ်လောက် ပေးဆင်းမယ်ဆိုပြီး ပြောပေမယ့်ဖြစ်ချင်တော့ တစ်လမပြည့်ခင် ၂၉ ရက်မြောက်နေ့မှာ ဖျားသွားသေးတယ်”ဟု သွေးကင်ဆာကုသမှု ခရီးစဉ်အစပိုင်းကာလအကြောင်း မနှင်းသီတာအေးက ပြောပြခဲ့သည်။

ကိုမျိုးမင်းစိုး သွေးကင်ဆာဖြစ်မှန်းသိသည်နှင့် ကုမ္ပဏီတစ်ခုတွင် Admin Account Executive အဖြစ် ထမ်းဆောင်နေသော ဇနီးဖြစ်သူ မနှင်းသီတာအေးသည် ချက်ချင်းအလုပ်မှ ထွက်ကာ ခင်ပွန်းဖြစ်သူအား ဆေးရုံတွင် အနီးကပ် နေ့ရောညပါ ပြုစုစောင့်ရှောက်မှုပေးခဲ့တော့သည်။

“အစ်မပဲ နေ့ရော ညပါပြုစုခဲ့တာ။ အဲဒီ ဆေးရုံမှာ အမျိုးသားလူနာကို အမျိုးသားပဲစောင့်ဆိုတဲ့ စည်းကမ်းမထားဘူး၊ တစ်ယောက်စောင့်လို့ရတယ်ဆိုတော့ အစ်မတစ်ယောက်တည်းပဲ စောင့်တယ်။ လူနာကို ဘယ်လိုပြုစုရမယ်၊ ဘယ်လို ကျွေးရမယ်ဆိုတဲ့ ဆရာဝန်တွေ ပြောသမျှစကားတိုင်းကို အစ်မက အကုန် နားထောင်တယ်၊ လိုက်နာခဲ့တယ်။ နားထောင်တာ လွတ်သွားရင်၊ မရှင်းရင်အစ်မက ပြန်မေးတာ။ ပြန်မေးသမျှကိုလည်း ဆေးရုံက ဆရာဝန်အကြီး၊ အငယ်တွေတင်မက သူနာပြုဆရာမတွေကပါ စိတ်ရှည်လက်ရှည်ကို ရှင်းပြပေးတယ်။ ဆေးရုံမှာဆိုတော့ အခန်းခ သက်သာတယ်၊ ဆေးထိုးအပ်၊ အနာကပ်ပလတ် စတာ အကုန်အလကားရတယ်။ ဆေးတွေကတော့ ချို့တဲ့သူတွေဆိုရင် ထောက်ပံ့တယ်။ ဒါပေမဲ့ အစ်မတို့က ဆေးတွေကို ကိုယ့်ဘာသာကျေကျေနပ်နပ် ဝယ်ပြီးကုတယ်”ဟု ကိုမျိုးမင်းစိုးအား အနီးကပ် ပြုစုပေးခဲ့သည့် မနှင်းသီတာအေးက ပြောပြခဲ့သည်။

သွေးကင်ဆာလူနာတို့ ဆေးကုသမှုခံယူစဉ် အရေးပါဆုံး အရာမှာ သန့်ရှင်းရေးပင်။ လူနာအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အခန်းသန့်ရှင်းရေး၊ အစားအသောက်သန့်ရှင်းရေးတို့မှာ အထူးအရေးကြီး လှပေသည်။

အစားအသောက်ကတော့ လမ်းဘေးအစားအသောက် လုံးဝမစားရဘူး။ အဲဒါနဲ့ သူ့ကို ခေါက်ဆွဲသုပ်ကျွေးချင်ရင် အိမ်ကနေ ဆီချက်၊ ပဲမှုန့် စသဖြင့် ယူသွားပြီး စားခါနီးမှ ခေါက်ဆွဲပြုတ်ပြီး ကိုယ်တိုင်သုပ်ကျွေးတယ်။ ပန်းသီးစားချင်တယ်ဆိုရင် ပန်းသီး တွေ့တာနဲ့ဆရာဝန်တွေက ရေစိမ်ပြီးပြီလားလို့ အမြဲမေး တယ်။ တစ်နာရီ ရေစိမ်ပါလို့ပြောရင် အစ်မက တစ်နာရီအတိ ရေစိမ်တယ် …

“အစားအသောက်ကတော့ လမ်းဘေးအစားအသောက် လုံးဝမစားရဘူး။ အဲဒါနဲ့ သူ့ကို ခေါက်ဆွဲ သုပ်ကျွေးချင်ရင် အိမ်ကနေ ဆီချက်၊ ပဲမှုန့် စသဖြင့် ယူသွားပြီး စားခါနီးမှ ခေါက်ဆွဲပြုတ်ပြီး ကိုယ်တိုင်သုပ်ကျွေးတယ်။ ပန်းသီးစားချင်တယ်ဆိုရင် ပန်းသီးတွေ့တာနဲ့ဆရာဝန်တွေက ရေစိမ်ပြီးပြီလားလို့ အမြဲမေးတယ်။ တစ်နာရီ ရေစိမ်ပါလို့ပြောရင် အစ်မက တစ်နာရီအတိ ရေစိမ်တယ်၊ အဲဒီ့အချိန်ထက်ကျော်ရင် ကျော်ပစေထားပြီးမှ အခွံကိုသေချာနွှာပြီး ကျွေးတယ်။ ကိုယ်ကလည်း တစ်လက်ကိုင်ပဲဆိုတော့ အဆင်ပြေတယ်။ ကိုမျိုးမင်းစိုးကလည်း အစားအသောက်ပျက်တာ လုံးဝမဖြစ်ခဲ့ဘူး။ အစားအသောက်ကို ပုံမှန်စားနိုင်တဲ့အတွက် ဆေးကုသမှုကို ခံနိုင်ရည်ရှိတယ်လို့ ထင်တယ်”ဟု မနှင်းသီတာအေးက ဆိုသည်။

ဆေးကုသမှုခံယူနေစဉ် ဝက်သားနှင့်ဖရဲသီးကို ရှောင်ခိုင်းပြီး နီရဲသည့် အစားအစာများကိုဆင်ခြင်ခိုင်းကြောင်း သိရသည်။
“လူနာလာမေးတဲ့ သူတွေရှိပေမယ့် အစ်မက ပေးမဝင်ဘူး။ သူငယ်ချင်းမိတ်ဆွေတွေ လာမေးတဲ့အခါ အစ်မပဲ ထွက်တွေ့တယ်။ အစ်မက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သက်ဝင်တော့ ကံကံ၏ အကျိုးကို ယုံကြည်တယ်။ ဆေးသောက်ရင် သရဏံ ဂုဏ်သုံးပါးရွတ်ပြီးမှ သောက်ဖို့ အစ်မက သူ့ကို အမြဲ သတိပေးတယ်။ သူမရွတ်နိုင်လောက်အောင် မောနေရင် အစ်မရွတ်ပေးတယ်။ ရေဆိုလည်း ဘုရား စာရွတ်ပြီးတိုက်တယ်။ သူပိုပင်ပန်းမှာစိုးလို့ လူနာ ရှေ့မှာ အစ်မဘယ်တော့မှ မငိုဘူး။ အရမ်းဝမ်းနည်းလာရင် အိမ်သာထဲသွားငိုပြီး သနပ်ခါးတွေဘာတွေ လိမ်းပြီးမှ သူ့ဆီပြန်သွားတယ်”ဟု မနှင်းသီတာအေးက သူပြုစုစောင့်ရှောက်မှုပေးစဉ် အတွေ့ အကြုံများကို မျှဝေခဲ့သည်။

ဆေးရုံတွင် နှစ်လကြာ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး နောက်ပိုင်းတွင်အိမ်မှဆေးရုံသို့ ကင်ဆာဆေးသွင်းကုသမှု ခံယူခဲ့ကြောင်း၊ ရိုးတွင်းခြင်ဆီစစ်ဆေးမှုကို လေးကြိမ်ပြုလုပ်ခဲ့ရပြီး ဆေးကုသပြီးနောက်ပိုင်း စစ်ဆေးဖြစ်ခဲ့သည့် နှစ်ကြိမ်စလုံးခြင်ဆီထဲ ကင်ဆာဆဲလ်မရှိတော့ကြောင်း သိရသည်။ ထိုသို့ ဆေးကုသမှု အောင်မြင်ရခြင်းမှာ မေတ္တာ၊ စေတနာအပြည့်ဖြင့် ကုသမှုပေးသည့် ဆရာဝန်၊ ဆရာမများ၏ ညွှန်ကြားချက်တို့ကို ၉၉ ရာခိုင်နှုန်းနီးပါးအထိ လက်ခံလိုက်နာခဲ့ခြင်းသည် အဓိကကျလိမ့်မည်ဟု ကိုမျိုးမင်းစိုးတို့ဇနီးမောင်နှံ နှစ်ယောက်စလုံး ယုံကြည်ထားသည်။ အရေးပါသည့် နောက်တစ်ချက်မှာ လုံးဝအားမလျှော့ဘဲ စိတ်ဓာတ် ခိုင်မာခြင်းပင်ဖြစ်ကြောင်း ကိုမျိုးမင်းစိုးက ဆိုသည်။

“တစ်ခါမှာ အခန်းထဲက ကလေးလူနာတစ်ယောက်ဖျားတော့ ပိုးကူးပြီး အကြီးအကျယ်ဖျားခဲ့တယ်။ သေဖို့ တစ်ကြိမ်ကြုံရော အောက်ဆီဂျင်ကလည်း ပေးထားတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ် ကိုယ်စဉ်းစားတယ်။ ငါသေလို့ ဖြစ်မလားဆိုပြီး ပြန်တွေးတယ်၊ သေရင်ဘယ်သွားမလဲ . . ငရဲသွားမှာပဲ၊ ဒီတော့ သေလို့မဖြစ်သေးဘူးဆိုပြီး ကုသိုလ်ဒါန များများပြုချင်သေးတဲ့အတွက် အသက်ရှင်ချင်ပါတယ်ဆိုပြီး အဓိဋ္ဌာန်ပြုလိုက်တယ်။ ပြီးတော့ ငါမသေရဘူးဆိုပြီး စိတ်ဓာတ်ကို တင်းထားတယ်။ ဘုရား၊ တရားများများလုပ်တယ်၊ အဓိကကတော့ တရားမှတ်တယ်။ အရင်တုန်းကတော့ ဘုရားရှိခိုးတယ်၊ ဝိပဿနာတရား အနည်းအကျဉ်း အားထုတ်ဖြစ်ခဲ့တယ်။ ပုံမှန်တော့ မလုပ်ဖြစ်ဘူး။ အဓိကကတော့ စိတ်ဓာတ်ကိုခိုင်မာအောင် ထားရတာပါပဲ။

နောက်တစ်ချက်က အတော်ကို ကောင်းတဲ့ ပြည်သူ့ဆေးရုံမှာ တက်ခဲ့ရတယ်။ ဆရာဝန်ကြီးတွေ၊ ဆရာမတွေအကုန်လုံးကလည်း လူနာတွေကိုမဆူဘူး၊ မငေါက်ဘူး၊ သီချင်းတွေ အော်ဆိုနေလည်း ခွင့်ပြုတယ်။ လူနာတွေကို စိတ်ချမ်းသာအောင်ထားတယ်။ ဆရာမကြီး ဒေါ်အေးအေးကြီးက လူနာတွေအပေါ် အရမ်းကောင်းတော့ တခြားအငယ်တွေကလည်း အကုန်လုံး စိတ်ထားကောင်းကြတယ်၊ စေတနာထားကြတယ်။ ဆရာဝန်တွေက အမြဲမျက်ခြေမပြတ်ကို ပြုစုကြတာ။ ဘာကိုပဲဖြစ်ဖြစ် မေးလိုက်ရင်လည်း စိတ်ရှည်လက်ရှည်ဖြေပေးတယ်”ဟု ကင်ဆာကျော်ဖြတ် အောင်မြင်ခဲ့သည့် သူ့အတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့သည်။

မျိုးရိုးအရ သွေးကင်ဆာအပါအဝင် ကင်ဆာဖြစ်သူပင် မရှိခဲ့သည့် ကိုမျိုးမင်းစိုးသည်-
“ကင်ဆာမဖြစ်ခင် ငါးလလောက်မှာ အစ်ကိုက အိမ်သုတ်ဆေးတွေကို ကိုယ့်ဘာသာသုတ်ဖူးတယ်။ ပြီးတော့ အရင်ကုမ္ပဏီမှာ အလုပ်လုပ်တုန်းက ညဆိုင်းဆင်းရင် ခြင်ဆေးခွေတွေကို ပတ်ပတ်လည် ထွန်းအိပ်တာမျိုးလုပ်ဖြစ်တယ်။ အဲဒီကရှူရှိုက်မိတဲ့ ဓာတုပစ္စည်းတွေက ကိုယ်ခံအားနည်းတဲ့အချိန်မှာ စုဖြစ်တယ်လို့ အစ်ကို ထင်ပါတယ်။ အစ်ကိုက အရက်၊ ဆေးလိပ်တွေလည်း မသောက်ဘူးလေ”ဟု ကင်ဆာဖြစ်ခြင်းနှင့် ပတ်သက်၍ သူ့ထင်မြင်ချက်ကို ပြောပြခဲ့သည်။

ယခုအခါ ကျန်းမာလန်းဆန်းစွာဖြင့် တက္ကစီကားမောင်းသည့် အလုပ်ကိုလုပ်ဆောင်နေသော ကိုမျိုးမင်းစိုးသည် ဒါန၊ သီလ၊ ဘာဝနာကုသိုလ် တို့ကို ပိုမိုပြုလုပ်ဖြစ်နေကြောင်း သိရသည်။

“အခုနောက်ပိုင်း တက္ကစီပြန်မောင်းတယ်။ ရလာတဲ့ ချွေးနဲစာလေးနဲ့ စာသင်သားသံဃာလေးတွေကို လစဉ်ဆွမ်းကပ်တယ်၊ အလှူအတန်းတွေကို တတ်နိုင်သမျှလုပ်တယ်။ လစဉ်တရား ထိုင်တယ်၊ ဘဝတူ သွေးကင်ဆာရောဂါသည်တွေကို MLLS(Myanmar Leukemia-Lymphoma Society) အသင်းမှာ ပါဝင်လုပ်ဆောင်ဖြစ်ပါတယ်။ အရက်၊ ဆေးလိပ်မသောက်ဘူး၊ လက်ဖက်ရည်တောင် မသောက်ဘူး။ အစားအသောက်ဆိုရင် အပြင်စာမစားဘူး။ အများအားဖြင့် အိမ်မှာချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုပဲ စားတယ်”ဟု ပြောပြခဲ့ပြီး ကင်ဆာဝေဒနာရှင်တို့အား-

“အားမလျှော့ပါနဲ့။ စိတ်ဓာတ်ကို ကြံ့ကြံ့ခံနိုင် အောင်ကြိုးစားပါ။ ကာယကံရှင်က စိတ်ဓာတ်ခိုင်မာဖို့လိုတဲ့အပြင် ပြုစုစောင့်ရှောက်တဲ့ သူတွေကလည်း အစားအသောက်ကအစ၊ ဆရာဝန်ညွှန် ကြားသမျှအကုန်လုံးကို သေချာလိုက်နာဖို့ အကြံ ပေးချင်ပါတယ်။ အခုခေတ်မှာ ဆေးတွေက ခေတ်မီလာပြီဖြစ်တဲ့အတွက် ကင်ဆာဖြစ်ရင်လည်း စိတ် အားမငယ်ပါနဲ့”ဟု အားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top