Healthy Life Ad
Life Style

ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ

ဒေါက်တာကျော်စွာဦး ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊ အထွေထွေရောဂါကု ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ ပတ်ဝန်းကျင်သန့်ရှင်းရေးက အလွန့်အလွန်အရေးကြီးပါတယ်။ ပတ်ဝန်းကျင် မသန့်ရှင်းဘူးဆိုရင် ကူးစက်ရောဂါတွေအပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ပေါ်မူတည်ပြီး တခြားသော ရောဂါတွေနဲ့လည်း ဆက်စပ်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပမာ ကိုယ့်အိမ်ရှေ့မှာ မြောင်းတွေ ပိတ်တယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ ရေတွေ ဝပ်နေတယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ အမှိုက်တွေပုံနေတယ်ဆိုရင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး စိတ်ပျော်ရွှင်မှုလည်း ရမှာမဟုတ်ဘူး။ ရောဂါဘယလည်း ရနိုင်ပါတယ်။

မေး။ ။ အမှိုက်တွေကြောင့် ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာ။
ဖြေ။ ။ အမှိုက်ပုံနားမှာ နေရရင် အမှိုက်နံ့တွေရှူရတဲ့ အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရနိုင်ပါတယ်။ အမှိုက်တွေရှိတော့ ခြင်ကိုက်မယ်၊ ယင်တွေပေါမယ်။ အဲဒီအခါ အစားအစာတွေကိုယင် တွေအုံပြီး မသန့်ရှင်းတာကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်နိုင်ပါတယ်။ အမှိုက်တွေကို ထိတွေ့မိရင် အရေပြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေဆိုရင် အမှိုက်တွေနား ဆော့ကစားပြီး လက်ကိုပါးစပ်ထဲထည့်မိရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်နိုင်တယ်၊ အသက်ရှူလမ်းကြောင်း ရောဂါ ဝေဒနာတွေဖြစ်နိုင်တယ်၊ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတွေလည်းဖြစ်နိုင်ပါတယ်။ အရေပြားရောဂါတွေလည်း ဖြစ်တတ်ပါတယ်။

ကိုယ့်အိမ်ကထွက်တဲ့ မီးခိုးကိုတတ်နိုင်သမျှ လျှော့ချနိုင်ရင်၊ ကိုယ့်အိမ်ကထွက်တဲ့ အမှိုက်ကို ကိုယ့် ဘာသာစနစ်တကျတာဝန်ယူမယ်ဆိုရင် ပတ်ဝန်းကျင် သန့်ရှင်းသွားမှာဖြစ်ပါတယ်။ လော်စပီကာဖွင့်တဲ့အခါ သူများနာခံနိုင်သလားဆိုတဲ့ ကိုယ်ချင်းစာတရားထားမယ်ဆိုရင် လူမှုရေးပြဿနာတွေ လျှော့နည်းသွားမှာ ဖြစ်ပါတယ်။ လူတိုင်းကျန်းမာရေးအသိမြင့်မားပြီး ကိုယ်ချင်းစာတရားနဲ့ ဆင်ခြင်တုံတရား မြင့်တက် လာမယ်ဆိုရင် ပတ်ဝန်းကျင်သန့်ရှင်းရေးကလည်း ကောင်းကောင်းထိန်းသိမ်းနိုင်မှာဖြစ်ပါတယ် . . .

မေး။ ။ ရေထုနဲ့ လေထုညစ်ညမ်းတာတွေကြောင့်ကော ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါသလဲ ဆရာ။
ဖြေ။ ။ အခုနောက်ပိုင်း ရေထု ညစ်ညမ်းတာ၊ လေထု ညစ်ညမ်းတာ၊ ဆူညံသံကြောင့် ဖြစ်တဲ့ ပြဿနာတွေ ကို ခံစားနေရတာ ကြာပါပြီ။ ဒါပေမဲ့ သုတေသန စစ်တမ်း သိပ်မလုပ်နိုင်သေးတဲ့အတွက် မသိကြတာပါ။ ရေထုညစ်ညမ်းရင် ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တယ်။ အာ ဆင်းနစ်ပါတဲ့ ရေတွေကို သောက်မိရင် ကျန်းမာရေး ပြဿနာတွေဖြစ်နိုင်သလို ထုံးပါတဲ့ ရေကို သောက်မိ ရင် ကျောက်တည်နိုင်ပါတယ်။
အမှိုက်တွေပုံထားတယ်၊ ပတ်ဝန်းကျင်က ညစ်ညမ်းနေတယ်ဆိုရင် လေထုညစ်ညမ်းပြီး အဲဒီက တစ်ဆင့် ရောဂါဘယတွေရနိုင်ပါတယ်။
အခုနောက်ပိုင်းမှာ လူဦးရေ ထူထပ်တာနဲ့အမျှ အသံဆူညံမှုဒဏ်တွေခံနေရပြီလေ။ ကားက ဆူညံ တာတစ်မျိုး၊ လော်စပီကာသံတွေ ဆူညံတာကတစ် မျိုးနဲ့ နားကျန်းမာရေးရော၊ တခြားကျန်းမာရေးတွေ ပါ ထိခိုက်လာတယ်၊ စိတ်လည်း ညစ်ညူးရပါတယ်။

မေး။ ။ ပတ်ဝန်းကျင် ညစ်ညမ်းမှုအန္တရာယ်တွေ လျော့ကျသွားစေဖို့ ဘယ်လိုလုပ်ဆောင်သင့်ပါသလဲဆရာ။
ဖြေ။ ။ လူတစ်ယောက်ချင်းစီက ကျန်းမာရေး အသိတွေ ရှိလာပြီဆိုရင် ဒီအန္တရာယ်တွေ လျော့သွားနိုင်ပါတယ်။ ကိုယ့်အိမ်ကထွက်တဲ့ မီးခိုးကို တတ်နိုင်သမျှ လျှော့ချနိုင်ရင်၊ ကိုယ့်အိမ်က ထွက်တဲ့ အမှိုက်ကို ကိုယ့်ဘာသာစနစ်တကျတာဝန်ယူမယ်ဆိုရင် ပတ်ဝန်းကျင် သန့်ရှင်းသွားမှာဖြစ်ပါတယ်။ လော်စပီကာ ဖွင့်တဲ့အခါ သူများနာခံနိုင်သလားဆိုတဲ့ ကိုယ်ချင်း စာတရားထားမယ်ဆိုရင် လူမှုရေးပြဿနာတွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ လူတိုင်း ကျန်းမာရေးအသိမြင့်မားပြီး ကိုယ်ချင်းစာတရားနဲ့ ဆင်ခြင်တုံတရား မြင့်တက်လာမယ်ဆိုရင် ပတ်ဝန်းကျင်သန့် ရှင်းရေးကလည်း ကောင်းကောင်းထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

မေး။ ။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုပြုပြင်ပေးဖို့ စစ်တမ်း တစ်ခုလေ့လာပြုစုဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒါ လေးနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။
ဖြေ။ ။ ဟုတ်ပါတယ်။ တောင်ဒဂုံ ဒါမှမဟုတ် လှိုင်သာယာလို နေရာမျိုးမှာ စစ်တမ်းလေးတစ်ခုကို ကျွန် တော်တို့ နဏြဗ ကျောင်းပြီးထားတဲ့ သူငယ်ချင်းငါးယောက်ပါဝင်တဲ့ Strength အဖွဲ့လေးက ဖေဖော်ဝါရီလမှာ ကောက်ယူဖို့စီစဉ်ထားပါတယ်။ အဓိကကတော့ ပြည်သူလူထုကို ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိအသိရှိသလဲ၊ ပတ်ဝန်းကျင်သန့်ရှင်းအောင် ဘယ်လိုလုပ်ဆောင်စေချင်သလဲ၊ အမှိုက်တွေကို ဘယ်လိုပစ်သင့်သလဲ စတာတွေကို မေးမြန်းသွားမှာပါ။ အဲဒီကရလာတဲ့ အချက်အလက်တွေကို ပြည်သူ့ရေးရာ မူဝါဒချမှတ်နိုင်တဲ့အထိ ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စစချင်းမှာ ကိုယ့်ငွေနဲ့ပဲ စိုက်ထုတ်လုပ် ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းထောက်ပံ့ပေးမယ့် အဖွဲ့တွေရှိလာရင် လက်တွဲဆောင်ရွက်သွားဖို့ ရှိပါတယ်။

မေး။ ။ ပတ်ဝန်းကျင်သန့်ရှင်းဖို့အတွက် အများပြည်သူကို ထပ်မံပြောကြားလိုတာရှိရင်သိပါရစေ ဆရာ။
ဖြေ။ ။ မိဘပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတအသိတွေကို လေ့လာလိုက်စားသင့်ပါတယ်။ ဖတ်ရှုလေ့လာရုံနဲ့ မပြီးဘဲ တကယ်ကျင့်ကြံလိုက်နာဖို့ကအရေးကြီးပါတယ်။ သိပေမယ့် မကျင့်ကြံတဲ့သူ တွေကများတော့ ကိုယ်တိုင်လည်းကျင့်ကြံပါ၊ တခြားသူတွေကိုလည်း ကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးပါ။ ဒီလိုကျန်းမာရေးအသိမြင့်တက်လာမယ်ဆိုရင်တော့ ပတ်ဝန်းကျင်သန့်ရှင်းရေးက ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
အစိုးရပိုင်းကလည်း နည်းဥပဒေတွေနဲ့ သေချာလုပ်ဆောင်ဖို့ လိုသလို ပြည်သူလူထုကလည်း ကိုယ်တတ်နိုင်သလောက် ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှု မရှိရင် လုပ်ငန်းတွေက ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။ အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေကို ပြည်သူ လူထုအားလုံးက လိုက်နာပြီး ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ဒါဆိုရင် ပတ်ဝန်းကျင်ညစ်ညမ်းတဲ့ ပြဿနာတွေက တဖြည်းဖြည်းနဲ့ ပြေလျော့သွားမယ်လို့ ထင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top